ထိန်းချုပ်မြို့တွေ ကနေ TNLA ဆုတ်ခွာပေးနေရမှုအပေါ် ဝေဖန်မှုတွေရှိလာ
“ပြဿနာက မြောက်ပိုင်းက TNLA တို့ ၊ ကိုးကန့်တို့ကို တရုတ်က ကြိုးတုပ်ပြီး ထိုးခိုင်းတာဖြစ်တာကိုး။ သူက ချုပ်ပေးပြီး စစ်တပ်ကို ထိုးခိုင်းတာ။ လွတ်လွတ်လပ်လပ် မထိုးရတော့ မြောက်ပိုင်းက အဖွဲ့တွေက ခံရတာပေါ့”-စစ်ရေးအကဲခတ်တဦး
စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေထဲက သီပေါမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်းချုပ်ထားတဲ့မြို့တွေကနေ TNLA ဆုတ်ခွာပေးနေမှုအပေါ် ဝေဖန်မှုတွေရှိလာပါတယ်။
TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာ နောင်ချိုမြို့ကို TNLA လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။ဒါအပြင် ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက် နဲ့ အောက်တိုဘာ ၁၇ ရက်မှာ သီပေါမြို့ကိုပါ ထပ်မံလက်လွတ်ခဲ့ရပါတယ်။
ဒါ့အပြင် TNLAထိန်းချုပ်ထားတဲ့ မြို့နယ်တွေကိုလည်း လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။ စစ်တပ်ဟာ သီပေါကို သိမ်းယူပြီးတဲ့နောက် နမ္မတူမြို့ကိုလည်း စစ်ကြောင်းထိုးနိုင်တယ်လို့ သတိပေးချက်တွေရှိနေပါတယ်။
ထိန်းချုပ်ထားတဲ့မြို့တွေကနေ ဆက်တိုက်ဆုတ်ခွာပေးနေရတဲ့ TNLAရဲ့ စစ်ရေးစွမ်းရည်အပေါ် ဒေသခံတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက မေးခွန်းထုတ်နေကြပါတယ်။
TNLA မှာတရုတ်ရဲ့ဖိအားရှိနေတဲ့အပြင် တဖက်မှာစစ်တပ်က တရုတ်ရဲ့ လက်နက်ခဲယမ်း၊ နည်းပညာ ၊ဒရုန်းစတဲ့ အကူအညီတွေရနေတာကြောင့် စစ်တပ်ထိုးစစ်ကို TNLA ခုခံဖို့ခက်ခဲနေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးလေ့လာသူတဦးကပြောပါတယ် ။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကတော့ “တရုတ်ကဖိအားပေးလို့ဆိုတာနဲ့တင်မလုံလောက်ပါဘူး။ ၁၀၂၇တုန်းကတမြို့ပြီးတစ်မြို့ဆက်တိုက်သိမ်းခဲ့တာလေ။ အခုကကျ ရေကုန်ရေခန်းမတိုက်ဘဲ ဆုတ်ခွာပေးနေတယ်။ ကြည့်လို့မကောင်းဘူး”လို့ ပြောပါတယ်။
“ဆုတ်မယ့် တူတူတော့ ဘာလို့တိုက်သေးလဲ။ အသက်ပေးသွားတဲ့ ရဲဘော်တွေကိုမှအားမနာ”လို့ပြည်သူတဦးကပြောပါတယ်။
အခြားပြည်သူတဦးကလည်း”ဆုတ်မနေနဲ့ မတိုက်ဘဲ ပြန်ပေးလိုက်ပါ။ အခုကျ စကစ က မိုတီရနေပြီ”လို့ မှတ်ချက်ပြုပါတယ် ။
စစ်အုပ်စုက သီပေါမြို့သိမ်းနိုင်ကြောင်းသတင်းထုတ်ပြန်ရာမှာ အော်တိုဘာ ၂ ရက်မှစ၍ ထိုးစစ်ဆင်ပြီး အောက်တိုဘာ ၁၆ ရက်ညနေမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ဆင်ရေးကာလအတွင်းမှာ တိုက်ပွဲကြီး ၇ ကြိမ် ၊ ထိတွေ့မှု ၂၁ ကြိမ် စုစုပေါင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
သီပေါ မြို့သိမ်းတိုက်ပွဲတွေကနေ ရုပ်အလောင်း၁၃ လောင်း နဲ့ လက်နက် ၇ လက်သာသိမ်းဆည်းရရှိတယ်လို့လည်းဖော်ပြထားပါတယ်။
TNLA ကဆုတ်ခွာချိန်မှာမြို့ပေါ်ကအဆောက်အအုံတွေကို မီးရှို့ခဲ့တယ်လို့လည်း စစ်တပ်ကစွပ်စွဲဖော်ပြထားတာတွေ့ရပါတယ် ။
TNLAကတော့ သူတို့အနေနဲ့ တရုတ်အစိုးရရဲ့ဖိအားကိုရင်ဆိုင်နေရပေမယ့် မြို့တွေလက်လွတ်ဆုံးရှုံးနေရတဲ့အပေါ် အဖြေရှာသွားမယ်လို့ ကျောက်မဲမြို့ကိုလက်လွှတ်ပြီးတဲ့နောက် ဖြေကြားခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ် အခုလို ပြန်ခေါင်းထောင်လာနိုင်တာဟာ တရုတ်ရဲ့ ကူညီပေးမှု၊ TNLA နဲ့ MNDAA တို့အပေါ် ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့်လည်း ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“ပြဿနာက မြောက်ပိုင်းက TNLA တို့ ၊ ကိုးကန့်တို့ကို တရုတ်က ကြိုးတုပ်ပြီး ထိုးခိုင်းတာဖြစ်တာကိုး။ သူက ချုပ်ပေးပြီး စစ်တပ်ကို ထိုးခိုင်းတာ။ လွတ်လွတ်လပ်လပ် မထိုးရတော့ မြောက်ပိုင်းက အဖွဲ့တွေက ခံရတာပေါ့” လို့ အဲဒီစစ်ရေးအကဲခတ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်ဖိအားကင်းလွတ်တဲ့ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ အလဲလဲအကွဲကွဲ အထိနာ ရှုံးဆုံးမှုများပြားနေတာ တွေ့ရတယ်လို့ စစ်ရေးလေ့လာသူတချို့က ပြောပါတယ်။
TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကြီးထဲမှာ ရှန်သန်ကျန်နေတဲ့သူတွေ အတွေးသစ်နဲ့ ဗျူဟာချဲ့ လုပ်ကြတာပေါ့လို့ အောက်တိုဘာ ၁၁ ရက် မှာ သူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။
“စစ်…..ကြမ်းတမ်း ရိုင်းစိုင်းတဲ့ ဒီစစ်ကြီးထဲမှာ …မသေသေးပဲ ရှင်သန်ကျန်နေတဲ့ တို့တတွေ အားမွေး … အတွေးသစ်နဲ့ဗျူဟာတွေထပ်ချဲ့ကြတာပေါ့…ငါတို့က တော်လှန်ရေးကိုရွေးတော့ တော်လှန်ရေးက ငါတို့တွေကို ပြန်ရွေးချယ်တာလေ..’” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ရေးသားထားတာပါ။ အဲဒီလိုရေးသားပြီး ၆ ရက်အကြာမှာ TNLA ကသီပေါမြို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ် ။
ရှမ်းမြောက်အရေးလေ့လာသူတဦးကတော့ စစ်ကောင်စီဟာ အခုလောလောဆယ် TNLAကိုဖိပြီးထိုးစစ်ဆင်နေတာ ဖြစ်ပေမယ့် ရှမ်းမြောက်အခြေစိုက်တပ်တွေ ဖြစ်တဲ့ TNLA၊ SSPP၊ KIA၊ MNDAA တို့အကြား ညီညွတ်မှုမရှိရင်၊ အတူတကွ စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု မရှိရင် နောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ရေးဖိအားကို အဖွဲ့အားလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့ သုံးသပ်ပြောကြားပါတယ်။
ဒါကြောင့် တော်လှန်ရေးတပ်တွေချင်းပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်သင့်တယ်လို့အကြံပြုပါတယ် ။
ဒါ့အပြင် သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ထုတ်ပြန်ပါတယ်။ နမ္မတူချောင်းပေါ်ရှိ မိုးတေတံတားဟာ အောက်တိုဘာ ၁၇ရက် မနေ့ညပိုင်း (၈)နာရီကျော်အချိန်က မိုင်းခွဲဖျက်ဆီးခံရပြီး တံတားရဲ့အလယ်နေရာကျိုးကျပျက်ဆီးသွားတာလို့ ဆိုပါတယ်။ပေါက်ကွဲရတဲ့အကြောင်းအရင်းကိုတော့ ဖော်ပြမထားပါဘူး။
လက်ရှိမှာ ချောင်းကိုဖြတ်ကူးနိုင်ရေးအတွက် TNLA တပ်ဖွဲ့ဝင်တွေက စက်လှေပို့ဆောင်ပေးနေတယ်လို့ SSPP က ဆိုပါတယ်။
ဒါအပြင် စစ်တပ်က အောက်တိုဘာ ၁၇ ရက် ညသန်းခေါင် ၁၂ နာရီ ၇ မိနစ် နဲ့ ၁၂ နာရီ ၃၇ မိနစ်မှာ သီပေါမြို့အပြင်မှာရှိတဲ့ ခမရ(၅၀၃) ၊ ခမရ(၅၀၄)
တို့ဘက်ကို အင်အားပြင်းတဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ် ။
(TNLA တပ်ဖွဲ့ဝင်တွေ ။ဓါတ်ပုံ-TNLA)


Leave a Reply