ကြံ့ဖွတ်မှ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း အပါအဝင် အစိုးရအဖွဲ့ ရာထူးယူထားသူများ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲ ဝင်ကြမည်

ကြံ့ဖွတ်မှ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း အပါအဝင် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့များတွင် ရာထူးရယူထားသူများမှာ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံးရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်တပ်နှင့်အရပ်ဘက်အရာရှိများဖြစ်ကြသည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့ အပါ အဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့က ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် အရပ်ဘက်ရာထူးတာဝန်များမှ အနားယူခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေမှာလက်ရှိ တာဝန်ယူထားတဲ့ သူတွေက ရာထူးတာဝန်တွေမှာပဲ ဆက်လက် တာဝန်ထမ်းဆောင်ရင်းပဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲဝင်ကြမယ်လို့ ပါတီရဲ့ အောင်နိုင်ရေး အစည်းအဝေးတွေမှာ အသိပေးလာပြီ။ အဲဒါကြောင့် အစိုးရအဖွဲ့ တာဝန်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ကိုယ်စားလှယ်လောင်းအတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တာဝန်ရှိသူတွေက အောင်နိုင်ရေးကို ပိုပြီး အားစိုက်ကြိုးစားပေးကြဖို့ အသိပေးတိုက်တွန်းတယ်ဆိုပြီး ပါတီဝင်တွေကို လမ်းညွှန်ပါတယ်။ အောင်နိုင်ရေးအတွက် အခြေခံ ရပ်/ကျေးက စပြီး မြို့နယ်၊ ခရိုင်အားလုံး ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့ စာလည်း ထွက်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ် တာဝန်ယူထားသော ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားသော မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လည်းကောင်း ၊ သမ္မတရုံးဝန်ကြီး တာဝန်ယူထားသော တင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ပဲခူးမြို့မဲဆန္ဒနယ်မှလည်းကောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ကချင်ပြည်နယ်လွှတ်တော်အတွက် မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှလည်းကောင်း အခြားသော ပြည်နယ်/တိုင်းဝန်ကြီးများမှာလည်း လက်ရှိ ရာထူးတာဝန်များဖြင့်ပင် မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီမှတစ်ဆင့် အရပ်ဘက်နှင့်စစ်ဘက်မှ အရာရှိကြီးများမှာ မဲဆွယ်စည်းရုံးရေးအတွက် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့၊ ကိုယ်ပိုင်မဲဆွယ်စည်းရုံးရေးအဖွဲ့၊ ကိုယ်ပိုင်ရုံးအဖွဲ့များဖြင့် ရွေးကောက်ပွဲဝင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


Leave a Reply