လှိုင်သာယာ ဗိုလ်ချုပ်လမ်းက ကလေးချီလျက်ဖြင့် နှိပ်စက်ခံရသောအမျိုးသမီးကြီးနှင့် ဆိုင်ပိုင်ရှင်တို့ ကြေအေးဟုဆို
လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် အထည်ဆိုင်တစ်ဆိုင်မှ ခိုးယူသူဟုဆိုကာ ကလေးချီထားသောအမျိုးသမီးကို နှိပ်စက်နေသော ဖြစ်ရပ်မှ ပါဝင်သူများကို ရဲစခန်းမှခေါ်ယူစစ်ဆေးခဲ့သလို ယမန်နေ့(အောက်တိုဘာ ၂၂)နေ့က ထပ်မံ၍ ခိုးယူသူဟု စွပ်စွဲခံရသူကိုလည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ကဖြစ်ခဲ့သည်ဟုဆိုကြပြီး လူသုံးပစ္စည်းမျိုးစုံရောင်းချရာ အထည်နှင့်စတိုးဆိုင်အတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးမှ အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်ကိုချီ၍ စတီးဇလုံကိုယူစဉ် ဆိုင်ရှင်မှဖမ်းဆီးရမိပြီးနောက် ရိုက်နှက်နှိပ်စက်မှုများကိုပါ ပြုလုပ်၍ ဆိုင်အရှေ့ဓာတ်တိုင်တွင် ကလေးရောလူကြီးပါကြိုးတုပ်နေပူလှန်းခဲ့ဖြစ်ရပ်ကို ဆိုင်ရှင်က ဗီဒီယိုရိုက်၍ လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့ရာမှ ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်ပါတယ်။
ထိုဗီဒီယိုတွင် ကလေးချီထားသောအမျိုးသမီးကြီးကို ဆိုင်ရှင်ဖြစ်သူအမျိုးသမီးက “သူခိုးမပါဗျို့၊ ဒီမှာသေချာကြည့်ထား၊ ငါ့ရပ်ကွက်ထဲ လာခိုးတဲ့သူခိုးမ၊ လွန်လွန်းအားကြီးတယ်။ တစ်ခါလာလည်း ခိုးတယ်၊ နှစ်ခါလာလည်းခိုးတယ်၊ ကလေးအကြောင်းပြပြီး လာခိုးတာ၊ ပိုက်ဆံလျော်နိုင်ရင်လျော် မလျော်နိုင်ရင် ရဲစခန်းထဲတစ်ခါထဲထည့်ပစ်မှာ၊ငါ့ဆိုင်က ပစ္စည်းခိုးသွားတယ်မို့လား ပြန်လိုချင်တယ်။ ငါ့ကိုများ ဘာမှတ်နေလဲ”ဟုဆို၍ TikTok လူမှုကွန်ရက်ပေါ်မှဗီဒီယိုဖိုင်ကို ဖော်ပြလာခြင်းလည်းဖြစ်တယ်။
ဖမ်းဆီးရမိသည့်သူခိုးကို လုပ်ထုံးလုပ်နည်းအရ ရဲလက်အပ်ရမည့်အစား ယခုလိုညှင်းပန်းနှိပ်စက်သည့်အပြင် အတူပါလာသော ကလေးငယ်ကိုပါ တွန်းထိုးခြင်း၊ လူကြီးဖြစ်သူနှင့်အတူဓာတ်တိုင်တွင်ကြိုးချည်၍ နေပူလှန်းခြင်းများကို လုပ်ဆောင်သည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူအများစုက ကန့်ကွက်ကာဝေဖန်ခဲ့ကြရင်း ပျံ့နှံ့ခဲ့ပါတယ်။
ဗီဒီယိုအတွင်းနှိပ်စက်သော ဆိုင်ရှင်ဖြစ်သူနှင့် ကြိုးတုပ်သူ၊ ဗီဒီယိုရိုက်တင်သောသူတို့ကိုလည်းကောင်း၊ ပစ္စည်းခိုးယူကြောင်း စွပ်စွဲနှိပ်စက်ခံရသည့် အမျိုးသမီးကြီးကိုလည်းကောင်း လှိုင်သာယာရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးခဲ့ပါတယ်။
“သူခိုးအဖြစ်စွပ်စွဲနှိပ်စက်ခံရသူ အမျိုးသမီးကြီးနှင့် ကလေးငယ်က ဘာမှမတော်စပ်ပါဘူး။ အမျိုးသမီးကြီးရဲ့ချွေးမက နောက်အိမ်ထောင်နဲ့ရထားတဲ့ကလေးပါ။ သူ့သားသေသွားတော့ ချွေးမက နောက်အိမ်ထောင်ပြုတယ်။ ကလေးမွေးတော့ သူ့သား ပြန်ဝင်စားတာဟု ချစ်စိတ်နဲ့ထိန်ပေးသူပါ။ ကလေးအမေက ရွှေပြည်သာမြို့နယ်၊ လှော်ကားစျေးမှာ ဟင်းသီးဟင်းရွက် ရောင်းချသူပါ။ သူ့စျေးရောင်းရင် ကလေးကို အမျိုးသမီးကြီးထံ အပ်နှံ့ထားတယ်။ အမျိုးသမီးကြီးက ရွှေပြည်သူထဲ အဝတ်လျော်တဲ့အလုပ်လုပ်တယ်။ စားဝတ်နေရေးအတွက် မလောက်ငှာလို့ အလှူခံတာ ထင်ပါတယ်”ဟု ရွှေပြည်သာဒေသခံများက ပြောပါတယ်။
“အမျိုးသမီးကြီးကို သူခိုးဟုစွပ်စွဲတာက စိတ်ဝင်စားစရာပါ။ သူ့တို့ဆိုင်မှာ CCTV ရှိတယ်။ တကယ့်ခိုးရင် ခိုးနေတဲ့ CCTV ဖိုင် ဖော်ပြရမှာပဲ။ ယခင်လဲ ခိုးဖူးတာ CCTV ထဲက သိရတယ်ဆိုတော့ အပြောပဲရှိပြီး ထုတ်ပြတာ မရှိဘူး။ သတင်းမီဒီယာသမားတွေကိုလဲ ထုတ်ပြတာ မတွေ့မြင်ရဘူး”ဟု ၎င်းဖြစ်စဥ်နှင့်ပတ်သတ်၍ အခင်းဖြစ်ရပ်ကွက် ဒေသခံများက သုံးသပ်ပြောဆိုကြပါတယ်။
ဆိုင်ရှင်ဖြစ်သူနှင့် ကြိုးတုပ်သူ၊ ဗီဒီယိုရိုက်တင်သောသူတို့နှင့် ပစ္စည်းခိုးယူကြောင်း စွပ်စွဲနှိပ်စက်ခံရသည့် အမျိုးသမီးကြီးတို့ကို အမှုပိတ်ပြီး ကြေအေးပေးလိုက်ပြီ။ ခိုးသူဟု စွပ်စွဲခံရတဲ့ အမျိုးသမီးကြီးက သူ့ယောကျ်ားအလုပ်ပြုတ်ပြီး နေ့ပြန်တိုး မပေးနိုင်တာနဲ့ အကြံမရှိ လုပ်မိတာဟု ပြောတယ်။ ဆိုင်ရှင်ဖက်လဲ အဖြစ်အမှန်သိလို့ ကြေအေးပေးလိုက်တယ်။ လှိုင်သာယာမြို့နယ်မှ ရဲနှင့်နီးစပ်တို့မှ ပြောဆိုတဲ့အတွက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းကို အတည်ပြုနိုင်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရှိခဲ့သည့်အတွက် အတည်မပြုနိုင်သေးပေ။


Leave a Reply