(စစ်တပ်က နတ်ရေကန်ကိုကာကွယ်ရန်ထက် ပိတ်မိနေသည့်စစ်သားများကိုကယ်ထုတ်ရန် ကြိုးစားလာ)

ဝိုင်းရံပိတ်ဆို့ခံထားရသည့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းမှ စစ်သားများကိုကယ်ထုတ်ရန်အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း၂ကြောင်းခွဲပြီး ချီတက်လာရာ လမ်းဟောင်းဖက်က ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ပဇီကျေးရွာနားအရောက်တွင် အာရက္ခတပ်တော်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာမှ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု သတင်းရရှိသည်။

အောက်တိုဘာ၂၈ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်စခန်းသို့ လမ်းဟောင်း၊လမ်းသစ်နှစ်ခုကို အသုံးပြုပြီး စစ်တပ်စစ်ကြောင်း၂ ကြောင်းခွဲကာ ထိုးစစ်ဆင်လာခဲ့သည်ဟု သိရသည်။

ထိုသို့ ထိုးစစ်ဆင်လာရာ ကပစ(၁၄) နှင့် ဇင်ပြွန်းရွာစခန်းတို့မှ လမ်းဟောင်းအတိုင်း ပထမစစ်ကြောင်းမှ အင်အား၂၀၀ခန့် ထိုးစစ်ဆင်လာကြောင်း၊ တချိန်တည်းတွင်ပင်အင်အား၁၀၀ကျော်ခန့်ပါသော စစ်ကြောင်းတစ်ကြောင်းကလည်း ရှေ့ဆင့်နောက်ဆင့် လမ်းသစ်ဘက်က ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပထမစစ်ကြောင်းနှင့် AA တို့သည်ပဇီကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကြပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ကပစ (၁၄) ဖက်ကတက်လာတာပါ။ ပထမစစ်ကြောင်း၂၀၀ ခန့်တော့ ရှိမယ်။ ပဇီရွာနားမှာ အကုန်ကျသွားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်ပါတယ်။ လက်နက်တွေအလောင်းတွေ ကိုယ့်ဘက်ကတော်တော်များ သိမ်းမိပါတယ်။ နောက်စစ်ကြောင်းတစ်ကြောင်းက ပတ်ဝန်းကျင်မှာ ရှိနေသေးတယ်” ဟုပြောသည်။

ထိုသို့စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသဖြင့် အကြမ်းဖက်မြန်မာလေတပ်က တိုက်လေယာဉ်ဖြင့် ပဇီရွာကိုဗုံးအကြိမ်ကြိမ် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

၎င်းက“ ခုလိုအကျအဆုံးများသွားတော့ စစ်တပ်ကပဇီကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊Y12 တို့နဲ့ဒီကနေ့တစ်ရက်တည်းမှာ အကြိမ်ရေ ၃၀ ထက် မနည်းလာရောက်ဗုံးကြဲခဲ့ပါတယ်။ ကျေးရွာတစ်ခုလုံး ကိုင်ပြစရာမကျန်တော့လောင်အောင်ကို ကြဲတာပါ” ဟု ပြောကြားသည်။

အာရက္ခတပ်တော်(AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့ခံထားရသည့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းကို စစ်တပ်ကကာကွယ်နိုင်ရန်အခြေအနေမရှိတော့ရာမှ ယခုတက်လာသော စစ်ကြောင်းများသည်၎င်းနတ်ရေကန်စခန်းအားကာကွယ်ရန် ထက်ပိတ်မိနေသည့်စစ်သားများကို ကယ်ထုတ်ရန် ကြိုးစားလာခြင်း ဖြစ်နိုင်သည်ဟု နောက်ထပ်စစ်ရေး ရင်းမြစ်တစ်ဦးက ပြောကြားသည်။

“သူတို့စစ်တပ်ကနတ်ရေကန်တောင်မှာအင်အားအများအပြားနဲ့ရက်ရှည်နေထိုင်ပြီး ဒီစခန်းကိုကာကွယ်ထားဖို့ဆိုတာ လုံး၀မဖြစ်နိုင်တော့ဘူး။ အေအေက ရိက္ခာပို့လို့ရတဲ့ထောက်ပို့ လမ်းကြောင်းကို အကုန်ပိတ်ဆို့ ဖြတ်တောက်ထားတာ။ အခုလည်းရိက္ခာအပါအဝင် ရေကအစပြတ်နေပြီ။ ဒီအတွက်ဒီနေ့လည်း လေကြောင်းကနေ လေထီးတွေနဲ့ ရိက္ခာတွေလာချပေးရတယ်။ ဒီလိုလေကြောင်းကနေ ချပေးနေတဲ့ ရိက္ခာလောက်နဲ့တော့ အင်အားအများအပြား ရေရှည်နေထိုင်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး။ ဒီတော့ကျွန်တော်သုံးသပ်တာကတော့ အခုလမ်းဟောင်း၊ လမ်းသစ်ကတက်လာတဲ့ စစ်ကြောင်းတွေဟာ နတ်ရေကန်ဗျူဟာကိုကာကွယ်ဖို့ထက် ပိတ်မိတဲ့နေတဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ကြိုးစားတာလို့ သုံးသပ်ရပါတယ်”ဟု ပြောကြားသည်။

နတ်ရေကန်တောင်တွင်အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်များရိပ်က္ခာပြတ်လတ်နေပြီးယနေ့နေ့လယ်အချိန်ခန့်တွင်Y12 ၊Y8 တို့ဖြင့်လာရောက်ပို့ဆောင်ခဲ့စဉ်ကင်းထောက်လေယာဉ်တစ်စီးကကင်းထောက်ပျံသန်းကာဂျက်ဖိုက်တာတစ်စီးကအနီးအနားနေရာများကိုဗုံးများကြဲချခဲ့သည်ဟုသိရသည်။

“နေ့လယ်ဖက်ကလေကြောင်းကနေရိက္ခာလာပို့တယ်အကုန်သူတို့စခန်းထဲကိုကျသွားတယ်။ နောက်လေယာဉ်တစ်စီးကပတ်ဝန်းကျင်ကိုဗုံးကြဲပေးတယ်။ကျန်တစ်စီးကတော့ကင်းထောက်ပျံသန်းနေခဲ့တယ်”ဟုဆိုသည်။

လက်ရှိနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို AA ကဝိုင်းဝန်းပိတ်ဆို့ထားပြီးလက်နက်ကြီးများဖြင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေသလို ဂုတ်ကြီးကျေးရွာလမ်းသစ်နင့်ပဇီကျေးရွာလမ်းဟောင်းတို့တွင်နှစ်ဖက်တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည်ဟုသိရသည်။

အာရက္ခတပ်တော်၏အောက်တိုဘာ၁၇ရက်နေ့စွဲဖြင့်ထုတ်ပြန်ချက်အထဲတွင်လည်းဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏နတ်ရေကန်ဗျူဟာကုန်းရှိအနည်းငယ်သောလက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသကဲ့သို့ကစဉ့်ကလျားထွက်ပြေးနေကြသောစစ်တပ်တပ်ဖွဲ့ဝင်အချို့နှင့်မိမိတို့သည်နေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုဖော်ပြထားသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားနေရာအချို့သောနေရာများ၌ စစ်တပ်တပ်ဖွဲ့အချို့သည် AA ထံတွင်အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက်ရှိကြသကဲ့သို့ အချို့ကို တိုက်ပွဲအတွင်းလက်ရဖမ်းဆီးမိထားသည်ဟုလည်း ဖော်ပြသည်။

အာရက္ခတပ်တော်အနေဖြင့်အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကိုစစ်သုံ့ပန်းဥပဒေနှင့်အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားလျက်ရှိကြောင်း၊ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏မတရားသဖြင့်စစ်မှုထမ်းရန်စုဆောင်းခြင်းခံရသောသူများအနေဖြင့် အာရက္ခတပ်တော်နှင့်အနီးဆုံးနေရာများသို့ဆက်သွယ်၍ အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ပါကြောင်း စသဖြင့်အသိပေးအပ်ပါကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *