ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

ဗေဒင်ဆရာမနဲ့ တရုတ်ရိုးရာ ဖုန်းရွှေ အခါပေး ဆရာမ သားအမိ နှစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး ဩစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ဩစတြေးလျ နိုင်ငံကို ရောက်နေပြီး အကာအကွယ် နည်းပါးတဲ့ ဗီယက်နမ် နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ပတ်သက်ထားတဲ့ လိမ်လည်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးလောက်ထိ များပြားနိုင်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဆစ်ဒနီမှာရှိတဲ့ ဒိုဗာဟိုက်ဂ်စ် ဆင်ခြေဖုံး ရပ်ကွက်မှာ အသက် ၅၃ နှစ်အရွယ် မိခင်နဲ့ ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ဆန်းသစ်တဲ့ နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ အဆက်အနွှယ်တွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ဗေဒင်ဆရာမဖြစ်တဲ့ မိခင်က သူအယုံသွင်းထားတဲ့ ပစ်မှတ်တွေကို ချေးငွေတွေ ထုတ်ယူဖို့ ခိုင်းစေပြီး သူ့အတွက် ဝေစုကို ခွဲယူထားပါတယ်။ သူက သူတို့တွေရဲ့ အနာဂတ်မှာ ဘီလီယံနာ တစ်ဦးဆီက အကူအညီတွေ ရောက်ရှိလာမယ် ဆိုတာကို မြင်နေကြောင်း လှည့်စား ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဆစ်ဒနီ တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားတာကြောင့် သူ့ကို အာမခံခွင့် မပေးခဲ့ဘဲ သမီးဖြစ်သူကိုတော့ ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မိခင်ဖြစ်သူ ဗေဒင်ဆရာမဟာ မရိုးမသား ငွေကြေးရယူမှု၊ ဒုစရိုက်ဂိုဏ်း တစ်ခုနဲ့ ပတ်သက် စပ်ယှက်မှုတွေ အပါအဝင် စွဲချက် ၃၉ ခုနဲ့ ရင်ဆိုင်နေရပါတယ်။ သမီးဖြစ်သူကတော့ ရာဇဝတ်မှုတွေမှာ စိစစ်မှု မရှိဘဲ ရောနှောပါဝင်ခဲ့တယ် ဆိုတာရယ်၊ ဒုစရိုက်ဂိုဏ်းနဲ့ အချိတ်အဆက်ရှိတယ် ဆိုတာရယ် အပါအဝင် စွဲချက် ၇ ခု အတင်ခံထားရပါတယ်။
သားအမိ နှစ်ယောက်ရဲ့ ဇိမ်ခံအိမ်ကို ရဲတွေက မနက်အစောပိုင်း ဝင်ရောက် စီးနင်းခဲ့တဲ့အခါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ မိုဘိုင်းဖုန်းတွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ အမေရိကန်ဒေါ်လာ ၆၅၀၀ လောက်တန်တဲ့ ရွှေချောင်းတစ်ချောင်းအပြင် ကာစီနိုချစ်ပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲတွေရဲ့ အဆိုအရ မိခင်ဖြစ်သူဟာ ဗေဒင်ဆရာမ တစ်ဦးအနေနဲ့ သူ့အသိုက်အဝန်းထဲမှာ လူအများ လေးစား ယုံကြည်တာကို ခံခဲ့ရကြောင်း၊ တချို့ဆိုရင် ငွေရေးကြေးရေး ကိစ္စတွေထိ သူ့ကို ယုံယုံကြည်ကြည် ရင်ဖွင့် တိုင်ပင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီအခါ သူက ငွေတွေချေးယူဖို့ တိုက်တွန်းပြီး ဘီလီယံနာ တစ်ယောက်ယောက်က အဲဒီအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်လို့ အာမခံပါတယ်။ ပြီးတော့ အကြံပေးခ ဝေစုတွေ အများအပြား တောင်းယူလေ့ ရှိပါတယ်။
ဩစတြေးလျ ရဲတပ်ဖွဲ့ဟာ ဗေဒင်ဆရာမနဲ့ သမီးဖြစ်သူရဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်လောက် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲ့ပါတယ်။ မနှစ်က စတင်တဲ့ ကျားဖြန့် နှိမ်နင်းရေး စုံစမ်းမှုတွေအတွင်း သူတို့နဲ့ ဆက်စပ်တဲ့ ငွေလိမ်ဂိုဏ်းဆီက အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ ငွေကြေးတွေကို သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။
အဲဒီဂိုဏ်းဟာ တကယ်မရှိတဲ့ ဇိမ်ခံကားတွေကို ဝယ်ယူတယ် ဆိုတာမျိုး မှတ်တမ်းအတုတွေ ဖန်တီးပြီး ငွေကြေး ခဝါချမှုတွေကို ကျူးလွန်နေခဲ့တာပါ။ ပြီးတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး မရိုးမသား ချေးငွေရယူတဲ့ ကိစ္စတွေမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျ ရဲတပ်ဖွဲ့ကတော့ အဲဒီအဖွဲ့ဟာ ခေတ်ရှေ့အပြေးဆုံး လူလိမ်တွေလို့တောင် မှတ်ချက်ပေးခဲ့ဖူးပါတယ်။
နောက်ပြီး အကျင့်ပျက် ဘဏ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းရင်း နိုင်ငံရဲ့ အထင်ကရ ဘဏ်ကြီးတွေကို ပစ်မှတ်ထား လိမ်လည်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆစ်ဒနီမှာ အဲဒီဂိုဏ်းက ဒေါ်လာ ၁၆၄ သန်းလောက်ထိ တန်ဖိုးရှိတဲ့ အိမ်ခြံမြေအပါအဝင် ပိုင်ဆိုင်မှုတွေ ဝယ်ယူဖို့အတွက် ခိုးယူထားတဲ့ ကိုယ်ရေး အချက်အလက်တွေကို အသုံးပြုပြီး ငွေချေးခဲ့ပြီး ကြံရာပါ ဝန်ထမ်းတွေက ဖြစ်မြောက်အောင် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ လူပေါင်း တစ်ဒါဇင်ထက် မနည်းကို ဖမ်းဆီးထားပြီး ဖြစ်သလို နောက်ထပ်လည်း ကွင်းဆက် ပါဝင်သူတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – NSW police

Leave a Reply