အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ

စပါးအုံးကြီးက ဖွင့်ပေးခဲ့သော အနာဂတ် – Hall of Fame အောင်လအင်ဆန်နှင့် မြန်မာ့တိုက်ခိုက်ရေးမျိုးဆက်သစ်များ

လွန်ခဲ့သည့် ရှစ်နှစ်ကျော် သက္ကရာဇ်တချို့ကို သတိရမိသည်။ အတိအကျပြောရမည်ဆိုလျှင် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်သည်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦး ရုတ်တရက် မူးလဲ ဆုံးပါးသွားခဲ့သည်။

အကြောင်းမှာ “မြန်မာ့စပါးအုံး The Burmese Phyton” ဟု လူအများသိကြသည့် အောင်လအင်ဆန်က ရုရှားနိုင်ငံသား Vitaly Bigdash ကို အနိုင်ရကာ ဝမ်းချန်ပီယံရှစ် MMA သိုင်းပေါင်းစုံMiddleweight ဝိတ်တန်း၌ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့် ပွဲစဥ်ကို ကြည့်ရင်း စိတ်လှုပ်ရှားကာ ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“A New Middleweight world Champion” ဟုကြေညာသူ၏အသံနှင့်အတူ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတစ်ခုလုံး “လက်ခုပ်သံများတဖြောင်းဖြာင်း….အောင်လ…အောင်လ…မြန်မာ…မြန်မာ….” ဆိုသည့်အားပေးသံများ တပြိုင်နက်ရောပြွန်းကာ ခန်းမတစ်ခုလုံးညံသွားသည်။

ဝမ်းချန်ပီယံရှစ် MMA သိုင်းပေါင်းစုံ Middleweight ဝိတ်တန်း၏ကမ္ဘာ့ချန်ပီယံကိုကြေညာပြီးချိန် အောင်လအင်ဆန်ကို ကြေညာသူက “How do you feel? ဘယ်လိုခံစားရလဲ”ဟုတစ်ခွန်းတည်း ခပ်ပြတ်ပြတ်မေးလိုက်သည်။

“အားလုံးကိုအရမ်းကျေးဇူးတင်တယ်။ I cannot do this without God, I cannot do this without my teammate, I cannot do this without you, Myanmar” ဟုကြေညာသူမေးသည့် မေးခွန်းကို အောင်လဖြေဆိုချိန် အဆိုပါပွဲစဥ်ကိုကြည့်ရှုခဲ့သည့် မြန်မာ့ MMA ပရိသတ်များ ကြက်သည်း တဖြန်းဖြန်းထခဲ့သည်မဟုတ်လား။ ဤအဖြစ်အပျက်များဖြစ်ပျက်သွားခဲ့သည်မှာ ၈ နှစ်ကျော်ကြာခဲ့လေပြီ။

One Championship ကမူ မြန်မာ့စပါးအုံး၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့်အောင်မြင်မှုကို “အောင်လအင်ဆန်၏ သမိုင်းဝင်မိန့်ခွန်း” ဟုဆိုကာ အဆိုပါထိုးပွဲအစအဆုံးကို ယူကျု့ခ်တွင် ဂုဏ်ပြုမှတ်တမ်းတင်ထားသည်။

လူတစ်ဦးကိုသေဆုံးသွားစေနိုင်သည့် ရင်ခုန်စိတ်လှုပ်ရှားမှုမျိုး၊ လူတစ်ဦးကိုမျက်ရည်ဝဲလောက်သည်အထိ ကြက်သည်းများ တဖြန်းဖြန်းထစေနိုင်ခဲ့သူ “မြန်မာ့စပါးအုံး အောင်လအင်ဆန်” တစ်ယောက် ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလ ၄ ရက်နေ့မှာပဲသူ့ရဲ့ MMA ကစားသမားဘဝနောက်ဆုံးပွဲကိုအနိုင်ရလဒ်ဖြင့်နှုတ်ဆက်ခဲ့ပြီဖြစ်သည်။

အောင်လ၏အောင်မြင်မှုသည် Middleweight ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ်နှင့်သာ ရပ်မသွားပေ။ ၂၀၁၈ ခုနှစ်တွင် Alexandro Machado ကို အလဲထိုးဖြင့်အနိုင်ယူ ကာ One Light Heavyweight MMA ဝိတ်တန်း ၏ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြန်သည်။

အောင်လအင်ဆန်၏ အောင်မြင်မှုသည် သူ့အတွက်သက်သက်မဟုတ်ခဲ့ပါ။ မြန်မာ့သမိုင်းတွင်ပါ ပထမဆုံး MMAသိုင်းပေါင်းစုံ ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံတစ်ဦး အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်တွင် ပြုလုပ်သည့် World MMA Awards အဖွဲ့မှ ပေးအပ်သည့် တစ်နှစ်တာအတွင်းနိုင်ငံတကာမှာအကောင်း ဆုံးဖိုက်တာဆုကိုရရှိခဲ့သေးသည်။

အဆိုပါကာလများတွင် One Championship တွင် ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်လ အပြင်တစ်ဦးသာရှိခဲ့သည် ဟုမှတ်တမ်းများအရသိရသည်။

ဒါ့အပြင် အောင်လအင်ဆန်၏အောင်မြင်မှုသည် တိုက်ခိုက်ရေးအားကစားကို ဝါသနာပါသည့် မြန်မာနိုင်ငံက မျိုးဆက်သစ်များ အတွက်မူ မျိုးစေ့ကြဲ လမ်းသစ်ဖောက်ခဲ့ သူဟုဆိုရမည်။

အာဏာရှင် အဆက်ဆက်ကြောင့် အလုပ်အကိုင်အခွင့်လမ်းရှားပါးသည့် မြန်မာပြည်တွင် အောင်လအင်ဆန်အားဖြင့် ယနေ့ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာလူငယ်တိုက်ခိုက်ရေးကစားသမားသစ်များစွာ အသက်မွေးဝမ်းကျောင်းခွင့်ရနေကြသည်။

“ကျနော်တို့ရဲ့လာမယ့် မြန်မာဖိုက်တာတွေကိုအားပေးပါ တိုက်တွန်းပါ။ ကျနော့ကိုချစ်ခဲ့သလို သူတို့ကိုလည်းအားပေးပါ။ ချစ်ပါ လေးစားပါလို့တိုက်တွန်းချင်တယ်။” မျိုးဆက်သစ်မြန်မာဖိုက်တာများကိုလည်း သူ့ကိုအားပေးခဲ့သည့်နည်းတူ အမြဲအားပေးဖို့ အောင်လက သူ့ကစားသမားဘဝ နောက်ဆုံးပွဲမတိုင်ခင် BBC နှင့်သီးသန့်အင်တာဗျူးမှတစ်ဆင့် တိုက်တွန်းခဲ့သည်။

Nsang Awng La ငယ်ဘဝနှင့် MMA ကစားသမားဘဝ

အောင်လသည် ကချင်မျိုးနွယ်စု ၆ မျိုးထဲမှ ဂျိန်ဖော့ Jinghpaw လူမျိုးဖြစ်သည်။ Awng ဆိုသည်မှာ မြန်မာလို “အောင်မြင်မှု” ဟုအဓိပ္ပာယ်ရပြီး “La” ဆိုသည်မှာ တတိယမြောက်သားကိုဆိုလိုခြင်းဖြစ်သည်။ Nsang မျိုးရိုးနာမည်ဖြစ်သည်။

အောင်လကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် ကျောက်ကုန်သည် ဦးအင်ဆန်တူးအောင် နှင့် ဒေါ်ရှဒန်နန်ဘူ တို့မှ ၁၉၈၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။

ငယ်စဥ်ဘဝ အတန်းပညာကို ရန်ကုန်နိုင်ငံတကာကျောင်းတစ်ခုတွင် တက်ရောက်သင်ယူခဲ့ပြီး ၂၀၀၃ ခုနှစ် ၁၈ နှစ်သားအရွယ်တွင် အမေရိကားသို့ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး အမေရိကားတွင် စိုက်ပျိုးရေးသိပ္ပံအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

ဘွဲ့ရပြီးနောက်ပိုင်းတွင် ပျားမွေးမြူရေးလုပ်ငန်းတွင်အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် MMA ကစားသမားဘဝကိုခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

“အရမ်းခက်ခဲခဲ့တယ်။ ပိုက်ဆံလည်းသိပ်မရဘူး။ အမေရိကန်မှာဆို လူဆင်းရဲစာရင်းတောင်ဝင်ခဲ့တယ်။ ရှိတာလေးနဲ့ ဖြစ်အောင် နေခဲ့ရတာပေါ့”ဟု Tagu Fim က ရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တစ်ခုတွင် MMAသိုင်းပေါင်းစုံ ကစားသမားဘဝအစအကြောင်း အောင်လက ရင်ဖွင့်ခဲ့သည်။

၂၀၀၄ ခုနှစ်ကစလို့ ဘရာဇီးလူမျိုးတို့၏ ဂျူဂျစ်ဇူ ကိုယ်ခံပညာကိုစတင်လေ့ကျင်ရာမှ MMA သိုင်းပေါင်းစုံ လောကသို့ ဝင်ရောက် လာခဲ့သည်ဟု အောင်လက အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။ ထို့အပြင် အောင်လသည် ထိုင်းလူမျိုးတို့၏ ကိုယ်ခံပညာ မွေထိုင်းကိုလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

MMA သိုင်းပေါင်းစုံကစားသမားဘဝကို ၂၀၀၅ ခုနှစ်အမေရိကန်နိုင်ငံ ကယ်လီဖိုးရီးယားရှိ အပျော်တမ်းပြိုင်ပွဲများတွင်စတင်ခဲ့ သည်။ ၂၀၁၄ ခုနှစ်တွင် ဝမ်းချန်ပီယံရှစ် နှင့်စတင်လက်တွဲခဲ့ပြီး အဲ့ဒီတစ်နှစ်တည်းမှာဘဲ အမေရိကန်လူမျိုး Cathrine နှင့် လက်ထပ်ကာ သားသုံးဦး၊ သမီးတစ်ဦး ပိုင်ဆိုင်ထားသည်။

Hall of Fame နှင့် အောင်လအင်ဆန်

Hall of Fame ဆိုသည်မှာ နယ်ပယ်တစ်ခုခုတွင် ထူးချွန်သူ၊ အောင်မြင်သူများနှင့် လူအများအဖို့စံပြုထိုက်သူများအတွက် ဂုဏ်ပြု ဖော်ပြသည့်နေရာဖြစ်သည်။

ဥပမာ ဂီတနယ်ပယ်၌ “ပေါ့ဘုရင်” (King Of Pop) ဟုလူသိများသည့် မိုက်ကယ်ဂျက်ဆင်၊ စာပေနှင့် အနုပညာလောကတွင်မူ ဝီလီယံရှိတ်စပီးယား နှင့် လီယိုနာဒိုဒါဗင်ချီဟူ၍ နယ်ပယ်တစ်ခုခုတွင် တစ်ဖက်ကမ်းခက်အောင်ထူးချွန်သူများကို Hall Of fame အဖြစ်ဂုဏ်ပြုဖော်ပြထားကြသည်။

အာရှတွင် အကြီးမားဆုံး Mixed Martial Arts ( MMA) အဖွဲ့အစည်းအဖြစ်လူသိများသည့် One Championship အဖွဲ့ချုပ်က မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်ကို Hall of Fame အဖြစ်ဂုဏ်ပြုမည်ဖြစ်ကြောင်း အောင်လအင်ဆန်၏ MMA ဖိုက်တာဘဝ နောက်ဆုံးပွဲတွင်ကြေညာခဲ့သည်။

One Championship ဆိုသည့် MMA အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ Chatri နှင့် Victor Cui ဆိုသူတို့က စတင် တည်ထောင်ခဲ့သည်။

အာရှလူမျိုးများအား ကမ္ဘာ့စင်တင်တွင်ထင်ရှားဖို့ ရည်ရွယ်ချက်နှင့် ၁၄ နှစ်ကြာကျင်းပလာသည့် One Championship တွင် Hall of Fame အဖြစ်ဂုဏ်ပြုထားသူများများစားစားမရှိသေးပေ။ မြန်မာ့စပါးအုံး အောင်လအင်ဆန်အပါအဝင်မှ ၃ ဦးသာရှိသေး သည်။

One flyweight ဝိတ်တန်းရဲ့ ကမ္ဘာချန်ပီယံဖြစ်ခဲ့သူ Demetrious Johnson သည် ပထမဆုံး One ၏ Hall of Fame အဖြစ် ဂုဏ်ပြုခံခဲ့ရပြီး နောက်တစ်ဦးမှာ One Bantamweight ဝိတ်တန်းမှ Bibiano Fernandes ဖြစ်သည်။

အောင်လသည် သူ၏ MMA သိုင်းပေါင်းစုံကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၄၆ ပွဲထိုးခဲ့ပြီး ၃၀ပွဲအနိုင် နှင့် ၁၅ပွဲ ရှုံးရလဒ် ပိုင်ဆိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လက်တွဲခဲ့သည့် One Championship မှာတော့ပွဲပေါင်း ၂၀ ကစားခဲ့ပြီး ၁၅ ပွဲနိုင် ၅ ပွဲရှုံးရလဒ် ဖြင့် ကစားသမားဘဝကိုအဆုံးသတ်ခဲ့သည်။

ကစားသမားဘဝနောက်ဆုံးပွဲကို မြန်မာပရိတ်သတ်များနှင့် မြန်မာပြည်တွင်ထိုးသတ်ခဲ့ချင်သူ

အောင်လသည် သူ၏ကစားသမားဘဝနောက်ဆုံးပွဲကို မြန်မာပြည်တွင် မြန်မာပရိသတ်များအား နှုတ်ဆက်ထိုးသတ်ချင်သည်ဟု သူရဲ့နောက်ဆုံးပွဲ မတိုင်ခင် BBC နှင့်အင်တာဗျူးတွင်ဖွင့်ဟခဲ့သည်။

သို့သော်အာဏာသိမ်းထားသည့်စစ်တပ်ကြောင့် ပြင်းထန်လာသည့်နှစ်ဖက်တိုက်ပွဲအခြေနေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံတွင်ထိုးသတ်ရင်း သူ့ပရိတ်သတ်တွေကို မနှုတ်ဆက်နိုင်ခဲ့ပေ။

မြန်မာပြည်တွင် နောက်ဆုံးပွဲကိုမြန်မာပရိသတ်တွေနဲ့ နောက်ဆုံးထိုးသတ်ချင်သည့်ဆန္ဒမပြည်ခဲ့သောလည်း အောင်လနောက်ဆုံး ထိုးသတ်ခဲ့သည်မှာ ဘန်ကောက်မြို့တွင်ဖြစ်တာကြောင့် မြန်မာပရိသတ်သောင်းနဲ့ချီ အံ့မခန်း လာရောက်အားပေးနှုတ်ဆက်ခဲ့ကြ သည်။

သူ၏အောင်မြင်မှုတိုင်းမှာ မိသားစုနှင့်ပရိသတ်ကြောင့်ဟုသာ အမြဲထွက်ဆိုခဲ့သူ “မြန်မာ့စပါးအုံးအောင်လအင်ဆန်” သည် အင်မတန်နှိမ့်ချသူတစ်ဦးအဖြစ်လည်း နိုင်ငံတကာတွင်ကျော်ကြားသူတစ်ဦးဖြစ်သည်။

ဒါ့အပြင် One Championship တွင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်အပြီး ၂၀၂၂ ခုနှစ်တွင် ခါးပတ်နှစ်ခုလုံးကိုဆက်တိုက်လက်လွှတ်ခဲ့ရ သော်လည်း နောက်ထပ်အောင်မြင်မှုအတွက်ကြိုးစားမှုကို မရပ်တန့်ခဲ့ပေ။

အသက်အရွယ်နှင့်ဒဏ်ရာများကြောင့် ကစားသမား ဘဝနှုတ်ဆက်ခဲ့ရကြောင်း BBC နှင့် အင်တာဗျူးတွင်ဖွင့်ဟရင်း အစနှင့်အဆုံး ရှိသည့် လူ့အသက်တာတွင် အကောင်းဆုံးလုပ်ခဲ့သည်အတွက် နောင်တမရှိသင့်ကြောင်း၊ သူ့ရဲ့ နောက်ထပ် ပန်းတိုင်ဟာ မျိုးဆက်သစ်များအတွက် ဖြစ်ကြောင်းဖြေကြားခဲ့သည်။

“Myanmar, how does it sound to have a world champion?”

“မြန်မာနိုင်ငံ၊ ကမ္ဘာ့ချန်ပီယံတစ်ယောက် ရှိတာဘယ်လိုခံစားရသလဲ?”

အောင်လအင်ဆန် ၏ပထမဆုံး Middleweight ဝိတ်တန်းချန်ပီယံလုပွဲအနိုင်ရအပြီး စင်ပေါ်တွင်မေးခဲ့သည့် စကားဖြစ်သည်။

အောင်လအတွက်ဂုဏ်ပြုသည့် ဤဆောင်းပါးဖတ်နေသူများအား အောင်လမေးသည့် မေးခွန်းကို ဖြေကြည့်စေချင်သည်။

✍ အမိုး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *