မိုးကုတ်မှာ ဖြစ်နေတဲ့ ပြဿနာက တော်လှန်ရေးတစ်ခုလုံးအတွက် အရမ်းအရေးကြီးပါတယ်။ PDF နဲ့ TNLA မဟာမိတ်တွေ အချင်းချင်း ထိပ်တိုက်မတွေ့အောင်၊ ရန်ဘက် မဖြစ်အောင် လုပ်ဖို့ဆိုရင် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ စီစဉ်ရပါမယ်။
အရင်ဆုံး လုပ်သင့်တာက မဟာမိတ် ခေါင်းဆောင်တွေ အချင်းချင်း ချက်ချင်း တွေ့ဆုံဆွေးနွေးဖို့ပါ။ အရေးအကြီးဆုံးက NUG/PDF ခေါင်းဆောင်တွေနဲ့ TNLA/ညီနောင်မဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ စကားပြောဖို့ပါပဲ။
မိုးကုတ် အရေးကိုပဲ အာရုံစိုက်မယ့် ထိပ်သီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ရပါမယ်။ စစ်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေ အကုန် ပါရပါမယ်။ စစ်တပ်ကို ဖြုတ်ချဖို့ ဆိုတဲ့ အဓိက ပန်းတိုင်ကို နှစ်ဖက်လုံးက အတိအလင်း ကြေညာရပါမယ်။ မိုးကုတ်ကိစ္စဟာ အဓိကပန်းတိုင်ကို မထိခိုက်ဘဲ ဖြေရှင်းရမယ့် ပြဿနာအဖြစ် သတ်မှတ်ရမယ်။
NUG က TNLA ကို သူတို့ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်က နယ်မြေတွေကို အသိအမှတ်ပြုတယ်၊ လုံခြုံရေး အာမခံတယ် ဆိုပြီး နိုင်ငံရေးအရ ကတိကဝတ် ပြုရမယ်။ TNLA က သူတို့ ဒေသလုံခြုံရေးကြောင့် အပစ်ရပ် စာချုပ်ကို ချုပ်လိုက်ရတာ ဖြစ်လို့ပါ။
မိုးကုတ်ကို စစ်ကောင်စီလက်ထဲ ပြန်မရောက်အောင် အချင်းချင်း ပူးပေါင်းပြီး ထိန်းချုပ်တဲ့ နည်းလမ်းကို ရှာရပါမယ်။ TNLA က သူတို့တပ်ကို ဆုတ်သွားပေမယ့် စစ်ကောင်စီကို လက်လွှဲမပေးဘဲ PDF/ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေကို လွှဲပြောင်းပေးဖို့ သဘောတူရပါမယ်။
မိုးကုတ်ကို TNLA ရော၊ PDF ရော ပူးတွဲပြီး ကာကွယ်မယ့် “တော်လှန်ရေး ကာကွယ်နယ်မြေ” တစ်ခုအဖြစ် သတ်မှတ်ရပါမယ်။ ဒီလိုလုပ်ရင် TNLA က စစ်ကြောင်းတွေ ပြန်ဆုတ်ရတဲ့ အပစ်ရပ် စာချုပ်ကိုလည်း လိုက်နာပြီးသား ဖြစ် မယ်။ PDF က စောင့်နေတော့ စစ်တပ်က ပြန်ဝင်လို့လည်း မရနိုင်ဘူး။
NUG ကျောထောက်နောက်ခံ ပြုထားပြီး မြို့ခံတွေ ပါဝင်တဲ့ ယာယီအုပ်ချုပ်ရေးအဖွဲ့ကို ချက်ချင်း ဖွဲ့စည်းရပါမယ်။ ဒါမှ ပြည်သူလူထုကလည်း တရားဝင်တယ်၊ အများ ပါဝင်တယ်လို့ မြင်မှာပါ။ အဖွဲ့နှစ်ဖွဲ့လုံးက အများပြည်သူကြားထဲမှာ သတင်းမှားတွေ၊ အထင်အမြင်လွဲမှားမှုတွေ မဖြစ်အောင် ထိန်းရမယ်။ ခေါင်းဆောင်တွေက လူမှုကွန်ရက်တွေမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အပုပ်ချ စွပ်စွဲတာတွေကို လုံးဝ မလုပ်ရပါဘူး။
နှစ်ဖွဲ့လုံး ပူးတွဲပြီး ကြေညာချက်တစ်ခု ထုတ်ပြန်သင့်တယ်။ အဲဒီထဲမှာ-
TNLA ဆုတ်ခွါတာဟာ တခြားနေရာမှာ အင်အား ပြန်လည် စုစည်းဖို့ ယာယီ ဆုတ်ခွာတာ ပဲ ဖြစ်တယ်။
PDF က လူထုလုံခြုံရေးအတွက်နဲ့ စစ်ကောင်စီ ပြန်မဝင်အောင် ဆက်နေတာ ဖြစ်တယ်။
မိုးကုတ်ကိစ္စကို ညှိနှိုင်းပြီး ကိုင်တွယ်နေတာ ဖြစ်ပြီး မဟာမိတ်တွေ ကွဲတာ မဟုတ်ဘူး လို့ ကြေညာရပါမယ်။
တစ်ဘက်မှာလည်း TNLA နုတ်ထွက်ရတာဟာ တရုတ်ရဲ့ ဖိအားကြောင့်ဆိုတာကို နှစ်ဘက် ခေါင်းဆောင် တွေက ကြေညာလိုက်ခြင်းဖြင့် TNLA ကို မျက်နှာသာပေးပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရ အကြောင်းပြချက် ပေးနိုင်မယ်။
အချုပ်အားဖြင့်ဆိုရရင် စစ်ရေးအရ တင်းမာမယ့်အစား နိုင်ငံရေးအရ မိတ်ဖက်အဖွဲ့အဖြစ် အမြန်ဆုံး သွားဖို့လိုပါတယ်။ TNLA က သူတို့ အပစ်ရပ် စာချုပ်ပါအတိုင်း တပ်ကို ဆုတ်ပေးရပေမယ့် စာချုပ်ရဲ့ အပြင်ပန်းကို လိုက်နာတာ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီကို နယ်မြေ ပြန်မပေးတဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ဆက်ထိန်းထားတယ် ဆိုတာကို ပေါ်လွင်အောင် လုပ်နိုင်ရင် မဟာမိတ်တွေ ပြေလည်သွားပါလိမ့်မယ်။
✍Zin Thaw Naing


Leave a Reply