တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်လို့ ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ သတိပေး
“ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” – ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ
တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုအမြဲတမ်း ဆက်ကြုံနေရမယ်လို့ သတိပေးလိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေရေး အစီအစဉ်မှာ ဆလိုင်းထန်းချွန်းဖေက ညီညွတ်ရေးလိုအပ်မှုကို အလေးထားပြောကြားခဲ့ပြီး ညီညွတ်ရေးအတွက် မိမိအတ္တတွေ ဘေးဖယ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့ စွမ်းဆောင်ရည်တွေကြောင့် စစ်ကောင်စီပိုအထိနာနေတာကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီး နိဂုံးချုပ်ဖို့လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားပြီး ပူးပေါင်းဆောင်ရွက်မှု အရမ်းအရေးကြီးတယ်လို့ တိုက်တွန်းပါတယ်။
“ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ အမည်အမျိုးမျိုးနဲ့ နာမည်ပြောင်းနေတဲ့ စစ်အုပ်စုရဲ့ နိုင်ထက်စီးနင်းမှု အမြဲတမ်းဆက်ပြီးကြုံနေရမှာပါ”လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ဒေသအသီးသီးရှိ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ စုပေါင်းစစ်ဆင်ရေးလုပ်နိုင်ဖို့လိုအပ်ကြောင်း သူက ပြောပါတယ်။
“ဟန်ချက်ညီတဲ့စစ်ဆင်ရေးလုပ်မှသာလျင် ပိုပြီးအောင်မြင် ထိရောက်မယ်ဆိုတာ ကျနော်ပြောကြားလိုပါတယ်” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
စစ်ကောင်စီဟာ ဘုံရန်သူဖြစ်လို့ ဘုံရန်သူပျောက်အောင် ဦးစွာလုပ်ရမှာဖြစ်တယ်လို့ပြောပါတယ်။
“ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆလိုင်းထန်းချွန်းဖေက ပြောကြားပါတယ်။
အမျိုးသားတန်းတူရေးအတွက်အာမခံပေးတဲ့ အုပ်ချုပ်မှုစနစ်က စစ်အုပ်စုလက်အောက်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး စုပေါင်းဆောင်ရွက်တဲ့စနစ်ကို အသွင်ကူးပြောင်းရန်လိုအပ်ကြောင်း တိုက်တွန်းပါတယ်။
ချင်းပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံနေကြောင်း လည်း သူက ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်စစ်ရေးအခြေအနေကို အသိပေးခဲ့ပြီး ဖလမ်းဘက်မှာ စကမရဲ့ထိုးစစ်ကအပြင်းအထန်ခုခံနေရတဲ့အနေအထားဖြစ်တယ်လို့ ဆလိုင်းထင်းချွန်းဖေက ပြောပါတယ်။
တီးတိန်ဘက်မှာလည်း ပြီးခဲ့တဲ့အပတ်တွေမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အကြိမ် ၂၀ကျော် စစ်အင်အားဖြည့်တင်းနေလို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းကခုခံတိုက်ခိုက်နေသလို ချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းနဲ့ဆက်စပ်နေတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေက နေ့စဉ်ရှိနေတယ်လို့ အသိပေးပါတယ်။
(ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ။ ဓာတ်ပုံ − Thang Chawm Phe)


Leave a Reply