ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေဒေသနေ ပြည့်သူအချို့သည် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်သဖြင့် စတင်ရွှေ့ပြောင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းသာကမ်းခြေမှ ရေလမ်းခရီဖြင့် မိုင် ၃၀ ကျော်မျှသာဝေးသည့် မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်တိုက်ပြီးနောက်ပိုင်း စိုးရိမ်မှုများကြောင့် သက်ကြီးရွယ်အိုများနှင့် ငွေကြေးတက်နိုင်သူများက ရွှေ့ပြောင်းမှုများပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“​ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ခုကတည်းက ရွှေ့နေပြီ၊​သူတို့က မရွှေ့လည်း အကြောင်းမဟုတ်ဘူး ကားလေးနဲ့ထွက်သွားလို့ရတယ်။ လက်လုပ်လက်စားသမားအများစုကတော့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရွှေ့ပြောင်းနေပြီ”ဟု အမှတ် ၃ ရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်အရွယ်် အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မကျီးဇင်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် လက်နက်ကြီးပစ်သံများကို တောင်ပေါ်မှကြားခဲ့ရသဖြင့် ဒေသခံများပိုပြီးစိုးရိမ်နေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က ချောင်းသာမြို့၊​ အမှတ် ၇ ရပ်ကွက်ရှိ ဘောလုံးကွင်းနှင့် စကားဝါတောင်ပေါ်တွင် တပ်စွဲခံစစ်ပြင်မှုများပြုလုပ်မည်ဟု သတင်းတွေထွက်ပေါ်မှုများလည်း ရှိနေကြောင်း ဒေသခံများမှ ပြောသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် စျေးဆိုင်များကို မပိတ်ရန်အတွက် စစ်ကောင်စီတပ်က ဖိအားပေးခြိမ်းခြောက်မှုများပြုလုပ်ထားကြောင်း ဒေသခံများထံက သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *