ဖမ်းဆီးခံရတဲ့ နယ်ထိန်းခင်မောင်ရင်ဟာ ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးငွေညှစ်ရာမှာ နာမည်ကြီးသူဖြစ်

ချောက်မြို့နယ်အတွင်း ထောင်ဒဏ် ၂၃၅ နှစ်ချထားတဲ့ တော်လှန်ရေးရဲဘော် တစ်ဦး လွတ်မြောက်သွားတဲ့ဖြစ်စဥ်မှာ ဖရဲသီးရှိနေတယ်လို့ ယူဆတာကြောင့် ချောက်မြို့မရဲစခန်းကို စစ်ကောင်စီ တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂၃၅ နှစ် ချမှတ်ခံထားရတဲ့ ရဲဘော် နက်ရှိုင်း(ခ)မိုးညိုကို အရပ်ကားတွေနဲ့ တင်ဆောင်လာစဥ် အမှတ် (၃) ပြည်ထောင်စုလမ်းမပေါ် ရှိ ဂွေးချိုရဲစခန်းနဲ့ ဂွေးပင်ရဲစခန်းကြားမှာ ချောက်မြို့နယ်ရှိတော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ကယ်ထုတ်ရာ အဆိုပါရဲဘော်ကလည်း တော်လှန်ရင်းအသေခံမယ်ဆိုတဲ့စိတ်နဲ့ ရဲရင့်စွာရုန်းထွက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကယ်ထုတ်သွားတဲ့ဖြစ်စဥ်ကြောင့် တာဝန်ရှိသူ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင် အပါအဝင် ရဲ ၅ ဦးကို ချောက်မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောက်မြို့မရဲစခန်းအတွင်း သတင်းအတိအကျပေးနေတဲ့ ဖရဲသီးရှိတာကြောင့် အခုလို နှစ်ရှည်ထောင်ချထားတဲ့ တော်လှန်ရေးရဲဘော်ကို ကယ်ထုတ်သွားတာဖြစ်နိုင်တယ်လို့ယူဆပြီး ဖမ်းဆီးခံထားရတဲ့ ရဲ(၅)ဦးအပြင် ချောက်မြို့မရဲစခန်း တစ်ခုလုံးကို တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ ချောက်မြို့မရဲစခန်းနဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“လွတ်သွားတဲ့ ဖြစ်စဥ်ကြောင့် နယ်ထိန်းခေါင်းဆောင် ကျော်ဝင်း(ခ)ဗိုလ်လေး ရခိုင်၊ နယ်ထိန်း ခင်မောင်ရင်၊ ရဲတပ်သား ဥက္ကာ တို့အပါ ၅ ယောက် ဖမ်းခံထားရတယ်ဗျ၊ ကျန် ၂ ယောက်ကတော့ နာမည်မသိဘူး၊ အဲ့ ၅ ယောက်ကတော့ အဓိကပေါ့၊ သူတို့ကို ချောက်စခန်းထဲမှာရှိတဲ့ စခန်းဓမ္မာရုံပေါ်မှာ အခုလောလောဆယ် ဖမ်းထားတာ၊ ပြီးတော့ ခရိုင်ရဲမှူးရော တိုင်းရဲမင်းကြီးရော လာစစ်ဆေးနေတယ်လို့ပြောတယ် ချောက်မြို့မစခန်းတစ်ခုလုံး၊ သတင်းပေါက်ကြားလို့တဲ့ ဖရဲသီးလိုက်ရှာနေတယ်ပြောတယ်၊ လုံခြုံရေးပါသွားတဲ့ လူတွေအပြင် ချောက်စခန်းက တာဝန်ရှိသူတွေပါ အကုန်စစ်ဆေးခံနေရတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုဖြစ်စဥ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင်တို့ဟာ ချောက်မြို့နယ်အတွင်း ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးကောက်ရုံတင်မက အခြားပြည်သူတွေအပေါ် ငွေညှစ်ရာတွေမှာ နာမည်ကြီးသူတွေဖြစ်တယ်လို့ သိရပါတယ်။

ချောက်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ စစ်တပ်က တစ်ဖွဲ့၊ ရဲကတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲထားရာ ရဲအဖွဲ့မှာ နယ်ထိန်း ခင်မောင်ရင်က ဦးဆောင်ပေါ်တာဆွဲနေတာဖြစ်ပြီး ဖမ်းမိတဲ့လူငယ်တွေကို တစ်ဦးလျှင် သိန်း ၈၀ မှ ၁၀၀ ကြားတောင်းလေ့ရှိပြီး မပေးနိုင်ပါက စစ်တပ်လက်သို့ အပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်း လောင်းကစားဒိုင်တွေနဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးတဲ့ ဒိုင်တွေဆီမှလည်း အဆိုပါနယ်ထိန်း ခင်မောင်ရင်မှာ လစဥ်လိုင်းကြေးကောက်ခံလေ့ရှိပြီး ရရှိလာတဲ့ ငွေတွေကို သူ့ရဲ့ အထက်အရာရှိတွေနဲ့ မြို့နယ်မှူး ဝင်းသန်းဆီကိုပါ တိုက်ရိုက်ခွဲဝေပေးပြီး နေရာတည်မြဲရေးအတွက် မျက်နှာလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့အထက်အရာရှိဖြစ်သူ နယ်ထိန်းခေါင်းဆောင် ကျော်ဝင်းဆိုသူဟာလည်း ၎င်းနည်းတူ ပြည်သူတွေဆီမှ ပုံစံမျိုးစုံနဲ့ ငွေညှစ်လေ့ရှိပေမဲ့ ပုံမှန်အားဖြင့် လူလုံးထွက်မပြဘဲ နောက်ကွယ်ကနေသာ သူ့အောက်ကသူတွေကို ကြိုးကိုင်အမိန့်ပေးစေခိုင်းလေ့ရှိတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“အခု ဖြစ်စဥ်မှာပါသွားတဲ့သူတွေက ကောင်းတဲ့လူတွေ မဟုတ်ဘူး ချောက်မှာ စစ်မှုထမ်း ပေါ်တာဆွဲတဲ့အထဲမှာ နာမည်ကြီးတွေ၊ ချောက်မြို့မှာ ပေါ်တာဆွဲတယ်၊ လူဖမ်းတယ်၊ ငွေညှစ်တယ် သူတို့ကြောင့် ဒုက္ခရောက်တဲ့သူတွေ မနည်းဘူး၊ ငွေညှစ်ရင် သိန်း ၈၀ အနည်းဆုံး တောင်းတယ်၊ ချောက်မြို့မှာ WY ဆေးရောင်းဝယ်နေတဲ့ ကောင်တွေကျ မဖမ်းဘူး၊ နယ်ထိန်းကြေးယူထားတာလေ၊ ငွေညှစ်တဲ့နေရာမှာလည်း နာမည်ကြီး၊ မြို့နယ်မှူး ဝင်းသန်းကို လုပ်ကျွေးနေတာပေါ့ဗျာ၊ ပေါ်တာဆွဲလာတယ် လူတစ်ယောက်ကို သိန်း ၈၀၊ ၁၀၀ လောက်တောင်းတယ်၊ ခုဆို ချောက်မှာလူငယ်ကို မကျန်တော့ဘူး” လို့ ပြောပါတယ်။

အဆိုပါ နယ်ထိန်းကျော်ဝင်းနဲ့ ခင်မောင်ရင်တို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေထံမှ နည်းမျိုးစုံနဲ့ ငွေညှစ်ရာမှ ရရှိလာတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာကြွယ်ဝနေပြီး ချောက်မြို့နယ်အတွင်းမှာတင် ပိုင်ဆိုင်မှုအများအပြား ဝယ်ယူထားတာတွေရှိတယ်လို့လည်း သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *