မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ကား ၁ စီးဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တံတားဘေးဘောင်ကိုတိုက်မိပြီး ခဲယမ်းတွေပေါက်ကွဲခဲ့လို့ ပြည်သူ ပြည်သူ ၃ ယောက်နဲ့ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ညနေ ၃ နာရီလောက်မှာ တောင်ဘက်ကနေ မောင်းလာပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သားတချို့တင်လာတဲ့ စစ်ကား ၁ စီးက ရွာမြောက်ဘက်နားမှာရှိတဲ့ ချောင်းကူးတံတားအဝင် ဘေးဘောင်ကိုတိုက်မိပြီးတော့ အဲဒီကားပေါ်တင်လာတဲ့ စစ်ပစ္စည်းတွေလည်း ပေါက်ကွဲတဲ့ဟာကွဲ၊ ဘေးလွင့်ကျတဲ့ဟာတွေ ကျကုန်တာဗျ” လို့ ပြောပါတယ်။
စစ်ကားတိမ်းမှောက်ပေါက်ကွဲတာကြောင့် စစ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့သလို အရပ်သားခရီးသွားကား ၁ စီးကို ဗုံးစတွေထိမှန်ခဲ့တာကြောင့်လည်း ပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီး ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုထိန် က “စစ်ကားကတော့ ၁ စီးတည်းပါ။ ဘယ်ကနေ ဘယ်ကိုပို့မယ့် လက်နက်ခဲယမ်းတွေလဲဆိုတာတော့ မသိရသေးဘူး။ ခဲယမ်းတွေပေါက်ကွဲပြီးတော့ အဲဒီစစ်ကားလည်း တစီးလုံးမီးလောင်တယ်။ စစ်သား ၅ ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ၈ ယောက်ထက်မနည်းဘူး။ အဲဒီစစ်ကားနောက်နားမှာ ကပ်လိုက်လာတဲ့ အရပ်သား ၁ စီးပေါ်က ခရီးသည် ၃ ယောက်လည်း ဗုံးစမှန်ပြီး ဆုံးသွားတယ်။ ခရီးသွားကားပေါ်က ပြည်သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေရှိသေးတယ်လို့ကြားမိတယ်။ သေတဲ့စစ်သား ၅ ယောက်လောက်ကတော့ သူ့စားရိတ်နဲ့သူ ရှောကုန်တာပေါ့။ အချောင်ခံရတာက ပြည်သူတွေ။ ကျနော်တို့ဘက်ကလည်း စစ်ကားတွေနဲ့ကပ်မလိုက်ဖို့ ပြည်သူတွေကို အတန်တန်သတိပေးနေခဲ့ကြားကနေ အခုလိုတွေဖြစ်တော့ ပြည်သူတွေ အသားလွတ်အသက်ဆုံးရှုံးရတာ စိတ်မကောင်းဖြစ်မိတယ်”လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဟာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ကားမှောက်တဲ့ တောင်တွင်းကြီး-အောင်လံ လမ်းပိုင်းကိုပိတ်ဆို့ထားသလို ဘေးပတ်ဝန်းကျင်ကိုလွင့်ကျခဲ့တဲ့ ခဲယမ်းတချို့ဟာလည်း ထပ်မံပေါက်ကွဲတာတွေရှိနေသေးတယ် လို့လည်း သူက ဆက်ပြောပါတယ်။
တိမ်းမှောက်ပေါက်ကွဲသွားတဲ့ စစ်ကားကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် သယ်ဆောင်သွားကြပေမယ့် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ အခင်းဖြစ်တဲ့နေရာဝန်းကျင်ကို စစ်တပ်က ဖြတ်သန်းသွားလာခွင့်တွေပိတ်ပင်ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


Leave a Reply