မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ၊ မြို့သူကြီး ထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ နှင့်အထက် သေဆုံးနိုင်ကြောင်း အာရက္ခတပ်တော် (AA) ထံကသိရသည်။

နခခ-၅ စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ အောက်တိုဘာ ၁၄ ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း ၅၅ ရက် ခန့်ကြာမြင့်ခဲ့သည်တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၅၀ခန့်သေဆုံးကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်သည်။

ထို့အပြင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အများတို့ နှင့် RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

မောင်တော နခခ ၅ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ကျော်ခန့် ခံစစ်ပြင်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှ အကြိမ်ရေရာချီနှင့် ဗုံးအလုံးပေါင်းများစွာကြဲချတိုက်ခိုက်ခဲ့ပြီး လေထီးဖြင့် လက်နက်ခဲယမ်း အထုတ်ပေါင်းများစွာကို ပေးပို့ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေးအတွက် ပြင်းထန်သည့် ထိုးစစ်များအတွင်း သတ္တိပြောင်မြောက်သော အာရက္ခစစ်သည် တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်း AAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- AA Info Desk

ပုံစာ- ​မောင်​တော နခခ ၅ ကို သိမ်းယူခဲ့စဥ်


Leave a Reply

Your email address will not be published. Required fields are marked *