ဒီပဲယင်းမှာ ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ ပြည်သူ ၁၃ ဦး သေဆုံး
စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဒီပဲယင်းနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာ ၅ ရက်ည ၈ နာရီမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၁၃ ဦး ရှိကာ ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို မိတ္ထီလာမြို့ကနေ တက်လာတဲ့ MIG-29 အမျိုးအစား တိုက်လေယာဉ်နဲ့ စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

“လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် စစ်အုပ်စုက လာရောက် ဗုံးကြဲ သတ်ဖြတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
“မရကန်ကျေးရွာအား အကြမ်းဖက် စစ်အုပ်စုမှ လူမဆန်စွာ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့။ …။ အကြမ်းဖက်စစ်အုပ်စုမှ ယနေ့ တစ်ရက်ထဲမှာပဲ ဒီပဲယင်းမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများ နေထိုင်သော ကျေးရွာများအား (Genocide)ဆန်စွာ ဆက်တိုက်လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကလည်း ဖော်ပြပါတယ်။

မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီပဲယင်းနယ် မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ
ဆက်စပ်သတင်း
မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ



Leave a Reply