Myanmar News
—
by
ဧရာဝတီတိုင်း တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်သို့ပို့ဆောင်ခြင်းခံရပြီး သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများ ကျေနပ်မှုမရှိဘဲဆူပူ
ဧရာဝတီတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်းသို့ ပို့ဆောင်ခံရပြီး နောက်တန်းပြန်ခွင့်မရဘဲ သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများမှာ ကျေနပ်မှုမရှိဘဲ ဆူပူမှုဖြစ်နေကြောင်း သိရသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ် ဂွမြို့နှင့်နယ် မြေချင်းဆက်စပ်နေသည့် ဧရာဝတီတိုင်းမှ ခြေလျင် တပ်ရင်း၊ ခြေမြန် တပ်ရင်းများ တိုက်ပွဲအတွင်းပို့ ဆောင်ခံရသည့်အတွက် သေဆုံးမှုများ များပြားနေမှုအပေါ် တပ်မိသားစုဝင်များက ကျေနပ်မှုမရှိဘဲဆူပူမှုဖြစ် ပွားလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
“စစ်ရေးဗျူဟာအရ အသိပေးလို့မရဘူးဆိုပြီးတော့ သေတာကိုလည်း အကြောင်းမကြားဘူး။ ထွက်ပြေး ပျောက်ဆုံးဆိုတော့ လစာခံစားခွင့်တွေမရဘူး။ သေနေတာတောင် မသိတော့ ဆွမ်းသွတ်ခွင့်မရဘဲ အခွင့် အရေးတွေလည်း ဆုံးရှုံးရပါတယ်”ဟု တပ်မိသားစုဝင် တစ်ဦးက ပြောသည်။
ဂွတိုက်ပွဲအတွင်းသို့ ဟင်္သာတ၊ အိမ်မဲ၊ မအူပင်နှင့် ရန်ကုန်တိုင်းအတွင်းမှ ခြေလျင်နှင့် ခြေမြန်တပ်ရင်း များကို အင်အားရာချီပို့ဆောင်ခဲ့ရာ တပ်ရင်းတစ်ခုလုံး ပြုတ်ပြီး စစ်ကြောင်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး သေဆုံးသွားကြောင်း သိရသည်။
ဟင်္သာတမြို့အခြေစိုက် အမှတ် (၁၈) ခြေလျင်တပ်ရင်း (ခလရ-၁၈) ၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃၊ ခလရ ၅၁ နှင့် ရန်ကုန် လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ မှ စုပေါင်းတပ်အင်အား ၁၈၀ ကျော်ကို ပြီးခဲ့သည့် နိုဝင် ဘာလကတည်းက ဂွမြို့သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် AA က ထုတ်ပြန် သည့် ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအများအပြားလည်း ဖမ်းဆီးရမိကြောင်း သိရသည်။
ဧရာဝတီတိုင်းမှ စစ်ကူစေလွှတ်ခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့မှစတင်ပြီး ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲ ချိုင်ကမ်းခြေအနီးနှင့် ကင်းပုံကျေးရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ ရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။
“ခါတိုင်းဆို ရှေ့တန်းပို့ပြီး ဘယ်နှစ်လကြာရင် လူလဲမယ်ဆိုပြီး နောက်တန်းပြန်ရတယ်။ အခုက ရောက်တာနဲ့သေတာပဲဆိုတော့ လဲစရာလူလည်းမရှိဘူး။ ပို့တိုင်းသေနေတယ်”ဟု ဧရာဝတီတိုင်းရှိ တပ်မိသားစု ဝင်တစ်ဦးက ပြောသည်။
ထိုသို့ အစုလိုက်အပြုံလိုက်သေဆုံးမှုကို ဧရာဝတီတိုင်း အခြေစိုက်တပ်ရင်းများမှ မိသားစုကို အသိပေးခြင်းမရှိဘဲ ဖုံးဖိထားခဲ့ပြီး နောက်ထပ် စစ်ကူအင်အားများ ထပ်မံပို့ဆောင်နေမှုအပေါ် မိသားစုများက မကျေမနပ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ရှေ့တန်းသို့ ပို့ဆောင်ခံရသည့်တပ်များမှာ လူလဲ၍ တာဝန်ထမ်းဆောင်ရသည့် အခြေအနေသို့မရောက်ခင် တိုက်ပွဲအတွင်းရောက်ရောက်ချင်း သေဆုံးမှုများရှိနေကြောင်း သိရသည်။
မိသားစုဝင်များမှာ AA မှ တရားဝင်ထုတ်ပြန်လိုက်သည့် ရုပ်သံဖိုင်နှင့် ထုတ်ပြန်ချက်များကို တွေ့ရှိပြီးမှ သာ မိမိတို့မိသားစုဝင်များ ရှေ့တန်းတွင်သေဆုံးသွား သည့်အဖြစ်ကို သိရှိရခြင်းအပေါ် ဖြေရှင်းပေးရန်တောင်းဆိုမှုများရှိနေကြောင်း သိရသည်။
ဧရာဝတီအခြေစိုက် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များသာမက စစ်မှုထမ်းဥပဒေနှင့် အတင်းအကျပ်ဖိအားပေး ခေါ်ဆောင်ခံရသည့် ဧရာဝတီတိုင်းမှ စစ်မှုထမ်းလူငယ်များကိုလည်း ရန်ကုန်တိုင်းအတွင်းရှိ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းများမှတစ်ဆင့် ဂွနှင့် အမ်းမြို့နယ် အတွင်းသို့ အတင်းအကျပ်ပို့ဆောင်မှုများရှိကြောင်း သိရသည်။
ဩဂုတ်လမှ စတင်ဖြစ်ပွားခဲ့သည့် ဂွမြို့နယ် ကြွေချိုင်အနီး တိုက်ပွဲနှင့် ကျိန္တလီမြို့သိမ်းတိုက်ပွဲအတွင်း ၌လည်း စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသည့် လူ ငယ်အများစုမှာ တိုက်ပွဲဖြစ်ရာမှ ထွက်ပြေးကြသည်ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးပြီး ပစ်ခတ်သတ် ဖြတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်းကိုလည်း ဒေသခံများထံက တဆင့်သိရသည်။
စစ်ကောင်စီက ထိုသို့ တပ်ရင်းလိုက်ပြုတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေမှုကို ထွက်ပြေးနှင့် ပျောက်ဆုံးစာရင်းသွင်းကာ တပ်တွင်းကျန်ရစ်သည့် မိသားစုဝင်များကို သတင်းမှားဖြန့်ထားကြောင်း သိရသည်။
Your email address will not be published. Required fields are marked *
Comment *
Name *
Email *
Website
Save my name, email, and website in this browser for the next time I comment.
Notify me of follow-up comments by email.
Notify me of new posts by email.
Leave a Reply