ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်သော်လည်း ယခုအခါ ကြိုးချီထားသော လက်နှစ်ချောင်းနောက်ပစ်၍ ဒူးထောက်လျက်တွေ့ရသည်။ဒီဇင်ဘာလ နေရောင်အောက်တွင်မျက်နှာ ရှုံ့တွ၍ ဓါတ်ပုံရိုက်နေသူကို ကြည့်နေသည်။ အောက်ခြေစစ်သားများမှာ ရိက္ခာပြတ်၍ နိုဝင်ဘာ လဆန်းကတည်းက စားစရာမရှိတော့ကြောင်း ရင်ဖွင့်ထားကြသော်လည်း သူကမူ ရက်ပေါင်းများစွာအစာရေစာ ပြတ်၍အဟာရချို့ငဲ့နေသောပုံစံမျိုးမဟုတ်ပါ။သူဆိုသည်မှာ နမည်ဆိုးဖြင့် လူသိများနေသော အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖြစ်သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုမောင်တောမြို့သိမ်းတိုက်ပွဲတွင် ဒီဇင်ဘာလ၈ရက်နေ့က AAက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။အသက် ၅၅ နှစ်ခန့်ရှိသော ဗိုလ်မှူးချုပ်သူရိန်ထွန်းမှာ အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဥ် ၂၂ ဆင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်းရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်သည်။ရခိုင်ပြည်နယ်တွင် ထိုစဥ်က ၃ နှစ်တာဝန်ကျခဲ့လျင်ပင်အနည်းဆုံး ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ့တာဝန်ထမ်းခဲ့သူဖြစ်ကြောင်း စစ်ရေးသတင်းများဖော်ပြပေးနေသော CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ထို့ကြောင့် စစ်အုပ်စုက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့သော ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တာဝန်ထမ်းနေသူဖြစ်သည်။ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိစစ်အရာရှိများထဲမှ တဦးဟု ICJ တွင် အမည်စာရင်းရောက်ထားသူဟု သတင်းထွက်နေသူဖြစ်ပြီး ထိုအချက်အလက်ကို စီစစ်နေဆဲဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင်ဗိုလ်မှူးချုပ်သူရိန်ထွန်းလည်း အဓိကနေရာမှပါဝင်ခဲ့သူဖြစ်ကြောင်း စစ်ရေးအရင်းအမြစ်များကပြောသည်။ရခိုင်ပြည်နယ်မှ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် တိုင်းစစ်ဦးစီးချုပ်အဖြစ်ပြောင်းရွေ့တာဝန်ကျခဲ့သည်။စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသောပြည်သူများကို ပစ်ခတ်သတ်ဖြတ်အကြမ်းဖက် ဖြိုခွင်းမှုများကို ထိုစဥ်က လပခ စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့်အတူ ဗိုလ်မှူးချုပ်သူရိန်ထွန်းက အဓိကအမိန့်ပေးခဲ့သူများဖြစ်သည်။ ဗိုလ်ချုပ် ကိုကိုဦးသည် ယခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးဖြင့် ကစထမှူးတာဝန်ထမ်းဆောင်နေသည်။ဖမ်းဆီးခံ့ရသော ဆန္ဒပြလူငယ်များ ၊နိုင်ငံရေးအကျဥ်းသမားများကို နန်းတွင်းစစ်ကြောရေးနှင့်ထောင်တွင် ရက်ရက်စက်စက်နှိပ်စက် ၊သတ်ဖြတ်မှုများကို အမိန့်ပေးစေခိုင်းခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများကပြောသည်။ထို့အပြင် မန္တလေးတိုင်းတွင်း အစွန်းရောက်သွေးသောက်အဖွဲ့များဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီအားဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ်စေခဲ့သည်။ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပြီး လက်နက်များတပ်ဆင်ပေးကာ စစ်တပ်ဆန့်ကျင်သူများ ၊၎င်းတို့သံသယရှိသူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးသတ်ဖြတ်ရန် လူသတ်လိုင်စင် ခွင့်ပြုပေးခဲ့သူများထဲမှတဦးလည်းဖြစ်၏ ။လပခတိုင်းစစ်ဦးစီးချုပ်တာဝန်ယူခဲ့စဥ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ပေါင်း၍ မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ၊ စစ်ကောင်စီဆန့်ကျင်သူများ ၂၀ ဦးထက်မနည်း ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပြီး ထိုအမှုများကို ဗိုလ်မှူးချုပ်သူရိန်ထွန်းက နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟု မန္တလေးတိုင်းမှ တော်လှန်ရေး အင်အားစုအချို့ကပြောပါသည်။ထိုနောက် ၂၀၂၂ နှကုန်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရှိ စကခ (၁၅ ) စကခမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် သိမ်းပိုက်သောအခါ မောင်တောမြို့သို့ထွက်ပြေးလာပြီး နခခ (၅)တွင်ကုပ်တွယ်ခုခံနေရာမှ ဒီဇင်ဘာ ၈ ရက်တွင် AA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဗိုလ်မှူးချုပ် သူရိန်ထွန်း ရခိုင်ပြည်နယ်တွင်တကျော့ပြန် တာဝန်ကျချိန်က AAက မြို့သိမ်းတိုက်ပွဲများမဖော်ဆောင်သေး။သို့သော် အညာဒေသတော်လှန်ရေးအားကောင်းနေချိန်နှင့် တော်လှန်ရေးအင်အားစုများကို AAက အကူအညီပေးနေချိန်ဖြစ်သည်။ မကြာမီ AAက ရခိုင်ပြည်နယ်အတွင်း ၎င်းတို့အား ခြေမှုန်းမည့် စစ်ဆင်ရေးများဖော်ဆောင်လာနိုင်သည်ဟု ကြိုတင်တွက်ဆထားသည့်စစ်ကောင်စီက ဗိုလ်မှူးချုပ်သူရိန်ထွန်းလို လက်ရဲဇက်ရဲနိုင်သူ ၊ လူမျိုးရေးဘာသာရေးပဋိပက္ခများဖန်တီးရန် အတွေ့အကြုံရှိသော သူ့ကို အဓိက ဝှက်ဖဲအဖြစ် ဘူးသီးတောင်သို့ ပို့ဆောင်ခဲ့ခြင်းဟု ၎င်းနှင့် သိကျွမ်းသည့် အရပ်ဖက်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ဗိုလ်မှူးချုပ် သူရိန်ထွန်းက ဘူးသီးတောင်သို့ရောက်ခါစမှာပင် လူမျိုးရေးအထိဂရုဏ်း၏ အညှာကို ကိုင်ခဲ့သည်။ ဒေသရှိ မွတ်ဆလင်စီးပွားရေးသမားများအား မက်လုံးပေးစည်းရုံးသည်။မွတ်ဆလင် လူငယ်များအား လူစုပြီး စစ်သင်တန်းပေးခဲ့သည်။ လက်နက်တပ်ဆင်ပေးပြီး AA ကို တိုက်ခိုင်းသည်။ ရခိုင်နှင့် AA မုန်းတီးရေး လှုံ့ဆော်ခဲ့သည်။AAကို ဆန့်ကျင်သပိတ်မှောက်ရန် ရိုဟင်ဂျာများအား သွေးထိုးခဲ့သည်။ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများAAဆန့်ကျင်ရေးဆန္ဒပြစေခဲ့ပြီး ရိုဟင်ဂျာ နှင့် AA ကြား ၊ရိုဟင်ဂျာ နှင့် ရခိုင်ပြည်သူများကြား ပဋိ့က္ခများဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ စေခိုင်းခဲ့သူဖြစ်သည်။၂၀၂၄ မေလက AAက ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်မှူးချုပ်သူရိန်ထွန်းကပင် ဒေသခံ မွတ်ဆလင်များကို အသုံးချပြီး လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ကြိုးစားခဲ့ပြန်သည်။ဘူသီးတောင်မြို့မှ ရခိုင်တိုင်းရင်းသားများအပါအဝင် ဒေသခံများ၏ နေအိမ်များကို ဒေသခံမွတ်ဆလင်များအား မီးရှို့ဖျက်ဆီးခိုင်းခဲ့သည်။ တန်ဖိုးကြီးပစ္စည်းများအား လုယက်ယူဆောင်ခိုင်းသည်။မြို့ပေါ် ရပ်ကွက်အချို့ မီးလောင်ပြာကျခဲ့သည်။ မြေပြင်တွင် AAက ဒေသခံများအား သတိပေးချက်များ ထုတ်ပြန်ပြီး ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နိူင်ခဲ့၍သာ လူမျိုးရေးအထိဂရုဏ်းမဖြစ်ခဲ့ခြင်းဟုဒေသခံအချို့က ပြောခဲ့သည်။ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲကို AA တိုက်ခိုက်နေစဉ် ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖန်တီးနေသည့် လူမျိုးရေးအဓိကရုဏ်းသည် ထိကရုံးပင်လို ထိတာနှင့် ညိုးမည့်အခြေအနေဖြစ်သည်။ AAသာ စနစ်တကျမထိန်းချုပ်နိုင်ခဲ့ပါက ဘူးသီးတောင်ဒေသသည် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ ဆင်ထားသည့် ထောင်ချောက်အတွင်း ဝင်သွားမည့်အခြေအနေဖြစ်သည်။” အဲ့ဒီအချိန်က AAအနေနဲ့ တော်တော်လေးကို ကျဉ်းထဲကျပ်ထဲရောက်ခဲ့သလို တစ်ချက်မမှားအောင် သတိထားကိုင်တွယ်ခဲ့ရတာ။ အဲဒီရက်ကစာမျက်နှာတွေကိုခင်ဗျားတို့ပြန်ကြည့်ကြည့်ပါ”ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ဘူးသီးတောင်ဒေသ၏ စစ်ရေးအရှိန်နှင့် ဗိုလ်မှူးချုပ်သူရိန်ထွန်း မွှေးထားသည့်မီးက မေလအတွင်း အပြင်းထန်ဆုံးလောင်ကျွမ်းခဲ့သည်။စစ်ကောင်စီက ပုံဖော်နေသည့် ဒေသတွင်း လူမျိုးရေးပဋိပက္ခကို ဟန့်တားနိုင်ရေးစီမံဆောင်ရွက်နေမှုများကို AAကမေလ ၂၀ရက်ညနေတွင် မြန်မာလူမှုအဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အသိပေးခဲ့သည်။ ယင်း နေ့ကထုတ်ပြန်ချက်ကိုမြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာသံတမန်ရေးအပါအဝင် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝ သွေဖယ်ဆန့်ကျင်သောလုပ်ရပ်၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သော လုပ်ရပ်များကို ကျူးလွန်နေသည်ဟု AAကအသိပေးခဲ့သည်။ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များမှ ပြည်သူများ ၊ RSO၊ ARSA၊ ARA နှင့် ဒေသခံမူဆလင်လူငယ်အရေအတွက် အများ အပြားအား စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အသုံးပြုခြင်းအပြင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် နည်းလမ်းမျိုးစုံလုပ်ဆောင် နေကြောင်း AAက ထုတ်ပြန်ခဲ့သည်။”စစ်ရှုံး အကြမ်းဖက်စစ်ကောင်စီသည်ယုတ်မာသော အကြံအစည်များဖြင့် အာရက္ခဒေသအတွင်း၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ကြိုးကိုင်ဖန်တီးလျက်ရှိသည်”ဟုAA က ထုတ်ပြန်ခဲ့သည်။ဒေသခံများ မူလနေရာ၌ ပြန်လည်နေထိုင်ခြင်းမရှိစေရန်နှင့် နာလန်မထူနိုင်စေရန် ရည်ရွယ်ပြီး စစ်ကောင်စီသည် စစ်သွေးကြွသူများနှင့်အတူ ဘူးသီးတောင်မြို့ထဲရှိ ရက္ခိုင်၊ ဟိန္ဒူ နှင့် တခြားမူဆလင်မဟုတ်သောသူများ၏ ပိုင်ဆိုင်သောအိမ်များ အားလုံးနီးပါးကို ဧပြီလအတွင်း၌ အဓိကပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးထားသည်။ ထိုသို့အကြမ်းဖက်ဖျက်စီးသည်ကို AAက မီးရှို့ဖျက်ဆီးထားသယောင် သတင်းလွှင့် စွပ်စွဲပြောဆိုမှု များ တောက်လျှောက်ပြုလုပ်နေသည်ဟုဖော်ပြခဲ့သည်။သို့သော် အာရက္ခတပ်တော်သည် “စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည်” ဟူသော ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံးသည်ဟု ထုတ်ပြန်ကတိပြုခဲ့သည်။စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို မည်သည့်အခါမှ ရည်ရွယ် တိုက်ခိုက်လေ့မရှိကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသောဒေသများ၌ ဒေသခံပြည်သူလူထုများအနေဖြင့် စစ်ပွဲများကင်းလွတ်ရာနယ်မြေများသို့ အရေးပေါ် ကူညီကယ်ထုတ်ခြင်း များကို လူမျိုးမရွေး၊ ဘာသာမရွေး အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုAAကဆိုသည်။တစ်ချိန်တည်းတွင် AAထိန်းချုပ်နယ်မြေများအတွင်း မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင် များအတွက် စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အလှူရှင်များအား AAက အကူအညီတောင်းခဲ့သည်။မေလ ၂၄ရက်က ထုတ်ပြန်ချက်တွင်AAထိန်း ချုပ်နယ်မြေများ၌ စုစု ပေါင်း စစ်ဘေးရှောင် ၅ သိန်းကျော်ရှ်ိပြီး ယင်းတို့အနက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ၂ သိန်းခန့်ရှိသည်။ ထိုအထဲမှ ၈၀ရာခိုင်နှုန်းမှာ မူဆလင်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ AA ထုတ်ပြန်သော မူဆလင်ဆိုသည်မှာ ရိုဟင်ဂျာ ပြည်သူအများစုဖြစ်သည်။ရခိုင် နှင့် အခြားသော လူနည်းစု များမှာ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဟုဆိုသည်။ ထို့ကြောင့် အဆိုပါ အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု AAကထုတ်ပြန်ခဲ့သည်။တဖက်တွင် ဒေသတွင်း လူမျိုးရေးအထိဂရုဏ်းဖြစ်အောင် လှုံ့ဆော်မှုများကို ဟန့်တားခဲ့သည်။စစ်ကောင်စီ၊ RSO၊ ARSA၊ ARA အစရှိသောလက်နက်ကိုင် အဖွဲ့အစည်းများက ကျူးလွန်သည့် အကြမ်းဖက်မှုများကို AA က ပြုလုပ်သယောင် သတင်းမှားဖြန့်ဝေနေသူများအား ပြင်းထန်စွာသတိပေးကြောင်း AA ကထုတ်သည်။ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုများနှင့် ဒေသခံမူဆလင်ပြည်သူလူထုအကြားတွင် ပူးပေါင်းဆောင်ရွက်မှု၊ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုများအား တမင်ပျက်ပြားစေရန်ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေမှုများ၊ သတင်းမှားများပြောဆိုရေးသားနေမှုများကိုပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ဘူးသီးတောင်၊ မောင်တော ဒေသ၏ လက်ရှိအရေးကိစ္စများနှင့်ပတ်သက်၍ AAကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရားများကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စေရန်အတွက် အချိန်မရွေး ဆက်သွယ် နိုင်ကြောင်းနှင့်ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို အတူပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ထို့အပြင် အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသောပြည်သူများအတွက်ပါ များစွာစိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာသလို ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်ဟု AA သတိပေးခဲ့သည်။ထို့အတူ အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။သို့သော် ဘက်ပေါင်းစုံမှအကြပ်အတည်းနှင့် လူမျိုးရေးထောင်ချောက်များကို AA ကဖြတ်ကျော်၍ ဘူးသီးတောင်မြို့ကို ၂၀၂၄ ခုနှစ်မေလအတွင်းတွင်ထိန်းချုပ်ခဲ့သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မောင်တောမြို့သို့ထွက်ပြေးသွားခဲ့ပြီး နခခ(၅)ကို အခြေပြုကာ ခုခံစစ်ပြင်ခဲ့သည်။မိုင်းကွင်းများ၊ ထုထည်ကြီးမားသည့်ဘန်ကာများဖြင့် ခံစစ်ပြင်ကာစုစုပေါင်းအင်အား (၇၀၀) ကျော်ဖြင့်ခုခံခဲ့သည့် နခခ(၅)ကို AAက အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်ထိုးစစ်ဆင်ကာ ဒီဇင်ဘာလ၈ရက်တွင် သိမ်းပိုက်ပြီး မောင်တောတစ်မြို့လုံးကိုထိန်းချုပ်လိုက်သည်။၅၅ ရက်ကြာသည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ၄၅၀ဦးထက်မနည်း သေဆုံးပြီးကလက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့သည်။သို့သော် AA က ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို များများစားစားပြောမထားပါ။ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်နှင့် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားအပြင် RSO၊ ARSA၊ ARA နှင့်စစ်ကောင်စီမှ သင်တန်းပေးထားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိထားကြောင်းသာ အသိပေးထားသည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅) ကျကာနီးတွင် ၎င်းလက်အောက်ငယ်စစ်သားများနှင့်အတူ စစ်မတိုက်ဘဲ ARSA ၊ RSO ၊ARA လက်နက်ကိုင် များနှင့်အတူ စခန်းစွန့်ခွာခေါ်ထွက်ပြေး၍ ကိုယ်လွတ်ရုန်းရန်ကြိုးစားခဲ့သည်။ သို့သော်လည်း AAက အမိအရလိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။စစ်ခေါင်းဆောင်အလိုကျ ဘူးသီးတောင်၊မောင်တောဒေသကို မီးလောင်တိုက်သွန်းရန်ကြိုးပမ်းခဲ့သည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းအား AAက မည်သို့ ကိုင်တွယ်မည်ကို မသိရသေးပါ။ အာရက္ခတပ်တော်အတွက် ဘူးသီးတောင်၊မောင်တောတွင်စစ်ရေးသက်သက်သာအောင်ပွဲရခဲ့ခြင်းမဟုတ်ဘဲ အဓိကတရာခံ၊သက်သေ (သို့မဟုတ်) ဝှက်ဖဲတစ်ချပ်ကို ရရှိခဲ့ခြင်းပင်။”ရခိုင်ပြည်မြောက်ပိုင်းရဲ့ အခြေအနေတွေကို ရှုတ်ထွေးအောင်နဲ့ လူမျိုးစုနှစ်စုကြား တင်းမာမှုတွေ ပိုမိုဖြစ်လာအောင် စနစ်တကျ အကွက်ကျ လုပ်ခဲ့သူ ရိုဟင်ဂျာလူငယ်တွေ စစ်သင်တန်း တက်ဖို့ ချော့လိုက် ခြောက်လိုက် သွေးဆောင်လိုက်နဲ့ ရိုဟင်ဂျာလူငယ်အများအပြား စစ်သင်တန်းရောက်အောင် လုပ်ခဲ့သူ၊ရိုဟင်ဂျာတွေထဲက ရာဇဝဏ်ဂိုဏ်းသားတွေ ခိုးဆိုးလုယက်၊ မူးယစ်မှောင်ခို၊ လူမှောင်ခိုအုပ်စုတွေကို လက်သပ်မွေးပြီး ရခိုင်ပြည်အရေးကို ရှုပ်ထွေးအောင် လုပ်ခဲ့သူ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း ရေးသားထားသည်။ထိုကြောင့်၎င်းသည် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်တွင် ရိုဟင်ဂျာနှင့် AA ကြားလူမျိုးရေးပဋိပက္ခများဖန်တီးကာဒေသခံလူငယ်များစွာကို စစ်မှူထမ်းစေပြီးသေတွင်းထိသို့ပို့ခဲ့သူ ၊ မန္တလေးမြို့တွင် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သူ စသဖြင့် ကြီးမားသောပြစ်မှုများတွင် အဓိကတာဝန်ရှိသူသာမက ၊အရေးကြီးသည့် သက်သေ ဖြစ်လာဖွယ်လည်းရှိနေသည်။”မန္တလေးမှာ လုပ်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် အရေးကြီးတဲ့ သက်သေခံတယောက်ကိုတော့ AA ကနေ ထိန်းသိမ်းနိုင်လိုက်ပြီလို့ပြောလို့ရပါတယ်”ဟုCDM ဗိုလ်ကြီးဇင်ယော်ကပြောပါသည်။ ။
Admin-501
Your email address will not be published. Required fields are marked *
Comment *
Name *
Email *
Website
Save my name, email, and website in this browser for the next time I comment.
Leave a Reply