မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့( ဒီဇင်ဘာလ ၁၁ ရက်) တွင် ပြောကြားလိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၂၀/၂၀၂၅) တွင် ဦးနေဘုန်းလတ်က ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ထိုပြောဆိုချက်သည် တရုတ်အစိုးရ ကြီးကြပ်သည့် နယ်မြေခွဲဝေရေးအစီအစဉ်ကို လက်ခံမည်မဟုတ်ကြောင်း သီတင်းတစ်ပတ်အတွင်း NUG ၏ ဒုတိယမြောက် လူသိရှင်ကြား ပြောဆိုမှုဖြစ်လာသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အလားတူကြေညာချက်မျိုး ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းထဲမှ မိုးကုတ်မြို့နှင့် ထိုမြို့နှင့်ကပ်လျက်ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်မြို့များကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က NUG လက်အောက်မှတပ်များအပါအဝင် မဟာမိတ်များဖြင့်ပေါင်းကာ စစ်တပ်ထံမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က ယာယီအပစ်ရပ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုမြို့များကို စစ်တပ်ထံပြန်ပေးရန် သဘောတူခဲ့သည်။ ထို့နောက် စစ်တပ်သည် နိုဝင်ဘာလကုန်ပိုင်းမှစတင်ပြီး မိုးကုတ်နှင့်မိုးမိတ်မြို့များသို့ ပြန်လည်တပ်စွဲထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဘက်တွင်မူ တရုတ်အစိုးရကြီးကြပ်သည့် နယ်မြေခွဲဝေရေး စီမံချက်ကို လက်မခံဘဲ ထိုမြို့နှစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် ‘မိုးကုတ်၊ မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့’ အမည်ဖြင့် တပ်ဖွဲ့သစ်ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းထားကြောင်း ကြေညာထားသည်။

ဒေသတွင်း PDF နှင့် ပကဖ များကို စုစည်းထားသည့် ထိုတပ်ပေါင်းစုအသစ်သည် NUG ထံမှစီးဆင်းမည့် “တသတ်မတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်”အောက်မှ မိုးကုတ်နှင့်မိုးမိတ်ကို တိုက်ခိုက်မည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၆ ရက်နေ့၊ ကြေညာချက်ကဆိုသည်။

ထို့နောက် ငါးရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်တွင် NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနနည်းတူ မိုးကုတ်နှင့်မိုးမိတ်ကို ဝင်လာသည့် စစ်တပ်ကို တိုက်ခိုက်မည်ဟု ဆိုသည်။

‘မိုးကုတ်၊ မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့’သည် နိုဝင်ဘာလ ၃၀ ရက် ညတွင် စတင်ပြီး ဒီဇင်ဘာလ ၆ ရက်အထိ စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး စခန်းကုန်း တစ်ခုကို သိမ်းထားသည်ဟုလည်း ဦးနေဘုန်းလတ်က ဆိုသည်။

မိုးကုတ်မြို့အခြေအနေ

မိုးကုတ်မြို့အား TNLA လက်မှ လွှဲပြောင်းယူခဲ့သည့် စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့ အနောက်ပိုင်းရှိ NUG အောက်က တော်လှန်ရေးတပ်များ ထိန်းချုပ်သည့်ကျေးရွာများအား လက်နက်ကြီး၊ ဒရုန်းပစ်ကူများ သုံး၍ စစ်ကြောင်းဆက်ထိုးနေသည်ဟု မိုးကုတ်မြို့ခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံက သိရသည်။

မိုးကုတ်အနောက်ပိုင်း သစ်ဆိမ့်ကုန်း၊ ဘောလုံးကြီးရွာအနီးရှိ NUG တပ်ဖွဲ့စခန်းများအား စစ်တပ်က စစ်ကြောင်း ဆက်ထိုးနေပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်ကလည်း စစ်တပ်ရှိသည့်နေရာများအား ဒရုန်းဖြင့် တိုက်ခိုက်မှုများရှိသည်ဟု မြို့ခံများက ဆိုသည်။

“စစ်တပ်က မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ တစ်ခါပစ်ရင် သုံးလေးလုံး ဆက်တိုက်ပစ်နေတာ။ (PDF တွေဘက်) ဒရုန်းနဲ့ ပြန်ပစ်တာမျိုးတော့ ရှိတယ်” ဟု မိုးကုတ်အနောက်ပိုင်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ တိုက်ပွဲများရှိနေချိန် မိုးကုတ်မြို့ အနောက်ပိုင်း လမ်းမများပေါ်တွင် သွားလာနေသည့် ဒေသခံများအား စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကျပ်သည်ဟု မြို့ခံတို့ကဆိုသည်။

“အနောက်ပိုင်းမြို့ထဲနဲ့ ရွာတွေဘက်ကို သွားတဲ့ လမ်းတွေမှာ တအားစစ်နေတယ်။ ရွာသူရွာသားတွေတောင် သွားလာဖို့ မလွယ်ဘူး။ စစ်တာ အုပ်စုလိုက် စစ်နေတာ” ဟု မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။

နိုဝင်ဘာလကုန်တွင် TNLA က စစ်တပ်လက်သို့ မိုးကုတ်မြို့အား လွှဲပြောင်းပြီးနောက် မိုးကုတ်မြို့အတွင်းသို့ စစ်တပ်က အင်အားတစ်ထောင်နီးပါးဖြင့် ဝင်ရောက်လာသည်။

ထိုသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် NUG တပ်များအကြား နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

မိုးကုတ်မြို့ပေါ် အချက်အချာကျသည့် ဘောလုံးကွင်းနှင့် တောင်ကုန်းနေရာများတွင် စစ်တပ်က လက်နက်ကြီးများ အထိုင်ချကာ ပစ်ခတ်နေကြောင်း မြို့ခံတို့က ဆိုသည်။

“မိုးကုတ်က တောင်ပတ်လည်ဝိုင်းနေတော့ ဟိုးဘက်တောင်ထိပ်နဲ့ ဒီဘက်တောင်ထိပ် စခန်းချပြီး အပြန်အလှန် ပစ်နေကြတာဗျာ။ ညနေပိုင်းဆိုရင် ပိုဆိုးတယ်။ ပစ်ခတ်နေကြတာ” ဟု အထက်ပါ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့ များရှိသည့် ကျေးရွာနေအိမ်များအား စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်။

စစ်တပ်က မိုးကုတ်မြို့အဝင်အထွက်နေရာများဖြစ်သည့် ပိန်းပစ်ကျေးရွာ၊ ငါးမိုင်ဂိတ်၊ ပန်းမထိပ် စသည့် နေရာများတွင် တပ်စွဲထားသည်ဟု မြို့ခံများက ဆိုသည်။

ထို့ပြင် မိုးကုတ်အရှေ့ပိုင်းတွင် အထက (၁) စာသင်ကျောင်း၊ ဆေးရုံ၊ ဗျူဟာကုန်းတို့တွင် စစ်တပ်က နေရာယူထားပြီး မိုးကုတ်မြို့အနောက်ပိုင်းတွင် ရဲစခန်း၊ ရေထွက်ကြီးရွာနှင့် ကျောက်ဖားဂိတ် အဝင်အထွက်တို့တွင် နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်–မန္တလေး (MDY-PDF)၊ မိုးကုတ်ပကဖ၊ မိုးကုတ်ဗျူဟာ စသည့် NUG တပ်ဖွဲ့များ အဓိကအခြေစိုက်လှုပ်ရှားပြီး ထိုတပ်များအားလုံးက စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

မိုးကုတ်မြို့မှ ဆုတ်ပေးလိုက်ရသည့် တော်လှန်ရေးတပ်များသည် မြို့နှင့် သုံးမိုင်အကွာရှိ တောင်ကုန်းများတွင် တပ်စွဲထားကြောင်း မြို့ခံများထံမှ သိရသည်။

မိုးကုတ်မြို့၏ မြို့ပေါ်ရပ်ကွက် ငါးခုတွင် လူဦးရေ တစ်သိန်းနီးပါး နေထိုင်သည်။

နောင်ချို၊ ကျောက်မဲမြို့များတွင် စစ်တပ်ပြန်ဝင်ပြီးနောက် မြို့ခံများ နေရပ်ပြန်လာသော်လည်း မိုးကုတ်မြို့တွင်မူ တိုက်ပွဲများကြောင့် မြို့ခံများ နေရပ် ပြန်လာခြင်းမရှိသေးဟု ဒေသခံများက ဆိုသည်။

“လူတွေက တစ်ယောက်စ၊ နှစ်ယောက်စ ပြန်လာသေးတယ်။ ပစ်တဲ့ခတ်တဲ့ အသံတွေကြားလို့ ပြန်ထွက်ကြတာ။ အခုမြို့ထဲက လူက နည်းနည်းပဲ ရှိတယ်” ဟု မိုးကုတ်အရှေ့ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်တပ် ပြန်ဝင်လာသော်လည်း မြို့တွင် အုပ်ချုပ်ရေးပိုင်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မြို့ခံများက ဆိုသည်။

“ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်းတွေမှာ သူတို့နေတယ်။ အုပ်ချုပ်ရေးပိုင်းလုပ်ငန်းတွေတော့ သိပ်လုပ်နိုင်တာ မတွေ့သေးဘူး” ဟု မိုးကုတ်မြို့ခံတစ်ဦး က ပြောသည်။

မြို့တွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများသည် ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟု မြို့ခံများက ဆိုသည်။

မိုးမိတ်စစ်ရေးအခြေအနေ

မိုးကုတ်နှင့် ၂၈ မိုင်အကွာ မိုးမိတ်မြို့တွင်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့သည်။

မိုးမိတ်မြို့ပတ်လည်အား ကချင်လွတ်လပ်ရေးတပ်(KIA) ၊ NUG PDF များ၊ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ် (ABSDF) စသော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး မြို့ပေါ်ရပ်ကွက်များတွင်သာ စစ်တပ်က ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ယခုလ ၆ ရက်နေ့တွင် မိုးမိတ်မြို့နှင့် ၁၈ မိုင်အကွာ မြစ်ဆုံရွာသို့ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုးမိတ်မြို့မှ စစ်ဘေးတိမ်းရှောင်နေသူများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်ဟု မိုးမိတ်မြို့ခံများထံမှ သိရသည်။

မြို့လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်တပ်က မိုးမိတ်မြို့ပြင်ရှိ တော်လှန်ရေးတပ်စခန်းများသို့ စစ်ကြောင်းများ ဆက်ထိုးနေပြီး စစ်ရေးတင်းမာနေသည်ဟု မိုးမိတ်မြို့ခံများထံက သိရသည်။

“ကျွန်တော်တို့ မိုးမိတ်မြို့က မိုးကုတ်လို မဟုတ်ဘူး။ မြို့က သေးတယ်လေဗျာ။ အခုက မြို့ထဲပြန်ဖို့ ကြောက်နေရတယ်။ စစ်တပ်ကလည်း စစ်ကြောင်း ထပ်ထိုးဖို့ ဆက်လုပ်နေတယ်” ဟု မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦး ကလည်း ပြောသည်။

စစ်တပ် ပြန်ဝင်လာသည်မှာ ၁၀ ရက်ကျော်ရှိပြီဖြစ်သော်လည်း မြို့အုပ်ချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သေးကြောင်း မြို့ခံများထံက သိရသည်။

“တပ်က လုံခြုံရေးလုပ်အုံးမယ် ထင်တယ်။ စိတ်ချရမှ အုပ်ချုပ်ရေးလိုင်းက ဝင်မယ့် သဘောရှိတယ်။ ဌာနဆိုင်ရာ ရုံးတွေ အရင်လို လည်ပတ်လို့မရသေးဘူး” ဟု မိုးမိတ်မြို့ ဌာနဆိုင်ရာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၃ အောက်တိုဘာလက စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ် အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါမြို့များထဲမှ မန္တလေး–လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် စစ်ကော်မရှင်က ယခုနှစ် ဧပြီလ ၂၈ ရက်နှင့်၂၉ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံစဉ် တောင်း ဆိုခဲ့သည်။

ထိုစဉ်က TNLA က ငြင်းဆန်ခဲ့ရာ ယခုနှစ်နှစ်လယ်မှ စတင်ကာ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် တောင်းဆိုထားသည့် ကျန်နှစ်မြို့ကိုပါ TNLA က ပြန်လည်ပေးခဲ့ရသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့အား စစ်တပ်လက်မှ ပြန်ရရန် မိုးကုတ်–မိုးမိတ်ဒေသ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက အနီးကပ်ကြီးကြပ်ကွပ်ကဲနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MOD) က ဒီဇင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တပ်ပြန်ဝင်လာပြီးနောက် တစ်ပတ်အတွင်း တိုက်ပွဲ ကိုးကြိမ်အထိ ဖြစ်ပွားပြီး စစ်တပ်စခန်းတစ်ခုအား သိမ်းပိုက်ထားနိုင်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးကုတ်မြို့ပြန်ရရေး တိုက်ပွဲတွင် ပါဝင်နေသည့် မိုးကုတ်ဗျူဟာအဖွဲ့ကလည်း မိုးကုတ်မြို့မှတဆင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည်ဟု မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်များက ဆိုထားသည်။

မိုးကုတ်နှင့် မိုးမိတ်အား ပြန်ရထားသည့် စစ်ကော်မရှင်တပ်သည် မိုးကုတ်–သပိတ်ကျင်းလမ်းကြောင်းအား စိုးမိုးနိုင်ရန် မိုးကုတ်နှင့် စဉ့်ကူးမြို့နယ်များမှ ညှပ်၍ စစ်ကြောင်းထိုးနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်သည်။

အဆိုပါလမ်းကြောင်းတွင် MDY-PDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များက စိုးမိုးထားကြသည်။

စစ်တပ်စစ်ကြောင်းများသည့် ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်များတည်ရှိသည့် လက်ပံလှရွာအနီးသို့ ရောက်ရှိလာပြီး တိုက်ပွဲဆက်ဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *