မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား
မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ တရားဝင် မြန်မာအစိုးရဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ထံသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်သည်။
NUG အမျိုးသားညီညွတ်ရေးအစိုးရမှာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်က တိုင်းပြည်၏နယ်မြေ ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကလည်း နေ့စဉ်နှင့်အမျှလျှော့နည်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းထားကြောင်း၊ မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေး ပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်း ယာယီသမ္မတက ဆိုသည်။
လာမည့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မတရားအာဏာရယူထားခြင်းမှာ ဒီမိုကရေစီပြန်ရရေး ခုခံကာကွယ်သည့် ၄ နှစ်ပြည့်ဖြစ်ကြောင်း၊ အဆိုပါကာလတွေအတွင်း စစ်တပ်၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း ၊ထိုကဲ့သို အခက်အခဲများကို မြန်မာပြည်သူလူထုက ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်စေရန် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးကာလများအတွင်း မလေးရှားနိုင်ငံ၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိက်လှဲစွာကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားကြောင်း ယာယီသမ္မတက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုး စားနေခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှုတွေပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဖြစ် ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန်သော သဘော ထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲများ၊ လူမှုအခြေပြုအဖွဲအစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု၏ စစ်မှန်သော သဘောထားနှင့်လိုက် လျော ညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို မျှော်လင့်ကြောင်း NUG ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံမှာ ယခု ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌသစ် အဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားပေး မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေး ဦးစားပေးဖြစ်သင့်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
Leave a Reply