မြဝတီကျားဖြန့်စစ်ဆင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်ရောက်နေ

နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးနှင့်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းကြည်းတပ် အဆင့်မြင့်အရာရှိ နေပြည်တော်သို့ရောက်ရှိနေပြီး စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ယနေ့(ဇန်နဝါရီ ၂၁) တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ကြေညာသည်။

ထိုင်းကြည်းတပ်စစ်ဆင်ရေးဌာန၊ အိမ်နီးချင်းနိုင်ငံများနှင့်ညှိနှိုင်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး Direk Bongkarn သည် ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့စဉ် နယ်စပ်လူကုန်ကူးဂိုဏ်းများနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် စစ်တပ်နှစ်ခုအကြားပူးပေါင်းနိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီသတင်းကဆိုသည်။

သို့သော်စစ်ဆင်ရေးအသေးစိတ်အချက်အလက်များအပါအဝင် မည်သည်သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ပြီးခဲ့သည့်သတင်းပတ်များအတွင်းက တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရက စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့ကို ဖိအားပေးခဲ့သည်။

လွန်ခဲ့သည့်သတင်းပတ်အတွင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို အမြစ်ဖြတ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

စစ်ကောင်စီကလည်း ကရင်ပြည်နယ် မြဝတီရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း ကျားဖြန့်ဂိုဏ်းများရှိကြောင်း ယမန်နေ့ကသတင်းထုတ်ပြန်ချက်တွင် ဝန်ခံခဲ့ပြီး ထိုဂိုဏ်များလည်ပတ်ရန် လျှပ်စစ်နှင့် အင်တာနက်တို့ကို ထိုင်းနိုင်ငံဘက်က ထောက်ပံ့နေသည်ဟု တန်ပြန်စွပ်စွဲထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *