ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း CNDF အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ရှေ့တန်းရောက် CNDF အမျိုးသမီးရဲဘော်များ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ CNDF တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။

ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ဖလမ်းမြို့သိမ်း တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ကာ ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

ပုံစာ – CNDF အမျိုးသမီးရဲဘော်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *