ဒီတစ်ကြိမ်မှာတော့ သူ့ကို သာကေတ မြို့မရဲစခန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတို့ပူးပေါင်း အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။
ပြီးတော့ ရဲတပ်ဖွဲ့ဝင်ကိုသတ်ခဲ့တဲ့အမှု့အတွက် တင်မြင့်ကို ပဲခူးစစ်ခုံရုံးတင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို ချမှတ်ခဲ့တော့တာပါပဲ။
“ဓါးတင်မြင့် ရဲ့ နောင်တ”
မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းြ ဖစ်သည်။
သေဒဏ်ပေးခံရသော အကျဉ်းသားများကိုသာ သီးသန့်ထားသည့် ကြိုးတိုက် အဆောက်အဦးအတွင်း၀ယ် လူတစ်ယောက်သည် ခေါင်းကိုငိုက်စိုက်ထိုင်လျက်သတင်းစာဖြတ်ပိုင်းတစ်ခုကို စိုက်ကြည့်နေ၏ ။
သတင်းစာဖြတ်ပိုင်းကို ငုံ့ကြည့်နေသူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် သမံတလင်းပေါ် ထောက်ထားသည် ။
အသေအချာကြည့်မည်ဆိုပါက အံကို တင်းနေအောင်ကြိတ်ထားပြီး သူ့မျက်၀န်းအတွင်း မျက်ရည်များေ၀့သီနေသည်ကို တွေ့ကြရလေမည် ။
ထိုသူကား ဓါးတင်မြင့် ။
မှန်ပါသည် ။
လူသတ်မှု ၊ လုယက်မှုပေါင်းများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ ၊ အကျဉ်းထောင်များမှ အကြိမ်ကြိမ်လွတ် မြောက်ခဲ့ပြီး နောက်ဆုံးအကြိမ် ရဲတပ်ဖွဲ့၀င်နှစ်ဦးအား သတ်ခဲ့အပြီးတွင် သေဒဏ်ချမှတ်ခံရသော နာမည်ကျော်လူမို က်ကြီး ဓါးတင်မြင့်ပင်။
ဓါးတင်မြင့်ကား တရားရုံးမှ သေဒဏ်အမိန့်ချပြီး ပြန်အထွက်တွင်ပင် ဟေ့ ဒီလိုပဲ သေဒဏ်ဆိုပြီီး ခဏနေပြန်လွတ်တာကွ ဟုဆိုကာ နိုင်ငံတော်သမ္မတ၏ စေတနာမေတ္တာကရုဏာ လွတ်ငြိမ်းချမ်းသာခွင့်တို့ကို ရည်စူးကြွေးကြော်ဂုဏ်ဖော်ပေးခဲ့သည့် အာဂ လူကြီးဖြစ်သည် ။
ထိုလူကြမ်းကြီး ယခု မျက်ရည်၀ဲပြီ ။ အံကြိတ်ပြီ ။ လက်သီးဆုပ်ပြီ ။
ကြိုးတိုက်အတွင်း မျက်စိလည်လမ်းမှားရောက်လာသော သတင်းစာဖြတ်ပိုင်းလေးတစ်ခုကြောင့် လူကြမ်းကြီး နောင်တရနေချေပြီ ။
ဆိုးခဲ့မိုက်ခဲ့သမျှ သေခါနီးမှ နောင်တရနေသည်လား ။
မဟုတ်ပါ ။
သူနောင်တရမိသည့် အကြောင်းကို နှုတ်မှ ပင် ဖွင့်ဖော်လေပြီ ။
နားဆင်လော မိတ်ဆွေ ။
”တောက်…ငါ..သမ္မတ ဖြစ်အောင် ကြိုးစားခဲ့ရမှာ..ငါသာ သမ္မတဖြစ်ရင် ကွာ” ဓါးတင်မြင့် အတွေးတို့က ပရဟိတမင်းသားကြီး ကိုကျော်သူ၏ စာအုပ်ခေါင်းစဉ်လို ငါသာသမ္မတကြီးဖြစ်ခဲ့လျှင်ဟု အစချီလေသည်ကား….။
ငါသာငယ်ငယ်က စာကောင်းကောင်းသင်ခဲ့ရင် ပညာတတ်ကြီးဖြစ်မှာ ။
အဲ့ဒီအခါကျ ငါတပ်ထဲ၀င်ရင်လဲ တပ်သားဘ၀နဲ့မဟုတ်ဘူး ။
အရာရှိဘ၀နဲ့ ၀င်ရမှာ ။
အဲ့ဒီကျ ငါလဲ တပ်ပြေးဖြစ်မှာမဟုတ်ဘူး ။
အရာရှိအကြီးကြီးဖြစ်ပြီး အငြိမ်းစားယူ ။
ပါတီထဲ ၀င်ပြီးရင် ငါသမ္မတကြီး ဖြစ်ရမှာ ။
သမ္မတကြီး ဦးတင်မြင့် ။
ဦးတင်မြင့် သမ္မတကြီး ။
နေရာကျလိုက်လေ ။
အဲ့ဒီအခါကျ ငါ အခုလို လိုက်လုယက်နေစရာမလိုဘူး ။
တိုင်းပြည်က ရှိသမျှလေးကို ခရိုနီတွေဆိုတဲ့လူတွေနဲ့ပေါင်းပြီး နိုင်ငံခြားကိုရောင်း။
ခိုးတယ်ဆိုတာ အရင်လူမိုက်တင်မြင့်ဘ၀ကသာ ပင်ပင်ပန်းပန်းလ ုပ်ရတာ။
အခုလို လူကြီးဖြစ်ပြီဆို ခိုးတယ်ဆိုတာ သိပ်လွယ်တာ ။
လက်မှတ်လေးတစ်ချက်ထိုးတတ်ယုံပဲ မဟုတ်လား။
အချိန်ကျ တာ၀န်အရ လုပ်တာပါဆိုတာလေးသာ ထည့်ပြောလိုက်။
ငါဝါသနာပါတဲ့ လူသတ်တာကိုလဲ သိပ်ခက်ခက်ခဲခဲ လုပ်စရာမလိုဘူး ။
အိမ်တော်မှာ ဇိမ်နဲ့နှပ်ပြီး ဟိုးလယ်ကွင်းပြင်က လယ်သူမကြီးကိုတောင် နောက်စေ့ပွင့်အောင် တပည့်တွေကို သေနတ်နဲ့ဆော်ခိုင်းလိုက်လို့ တယ် ။
အခု ငါအဖမ်းခံရတော့ ငါ့ဓာတ်ပုံလာရိုက်နေတဲ့ သတင်းထောက်တွေငဖွတွေကိုလဲ သူပုန်ကွဟေ့ဆိုပြီး အသာလေး အစဖျောက်ပစ်လို့ရသေး ။
အချိန်ကျ တာ၀န်အရ ဆိုတာလေးသာ ထည့်ပြောလိုက် ။
သူများအသားကိုနာကျင်စေချင်ရင်လဲ အလွယ်လေး ။
စီမံကိန်းတစ်ခုကို လူတွေသဘောမတူလဲလုပ် ။
ဟိုလို ဒီလိုလာပြောရင် မီးလောင်တဲ့ ဗုံးဆိုလာ ဘာဆိုလား အဲဒါလေးနဲ့ ကြွေးလိုက် ။
တန်ခိုးကြီးပါတယ်ဆိုတဲ့ ဘုန်းကြီးတွေတောင် အရေပြားကွာကျသွားမယ် ။
အချိန်ကျ တာ၀န်အရ ဆိုတာလေးသာ ထည့်ပြောလိုက် ။
ငါဓါးတင်မြင့်ဘ၀က လိုက်ဖမ်းတဲ့ရဲတွေလား.. ကိစ္စမရှိဘူး နေပူကြဲတဲထဲမှာ ကျောင်းသားတွေနဲ့ လွှတ်ပေးလိုက် ။
ကျောင်းသားငတိတွေလဲ အထိနာ ရဲတွေလဲ နာမည်ပျက် ။
နောက်ပြီး ခိုးဆိုးနှိုက် လူသတ် ဓါးပြတိုက် အကျဉ်းသားတွေကိုလဲ နိုင်ငံတော်မှာ မိုးတွင်းကြီး မိုးရွာတဲ့အထိမ်းအမှတ် တစ်ခါလွှတ် ၊ နွေရာသီနေသာတဲ့အထိမ်းအမှတ်ဆိုလဲ တစ်ခါလွှတ် ၊ နေပြည်တော်မှာ ရေချမ်းစင်အသစ်လှူလဲ တစ်ခါလွှတ် ဆိုပြီး သမ္မတတင်မြင့်က ခဏခဏ လွှတ်ပေးပစ်မှာ ။
ကိုယ်နဲ့ ဝါသနာတူ ဘ၀တူတွေကို ကိုယ်အမြင့်ရောက်တဲ့အခါ ကြည့်ရမယ်လေ ။
တင်မြင့်တို့က လူဆိုးလူမိုက်ပေမယ့် ဒီလို ကိုယ်ချင်းစာနာစိတ်လေးလဲ ရှိပါသေးတယ် ။
ပြီးတော့အရင်လို သွားလေရာ ဓါးသုံးချောင်းလဲ ဆောင်စရာမလိုတော့ပါဘူး။
ငါက သမ္မတကြီးတင်မြင့်ဖြစ်နေပြီပဲ ကိုယ်လုပ်သမျှကို တာ၀န်အရပါဆိုပြီး ဖြီးပေးမယ့် ၀န်ကြီးသုံးပါးပဲခန့်ထားလိုက် ။
ဓါးသုံးလက်ထက် လူတွေကို ပိုဒုက္ခပေးနိုင်တယ် ။
လူတွေလျှောက်သတ်ပြီးရင်လဲ သိပ်စိတ်ပူစရာမလိုတော့ဘူး ။
ငါ့မဟာမိတ်ပေါက်ဖော်တွေတူးပေးထားတဲ့ ဖားကန့်က မဟာအ၀ိစိတွင်းနက်ကြီး ရှိတာပဲ ။
အဲ့ဒီထဲ အကုန်ပစ်ချ မြေဖို့ပစ်။ အေးဆေးပဲ ။
ဟဲဟဲ သမ္မတ တင်မြင့် တင်မြင့် သမ္မတတို့က အေးအေးဆေးဆေး ယာတောအိမ်လေးမှာ ရိုးရှင်းတဲ့ အရက်ဖြူလေးသောက်ပြီး နှပ်နေရုံပဲ ။
ကဲ ဘယ်လောက်ဇိမ်ကျလိုက်သတုံး ။
တင်မြင့်သမ္မတ ။ သမ္မတ တင်မြင့် ။
ငါးနှစ်လောက် လုပ်ချင်တာလုပ်ပြီးပြီဆိုတာနဲ့ သမ္မတတင်မြင့် အနားယူမယ် ။
အဲ့ဒီအခါကျ လုံခြုံရေးတွေဘာတွေနဲ့ တင်မြင့်တို့ ဇိမ် စကျပြီ ။
ဘာ..ဘယ်လို…ငါးနှစ်တာ သမ္မတတင်မြင့် ရမ်းခဲ့ ကြမ်းခဲ့တာတွေကို အရေးယူမို့တဲ့လား ဟား ဟား ဟား လို့တောင် တင်မြင့်တို့က အော်ရယ်ပြလိုက်ဦးမှာ။
ဒူးလေး နန့်ပြနေဦးမှာ ။
မျက်လုံးလေးမှေးပြီး ၀င်းဦးအသံလေးနဲ့ သေချာလို့လားဗျာ ဆိုပြီး မေးလိုက်ဦးမှာ ။
ဒီမယ် တင်မြင့် ဆိုတဲ့လူက အခုတောင်အမေရိကန်မှာ သမ္မတလုပ်ဆိုရင်တောင် သွားမလုပ်ဘူး ။ အသေငြင်းမှာ ။
တင်မြင့် က မြန်မာပြည်မှာပဲ သမ္မတ ဖြစ်ချင်တာ ။
ကိုယ့်တိုင်းပြည်ကိုချစ်လွန်းလို့ရယ်တော့မဟုတ်ဘူးဗျ။
အမေရိကန်မှာဆို ဟိုအရင် သမ္မတဟောင်း ကလင်တန် ဆိုတဲ့လူ သူ့အတွင်းရေးမှူးမ နဲ့ ဘာညာသာရကာဖြစ်ကြရာက အတွင်းရေးမှူးမက တရားစွဲလို့ ပြသနာတက်တဲ့ကိစ္စ တင်မြင့် ကြားဖူးထားတယ်လေ ။
ဒါကြောင့် တင်မြင့်က မြန်မာပြည်မှာပဲ သမ္မတဖြစ်ချင်တာ ။
သမ္မတ တင်မြင့် တင်မြင့် သမ္မတ ။
ကိုင်း ခေါ်ရတာအရသာရှိလိုက်ပါဘိတောင်း ။
”တင်မြင့်..တင်မြင့်..ထောင်ပိုင်ကြီး လာမယ်…ပုံစံပြင်ထား..ပုံစံပြင်ထား”
ကြိုးတိုက်တာ၀န်ကျ ထောင်ကြပ်ရဲ့ အသံမာမာကြီးကြောင့် သတင်းစာဖြတ်ပိုင်းလေးကို ငုံ့ကြည့်ကာစိတ်ကူးယဉ်နေသော ဓါးတင်မြင့်တစ်ယောက်ဆတ်ခနဲဖြစ်သွားသည်။
တာ၀န်ကျထောင်ကြပ်ကို ဂျိုကြည့် တစ်ချက်ကြည့်လိုက်ပြီး ပုံစံထိုင်ရန် ပုဆိုးကိုအသင့်ပြင်၀တ်လိုက်စဉ် သူငုံ့ကြည့်နေသည့် သတင်းစာဖြတ်ပိုင်းလေးက ကြိုးတိုက်၏ တစ်ဖက်ထောင့်ကို လွင့်ထွက်သွားသည် ။
သတင်းစာဖြတ်ပိုင်းလေးပေါ်မှာတော့ “သမ္မတတာ၀န်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း ၊ အခန်း(၄) နိုင်ငံတော်သမ္မတတာ၀န်ထမ်းဆောင်ခဲ့သူ၏ တာ၀န်အရဆောင်ရွက်ချက်များကို တရားစွဲဆိုခြင်းမရှိစေရ” ဆိုသည့် စာသားလေးက အထင်းသား ။
ပုံစံထိုင်ဖို့ပြင်ဆင်နေရင်း အခန်းထောင့်မှာ သတင်းစာစာရွက်လေးကို ရီဝေဝေ ကြည့်ကာ ဓါးတင်မြင့်နှုတ်ဖျားက နောင်တသံဖြင့် ခပ်တိုးတိုးလေးရေရွှတ်လိုက်သည်က
”တောက်…တင်မြင့် သမ္မတ ဖြစ်အောင် မကြိုးစားမိတာ နာသကွာ”
(အထက်ပါစာသည် ဓါးတင်မြင့်၏ အတွေးသာဖြစ်ပြီး စာရေးသူ၏ အာဘော်မဟုတ်ပါ ။ မယုံရင် အင်းစိန်ထဲ သွားမေးကြ..ငိငိ ကြိုကာထားရသေးတယ်.)
✍🏻ဗြိတိသျှကိုကိုမောင်


Leave a Reply