မနေ့က ရန်ကုန်-မန္တလေး အမြန်လမ်း၊ ကျောက်ဆည် လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြားက မိုင်တိုင် ၃၃၂ အနီးဝန်းကျင်ကို တော်လှန်ရေး တပ်တွေ ရှောင်တခင် တက်ရောက်စစ်ဆေး ခဲ့ကြတာ တွေ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းဟာ စစ်ကောင်စီအတွက် အရေးပါဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ဒီလိုနေရာမှာ တော်လှန်ရေး အဖွဲ့တွေ ပေါ်ပေါက်လာတာဟာ “ငါတို့ ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး” ဆိုတဲ့ စိုးရိမ်စိတ်ကို စစ်ကောင်စီတပ်သားတွေကြား ပြန့်နှံ့စေပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်း ရှိတယ် ဆိုတဲ့ ဝါဒဖြန့်မှုကို ရိုက်ချိုးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေတာကို သက်သေပြရာ ရောက်ပါတယ်။

အမြန်လမ်းမကြီးဟာ စစ်ကောင်စီအတွက် ရိက္ခာ၊ လက်နက်နဲ့ လူအင်အား ဖြည့်တင်းရာမှာ အဓိက သွေးကြောကြီး ဖြစ်ပါတယ်။ အခုလို ရှောင်တခင်စစ်ဆေးမှုတွေ မကြာခဏ လုပ်နိုင်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ ထောက်ပို့လုပ်ငန်းတွေကို နှောင့်နှေးစေပါတယ်။ တဘက်က ကြည့်ရင်လည်း ရန်သူ့နယ်မြေအတွင်းမှာတင် ရန်သူ့လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းရှိလာတာဟာ စစ်ရေးအရ အသာစီးရမှုကို ဖော်ပြနေပါတယ်။

မြို့ပြနဲ့ နီးစပ်တဲ့နေရာတွေ၊ အဓိက လမ်းမကြီးတွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေကို မြင်တွေ့ရခြင်းက ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအတွက် “ငါတို့ဘေးမှာ ငါတို့တပ်တွေ ရောက်နေပြီ” ဆိုတဲ့ ယုံကြည်မှုကို ဖြစ်စေပါတယ်။ တော်လှန်ရေးဟာ တောတောင်ထဲမှာတင် မဟုတ်ဘဲ မြို့ပြအနီးအထိ ရောက်ရှိလာပြီဆိုတဲ့ အသိက လူထုရဲ့ ပါဝင်ကူညီမှုကို ပိုမိုအားကောင်းစေပါတယ်။ တော်လှန်ရေး တပ်တွေ နယ်မြေ စိုးမိုးမှု ပိုအားကောင်း လာနေလို့ နောက်ဆို ဒါမျိုးတွေ မကြာခဏ မြင်ရပါလိမ့်မယ်။

စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုက အဲဒီလို စစ်ဆေးတဲ့ ရုပ်သံဖိုင်မှာ အမျိုးသား တစ်ဦးက “မြန်မြန်ဆော်ကွာ” ဆိုပြီး လှမ်းပြောထားတဲ့ ရုပ်ပုံကို ကားနံပါတ်ရော၊ လူပုံပါ မဖျက်ဘဲ ဖော်ပြမိခဲ့တဲ့ အတွက် အဲဒီအမျိုးသားကိုဖမ်းထားတယ်လို့ စခလော်ဘီ ချန်နယ်တွေမှာ တင်နေတာ မြင်တွေ့ ရပါတယ်။ ဒီဖြစ်စဉ်ဟာ တော်လှန်ရေးကာလအတွင်း သတင်းအချက်အလက် လုံခြုံရေး (Information Security) အားနည်းချက်ကို မီးမောင်းထိုးပြနေပါတယ်။

ဗီဒီယိုဖိုင်ကို အများပြည်သူသိအောင် ချပြရာမှာ ပါဝင်ပတ်သက်သူတွေရဲ့ မျက်နှာ၊ ကားနံပါတ်နဲ့ အသံ တွေကို ဖုံးကွယ် (Blur) မထားခဲ့တာဟာ အဓိက အမှားဖြစ်ပါတယ်။ စစ်ကောင်စီ စိုးမိုးနယ်မြေအတွင်းမှာ ရှိနေသူတစ်ဦးအတွက် ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားပါတယ်။ ကာယကံရှင် ကလည်းစိတ်လှုပ်ရှားမှုကြောင့် ပြောခဲ့တာဖြစ်နိုင်ပေမဲ့ မိမိ အခြေအနေကို သတိမမူမိခဲ့ သလို ဖြစ်သွားခဲ့ပါတယ်။

ရန်သူကတော့ ရေနဲ့ငါးကို ခွဲထုတ်သလို ပြည်သူနဲ့ တော်လှန်ရေး တပ်တွေ အကြား ပေါင်းစည်းမှုကို ရတဲ့နည်းနဲ့ ခွဲထုတ်ဖို့ ကြိုးစားမှာပါပဲ။ အခုလို သူတို့ရဲ့ နားရွက်ကို တံတွေးဆွတ်သလို ဖြစ်တဲ့ကိစ္စမှာ မနိုင် နိုင်ရာ ဖိထောင်းပြီး ရှုံးမဲ မဲတတ်တာလည်း ရှေ့မှာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ မြို့ပြသပိတ် တွေမှာ အနီးအနားက သူတွေကို မဆီမဆိုင် ဒုက္ခပေးပြီး မထောက်ခံရဲအောင် လုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။

အခုလို ဖြစ်စဉ်မျိုးကနေ သင်ခန်းစာယူပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ပြန်ကြားရေးတာဝန်ခံတွေအနေနဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်ပေါ် မတင်ခင် ဒါမှမဟုတ် သတင်းဌာနကို မပို့ခင်မှာ တော်လှန်ရေးသမားတွေ သာမက လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ မျက်နှာတွေ၊ ကားနံပါတ်ပြားတွေ၊ အိမ်နံပါတ်တွေ၊ မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်တဲ့ ထူးခြားတဲ့ အမှတ်အသားတွေကို ဖုံးကွယ်ရပါမယ်။

NUG လို ဦးဆောင်အဖွဲ့တွေ အနေနဲ့လည်း သတင်းထုတ်ပြန်မှုဆိုင်ရာ လမ်းညွှန်ချက် (SOP) ထားရှိပြီး “ငါတို့ကြောင့် ပြည်သူ ဒုက္ခမရောက်စေရဘူး” ဆိုတဲ့ မူဝါဒ ရှိဖို့ လိုပါတယ်။ သတင်းဌာနတွေကို ဗီဒီယိုပေးပို့တဲ့အခါ လုံခြုံရေးအရ မျက်နှာနဲ့ ကားနံပါတ်ကို ဖုံးပေးပါ လို့ အတိအလင်း ထည့်ပြောရပါမယ်။ တော်လှန်ရေး အောင်မြင်မှုဟာ စစ်ရေးတင်မကဘဲ ပြည်သူ့ဘဝ လုံခြုံမှုကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။

Zin Thaw Naing


Leave a Reply

Your email address will not be published. Required fields are marked *