နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှတဆင့် လူသို့ ကူးစက်တတ်သည့် အလွန်အန္တရာယ်ရှိသော ရောဂါပိုးဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ထပ်တလဲလဲ ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၌ အဆိုပါရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ နီပါဗိုင်းရပ်စ်သည် Henipavirus မျိုးနွယ်အုပ်စုတွင်ပါဝင်ပြီး အသီးစားလင်းနို့များထံမှ အဓိက ကူးစက်ခြင်းဖြစ်သည်။ ၎င်းလင်းနို့များ စွန့်ပစ်ထားသော မသန့်ရှင်းသည့် အစားအစာများ သို့မဟုတ် တိုက်ရိုက်ထိတွေ့မှုများမှတဆင့် လူသားများထံ ကူးစက်ပျံ့နှံ့တတ်သည်။

လူများတွင် နီပါဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် အပျော့စားလက္ခဏာများမှသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသက်သေဆုံးနိုင်သည့် ဦးနှောက်ရောင်ရောဂါများအထိ ဖြစ်ပွားနိုင်သည်။ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သတ်မှတ်ထားသော ကုသဆေး မရှိသေးသည့်အပြင် ယခင်ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့သဖြင့် မည်သည့်နေရာတွင် ပေါ်ပေါက်သည်ဖြစ်ပါစေ အဆိုပါဗိုင်းရပ်စ်သည် လူထုကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။

“လူတဦး ပိုးကူးစက်ခံရရင် အနေနီးတဲ့ လူအချင်းချင်း ပြန်လည်ကူးစက်နိုင်ခြေ ရှိပါတယ်” ဟု Manipal ဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ နီဟာမစ်ရှရာက ပြောသည်။ ရောဂါပိုးကူးစက်ခံရသူကို သိရှိရန် ခက်ခဲခြင်းကြောင့် ကူးစက်မှုနှုန်း ပိုမိုမြင့်မားစေပြီး လူနာများတွင် ဆိုးကျိုးများ ပိုမိုခံစားရစေသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းနှင့် ကျန်းမာရေးစနစ်များ ကြိုတင်ပြင်ဆင်ရန်အတွက် ကူးစက်ပုံနည်းလမ်းများနှင့် ရောဂါ၏ ပြင်းထန်မှုကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးသည်။

နီပါဗိုင်းရပ်စ်က ဘာလဲ၊ ဘယ်လို ကူးစက်လဲ

နီပါဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဖြစ်ပွားမှုများ ရှိခဲ့သည်။ အသီးစားလင်းနို့များသည် ရောဂါပိုးကို သယ်ဆောင်သည့် အဓိက သတ္တဝါများဖြစ်ကြပြီး လူသားများသည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် မစင်များဖြင့်ထိတွေ့ထားသည့် မသန့်ရှင်းသော အစားအစာများ (အထူးသဖြင့် တောင်အာရှတွင် ရိုးရာအရ သောက်သုံးလေ့ရှိသော ထန်းရည်) ကို စားသုံးခြင်းမှတဆင့် ကူးစက်ခံရလေ့ရှိသည်။

“နီပါဗိုင်းရပ်စ်ရဲ့ ပြဿနာကတော့ တခါတရံမှာ ရောဂါလက္ခဏာ လုံးဝမပြဘဲ ကူးစက်နေတတ်တာပါပဲ။ ဒါကြောင့် စောစောစီးစီးသိဖို့ ခက်ခဲသလို မသိလိုက်ဘဲနဲ့ တခြားသူတွေကို ကူးစက်နိုင်ခြေ မြင့်မားပါတယ်” ဟု ဒေါက်တာ မီရှရာက ရှင်းပြသည်။ ထို့ပြင် လူနာ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် ထိတွေ့ရသည့် ပြုစုစောင့်ရှောက်သူများအကြား အချင်းချင်း ကူးစက်မှုများလည်း ရှိသည်။

အပျော့စားမှ ပြင်းထန်အဆင့်အထိ ရောဂါလက္ခဏာများ

နီပါဗိုင်းရပ်စ် ကူးစက်ခံရစဥ် အစောပိုင်းကာလတွင် ပြသသည့် ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် သာမန််ဖျားနာမှုများနှင့် ဆင်တူနေတတ်သဖြင့် ခွဲခြားသိရှိရန် ခက်ခဲလေ့ရှိသည်။ လူနာများတွင် အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်နိုင်သည်။ အချို့လူနာများတွင် ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြလာနိုင်ပြီး ၎င်းမှတဆင့် အသက်ရှူလမ်းကြောင်းမှ ထွက်သော အမှုန်အမွှားများကြောင့် အခြားသူများသို့ ကူးစက်နိုင်ခြေ မြင့်မားသည်။

ဖြစ်စဉ်အများအပြားတွင် ဗိုင်းရပ်စ်သည် ရက်ပိုင်းအတွင်း ဦးနှောက်ရောင်ခြင်းကဲ့သို့ ပြင်းထန်သော အာရုံကြောဆိုင်ရာ ရောဂါအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုအခါ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကြောဆွဲခြင်း/တက်ခြင်းနှင့် ကိုးမားရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထိုကဲ့သို့ ပြင်းထန်သော အခြေအနေများသို့ မရောက်ရှိမီ ရောဂါပိုးကို စောစီးစွာ ဖော်ထုတ်နိုင်ရန် အလွန်ပင် အရေးကြီးသည်။

ပထဝီဝင်အနေအထားအရ ပျံ့နှံ့မှုနှင့် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံ

အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစတင်၍ နီပါဗိုင်းရပ်စ် ကူးစက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး မကြာသေးမီက အနောက်ဘန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ယခင်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှာ ထင်ရှားသည်။ ကီရာလာပြည်နယ်တွင် ပိုမိုကောင်းမွန်သော ရောဂါစောင့်ကြည့်စစ်ဆေးရေး စနစ်များကြောင့် ကူးစက်မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင် အနောက်ဘန်ဂေါပြည်နယ်တွင် ရောဂါကူးစက်မှုသတင်းများ ထွက်ပေါ်နေပြီး ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကူးစက်မှုကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့သည်။ ထိုစဉ်က ရောဂါပိုးရှိသူကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်ခြင်း၊ ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းနှင့် သီးသန့်ခွဲခြားထားခြင်းစသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည်။

ရောဂါဖြစ်ပွားမှုများသည် များသောအားဖြင့် အသီးစားလင်းနို့များ၏ ရာသီအလိုက် အမူအကျင့်များနှင့် ဆောင်းရာသီ၊ နွေဦးရာသီတို့တွင် ထန်းရည်ကဲ့သို့သော အစားအစာများကို စားသုံးခြင်းကဲ့သို့ ရိုးရာဓလေ့များနှင့် ဆက်စပ်နေလေ့ရှိသည်။ ပိုးကူးစက်ခံရသူအချို့တွင် အစောပိုင်း၌ ရောဂါလက္ခဏာ မပြသဖြင့် ရောဂါစောင့်ကြည့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပိုမိုခက်ခဲစေသည်။

သေဆုံးမှုနှုန်း မြင့်မားခြင်းနှင့် ကုသမှုနည်းလမ်းနည်းပါးခြင်း

နီပါဗိုင်းရပ်စ်၏ သေဆုံးမှုနှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်မားသည်။ သမိုင်းတလျှောက် ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော ဒေသအချို့တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုများကြောင့် ကူးစက်ခံရသူအားလုံးနီးပါး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။ ထိုကြောင့် နီပါဗိုင်းရပ်စ်ကို အခြားသာမန် ဗိုင်းရပ်စ်ကူးစက်မှုများနှင့် မတူဘဲ စောစီးစွာ စမ်းသပ်စစ်ဆေးရန်နှင့် ကုသမှုခံယူရန် အထူးအရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်။

“ဒီရောဂါဟာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာနဲ့ အသက်ရှူရခက်ခဲတာတွေနဲ့ စတင်တတ်ပါတယ်။ ဖြစ်စဉ်အများစုမှာ ဗိုင်းရပ်စ်ဟာ ဦးနှောက်ဆီကို လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဦးနှောက်ရောင်တာ ဖြစ်စေပါတယ်။ နောက်ပြီး လူနာတွေ အကြောဆွဲတာ/တက်တာ၊ သတိလစ်မေ့မြောတာနှင့် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရတတ်ပါတယ်။” ဟု ဒေါက်တာ မီရှရာက ပြောသည်။

လက်ရှိအချိန်အထိ နီပါဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသား ကာကွယ်ဆေး မရှိသေးဘဲ အထူးကြပ်မတ် စောင့်ရှောက်ကုသမှုကိုသာ အားထားနေရသည်။ Remdesivir နှင့် Ribavirin ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးများကို စမ်းသပ်အသုံးပြုခဲ့ကြသော်လည်း ကုသမှုအတွက် ထိရောက်မှုရှိကြောင်း အခိုင်အမာ သက်သေပြနိုင်ခြင်း မရှိသေးဘဲ သုတေသနအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။

ကာကွယ်ခြင်းသည် အဓိက- ရိုးရှင်းသော လုပ်ဆောင်ချက်များက အသက်ကို ကယ်တင်နိုင်

နီပါဗိုင်းရပ်စ်အတွက် ကုသဆေး သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးသည့်အတွက် ကြိုတင်ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံးသော နည်းလမ်း ဖြစ်သည်။ လင်းနို့များနှင့် ထိတွေ့နိုင်သော ထန်းရည်နှင့် အသီးအနှံများကို ရှောင်ကြဉ်ခြင်း၊ လက်ကို စနစ်တကျ ဆေးကြောခြင်းနှင့် တိရစ္ဆာန်များကို ကိုင်တွယ်ရာတွင် ကာကွယ်ရေး ဝတ်စုံ/ပစ္စည်းများ ကို အသုံးပြုခြင်းဖြင့် ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

“ကာကွယ်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်နေဆဲပါ။ ထန်းရည် သောက်သုံးတာကို ရှောင်တာ၊ တိရစ္ဆာန်တွေကို ကိုင်တွယ်ရာမှာ အကာအကွယ်တွေ အသုံးပြုတာနဲ့ လက်ကို စနစ်တကျ ဆေးကြောတာတွေက ရောဂါကူးစက်နိုင်ခြေကို အများကြီး လျှော့ချပေးနိုင်ပါတယ်” ဟု ဒေါက်တာ မီရှရာက ပြောသည်။ ထို့အပြင် ရောဂါပိုး တကြိမ် ကူးစက်ခံရပြီးပါက ရောဂါအခြေအနေမှာ အလွန်လျင်မြန်စွာ ဆိုးရွားသွားနိုင်ကြောင်းလည်း မီရှရာက သတိပေးထားသည်။

ဆေးကုသမှုကို စောစီးစွာခံယူရန် အရေးကြီးပုံ

ရောဂါပိုးကူးစက်ခံရစဥ် အစောပိုင်းလက္ခဏာများသည် သာမန်ဗိုင်းရပ်စ် ဖျားနာမှုများနှင့် ဆင်တူနေနိုင်သဖြင့် အဖျားတက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရပါက အထူးသဖြင့် နီပါဗိုင်းရပ်စ် ဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သူများအနေဖြင့် ဆေးစစ်မှုကို အချိန်မီခံယူရန် အလွန်အရေးကြီးသည်။ ထန်းရည် သောက်သုံးမိခြင်း သို့မဟုတ် ရောဂါလက္ခဏာရှိသူနှင့် ထိတွေ့မိခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများအပြီးတွင် လက္ခဏာများ ပေါ်ပေါက်လာပါက အထူးသတိထားသင့်သည်။

PCR နည်းဖြင့် စစ်ဆေးခြင်း (နှာခေါင်း၊အာခေါင်တို့ဖတ်၊ သွေး၊ ဆီး စသည်ဖြင့် စစ်ဆေးခြင်း) နှင့် ပဋိပစ္စည်းရှာဖွေခြင်း နည်းလမ်းများဖြင့် ရောဂါကို စောစီးစွာ အတည်ပြုနိုင်ပါက လူနာအား သီးသန့်ခွဲထားခြင်းနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းကဲ့သို့သော အရေးကြီးသည့် ကျန်းမာရေး လုပ်ငန်းစဉ်များကိုလည်း အချိန်မီ စတင်နိုင်စေသည်။

နီပါဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသား ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးဘဲ ခန့်မှန်းရခက်သည့်အပြင် သေဆုံးမှုနှုန်း အလွန်မြင့်မားသော ရောဂါဖြစ်သည်။ ရောဂါကို စောစီးစွာ သိရှိခြင်း၊ ကူးစက်ပုံနည်းလမ်းများကို နားလည်သဘောပေါက်ခြင်းနှင့် ဆေးကုသမှုကို ချက်ချင်းခံယူခြင်းတို့ကသာ သေဆုံးမှုနှုန်း လျှော့ချရန် အဓိကသော့ချက်များ ဖြစ်သည်။ လူနာတဦးတယောက်ချင်းအတွက်သာမကာ လူမှုအသိုင်းအဝိုင်းတခုလုံး၏ ကျန်းမာရေးအတွက် အစောပိုင်းလက္ခဏာများကို သတိပြုမိခြင်းနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းတို့က အလွန်အရေးကြီးကြောင်း ဒေါက်တာ နီဟာမီရှရာက သတိပေးထားသည်။

NDTV မှ No Vaccine, High Fatality: Doctor Explains Why Nipah Virus Demands Early Detection အား Brownie ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *