“ဒီမှာ သမီးဆိုမရှိဘူးတွေ့လား (ပလာစတာကပ်ထားသည့် လက်သန်းကိုထောင်ပြလျက်)။ မသတီလို့၊ ပထမဆုံးမဲပေးရတာကို ကိုယ်မပေးချင်တဲ့သူကို ပေးရတာ ရှက်တယ်။ အိမ်ပြန်ရောက်တော့ ဆပ်ပြာတွေနဲ့ဆေးတယ်။ မစ်ဆယ်လာဝါးတားတွေနဲ့လည်း ပွတ်ထုတ်တယ်၊ အရက်ပြန်နဲ့ကောပဲ မပျက်ဘူး သူကလည်း”

ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် မဲသွားထည့်ရသည့်အပေါ် ထိုသို့ပြောလာသူက အသက် ၂၀ အရွယ် မသီရိ (အမည်လွှဲ) ဖြစ်သည်။

“စိတ်ပျက်ဖို့ကောင်းတယ်။ ငိုချင်တယ်။ တောက်လျှောက်ကြီး CDM လုပ်ခဲ့ပြီးမှ သစ္စာဖောက်လိုက်ရသလို ခံစားချက်ကြီး”

မသီရိသည် စစ်အာဏာသိမ်းစဉ်ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ၁၅ နှစ်ဝန်းကျင်အရွယ် အစိုးရ အထက်တန်းကျောင်းတခု၌ ကိုးတန်းတက်နေခဲ့သူတဦး။ သူငယ်ချင်းတွေနဲ့ ပျော်ပါး၊ သွားလာရင်း ငယ်ရွယ်မှုကို အသုံးချနေခဲ့သည့် သွက်လက်ချက်ခြာသော ကလေးမလေးတဦး ဖြစ်ခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှုကို လက်သင့်မခံနိုင်ခြင်း၊ စစ်အာဏာရှင်လက်အောက်၌ ပညာမသင်လိုသော သူမ၏ယုံကြည်ချက်ကြောင့် ကျောင်းဆက်မတက်ဖြစ်တော့ဘဲ ဘာသာစကားသင်တန်းများ၊ အခြားသော ကွန်ပျူတာ၊ နည်းပညာသင်တန်းများ တက်၍ လက်ရှိအထိ အာဏာသိမ်း ငါး နှစ်တာကာလအား အချိန်ကုန်ဆုံးစေခဲ့သည်။

သို့သော် ယခု စစ်ကော်မရှင်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်မြို့နယ်များတွင် မသီရိနေထိုင်သည့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်လည်း ပါလာပြီး အသက်ပြည့်ပြီဖြစ်သည့် မသီရိ၏ အမည်စာရင်းသည်လည်း ဆန္ဒမဲပေးရမည့်စာရင်းတွင် ပါလာခဲ့သည်။

“ (မဲသွားပေးရမယ့်) ကျောင်းနားထိပ်မှာ ရဲလည်းရှိတယ်။ စစ်သားနှစ်ယောက်သုံးယောက်လောက် ထိုင်နေတယ်။ လမ်းပေါ်မှာ။ ပြီးတော့ အဲ့ဒီအနီးအနားက ဆိုင်တွေလည်း အကုန်ပိတ်ခိုင်းထားတယ်။ မဲပေးဖို့သွားရတော့ မှတ်ပုံတင်ယူသွားရတယ်။ မဲရုံစာရွက်ရယ် ကိုယ့်နာမည်ပါတဲ့စာရွက်အပိုင်းလေးရယ် မှတ်ပုံတင်ယူသွားရတယ်။ လက်မှတ်က သုံးခေါက်ထိုးရတယ်။ လူက တော်တော်နည်းတယ်။ သမီးတို့ အိမ်က လူတွ အပါမှ ၁၀ ယောက်လောက်ပဲရှိတယ်” ဟု မသီရိက မဲပေးရသည့် အတွေ့အကြုံကို ပြောသည်။

“ မဲပေးစက်ကလည်း ဆော့ရသလိုပဲ။ လက်ကောင်းလားမကောင်းလား ဆော့ရသလိုပဲ။ တီး ဆိုပြီးအော်တယ်။ ငါးခုလား၊ ခြောက်ခုလားမသိရှိတယ်။ ခလုတ်လေး ငါးခုခြောက်ခု ရှိတယ်။ မီးစိမ်းရင် ပေးလို့ရပြီတဲ့ဆိုလို့ မြန်မြန်ပြီး ပြီးရောဆိုပြီး သေချာတောင်မကြည့်ခဲ့ဘူး။ ဘယ်လောက်ထိ အာရုံဝင်စားမှုရှိလဲဆိုရင် ကိုယ်သိတာလည်း တခုမှမရှိဘူး။ ဒါပေမယ့်တခုပဲ။ အိမ်နားမှာ ဆိုင်းဘုတ်ရှိတော့ ဆိုင်းဘုတ်က ဦးလေးကြီးကို မဲပေးခဲ့လိုက်တယ်။ ပြီးတော့ အဝါရောင်လေးကို ပေးလိုက်တယ်။ ကြံ့ဖွံ့မရရင်ပြီးရော ” ဟု မသီရိက ပြောသည်။

မဲပေးရာတွင်လည်း လွတ်လပ်မှုမရှိကြောင်း၊ မဲရုံအတွင်းရှိ မဲရုံစောင့်များက လိုက်ကြည့်နေ၍ မဲမပေးချင်ပါကလည်း ရှောင်၍ မရကြောင်း မဖြစ်မနေ မဲပေးစက်ကို နှိပ်၍ မဲပေးရကြောင်း၊ ထို့ပြင် မဲပေးစက်မှ မဲစာရွက် ကျ၊ မကျအား ကြည့်နေကြောင်း၊ ပယ်မဲလုပ်၍လည်း မရကြောင်း မသီရိက ပြောသည်။

“ ပြောတော့သာ မဲပေးတာတဲ့။ တယောက် ဘာပေးတာလဲဆိုတာ လှမ်းကြည့်ရင် မြင်နေရတယ်။ ဘာလုံခြုံ လွတ်လပ်မှုမှ မရှိဘူး။ လျှို့ဝှက်မဲပေးတာမျိုးလည်း ဟုတ်မနေဘူး” ဟု ဆိုသည်။

မဲပေးပြီးနောက် လက်သန်းအား မှင်တို့ရသည့် နေရာတွင်မူ စစ်အာဏာရှင်ပြုလုပ်သည့် ရွေးကောက်ပွဲ၌ မိမိ ဆန္ဒမပါသည့် မဲပေးခဲ့ခြင်းအပေါ် မိမိလက်သန်းကိုကြည့်၍ မသတီသော ခံစားချက် ဖြစ်သောကြောင့် လက်အား အကြိမ်ကြိမ် တစ်သျှူးဖြင့် ပွတ်ထုတ်မိကြောင်း၊ အိမ်ရောက်သည်နှင့် ဆပ်ပြာဖြင့်ဆေးခြင်း၊ အရက်ပြန်ဖြင့် ပွတ်ထုတ်ခြင်းတို့ ပြုလုပ်သော်လည်း မပြောင်သဖြင့် အနာကပ်ပလာစကာကပ်ထားကြောင်း မသီရိက ပြောသည်။

“ပထမဆုံးမဲပေးတာကြီးက သွားပြီပေါ့။ ငါ့ရဲ့ပထမဆုံး မဲပေးတာက ဒီကောင်တွေ။ ( စကားဆက်မပြောနိုင်တော့) မဖြစ်မနေမို့ သွားပေးရတာ။ သွားမပေးရင် နိုင်ငံခြားထွက်ဖို့ဆို လေဆိပ်မှာ ဆွဲစိတယ်ဆိုလို့ သွားပေးတာ” ဟု မသီရိက ပြောသည်။

မသီရိနည်းတူ CDM ကျောင်းသား တဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်း (အမည်လွှဲ) မှာလည်း မဖြစ်မနေအခြေအနေများကြောင့် မဲသွားပေးခဲ့ရကြောင်း ပြောသည်။

မသီရိနှင့်မတူသည့် တချက်ကား နိုင်ငံခြားထွက်ရာ၌ ရစ်ခံရမည်ကိုသာမက စစ်မှုထမ်းဖမ်းဆီးခံရမည်ကိုပါ စိုးရိမ်သောကြောင့် ဆန္ဒမပါသည့် မဲကို သွားရောက် ပေးခဲ့ရကြောင်း ပြောသည်။

“ ပျော်လို့တော့ မဟုတ်ဘူးပေါ့ဗျာ၊ မဲမပေးရင် စစ်မှုထမ်းခေါ်မယ်တို့ မင်းတို့ နိုင်ငံခြားထွက်ရင် ပိတ်ခံရမယ်တို့ ဘာတို့ အမျိုးမျိုး ကြားရတော့ အိမ်က သွားပေးဖို့ ပြောတာနဲ့သွားပေးလိုက်ရတာ။ ကျွန်တော့်သူငယ်ချင်းတွေလည်း သွားပေးကြရတာပဲ။ ရှောင်လို့မှ မရဘဲဗျာ။ ပြည်တွင်းမှာ နေရတဲ့အခက်အခဲက သိတဲ့အတိုင်းပဲ” ဟု ကိုလင်းလင်းက ပြောသည်။

ကိုလင်းလင်းသည်လည်း မသီရိကဲ့သို့ပင် အာဏာသိမ်းစဉ်က ၁၀ တန်းကျောင်းသားဖြစ်သည်။ ရန်ကုန်တိုင်းရှိ မြို့လယ်၌ နေထိုင်သည့် လူငယ်တဦးဖြစ်လေရာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခဲ့ရသည့် နေ့ရက်များအစား အာဏာသိမ်းမှုပြီးနောက် တစတစ တင်းကျပ်လာမှုများကို မုန်းတီးသောကြောင့် လက်နက်ကိုင်တော်လှန်ရန်အတွက် တော်လှန်ရေးအင်အားစုများနှင့်ပါ ဆက်သွယ်ဖူးခဲ့သည်။ သို့ရာတွင် ၎င်း၏ မိဘနှစ်ပါးမှာ အသက်ကြီးပြီဖြစ်ရာ ၎င်းလက်နက်ကိုင်တော်လှန်ခြင်းကို မပြုလုပ်ဖြစ်ခဲ့ပေ။

မသီရိနှင့် ကိုလင်းလင်းသာမက ပြည်တွင်း၌ နေထိုင်လျက်ရှိကြသည့် လူငယ်၊ လူရွယ် အမျိုးသား၊ အမျိုးသမီးများသည်လည်း စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင်တပ်များ၏ ခြိမ်းခြောက်မှုများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အကြပ်ကိုင်မှုများကြောင့် မဖြစ်မနေ မဲသွားပေးရသူများရှိနေသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲအား ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တွင် နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း (၃) အား မြို့နယ် ၆၃ ခုတွင် ကျင်းပမည်ဟု ကနဦး ကြေညာထားခဲ့သော်လည်း ထပ်တိုး မကျင်းပနိုင်သည့် နှစ်မြို့ ထပ်တိုးရာ ၆၁ မြို့နယ်၌သာ ရွေးကောက်ပွဲကျင်းပနေကြောင်း သိရသည်။

အာဏာသိမ်းကာလအတွင်း ကျယ်ပြန့်စွာဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံတဝန်း မြို့နယ် ၃၃၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၆၇ မြို့နယ်အထိရှိလာပြီး ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များထဲတွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄,၀၀၀ ကျော်တွင် ကျင်းပနိုင်ခြင်း မရှိပေ။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ကြောင်း၊ အတုအယောင်သာဖြစ်ပြီး လက်မခံကြောင်း တော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆိုထားသည်။ အာဆီယံအနေဖြင့်လည်း အဆိုပါ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုထောက်ခံမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကလည်း ဇန်နဝါရီလ ၂၀ရက်နေ့က ပြောထားသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေးမဲရုံများကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုစဉ် စစ်ခေါင်းဆောင်က ပြောကြားရာတွင် “မြန်မာပြည်မှာနေတဲ့ ပြည်သူတွေမဲပေးတာလေ။ အပြင်ကလူတွေ မဲပေးတာမဟုတ်ဘူး။ နိုင်ငံခြားကလူတွေ အသိမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူက အသိအမှတ်ပြုတာ ဒီလိုပဲသွားရမယ်” ဟု ဆိုသော်လည်း လူငယ်တို့မှာမူ ‘လက်သန်းမှင်’ ကို မသတီသည့် ခံစားချက်သာ ဖြစ်နေကြသည်။


Leave a Reply

Your email address will not be published. Required fields are marked *