မိုးကုတ်မြို့တွင် စစ်တပ်က မြို့နယ်ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေချိန် ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးသို့ ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေခြင်းကြောင့် ပြည်သူများ စစ်တပ် တပ်စွဲထားသော နေရာများအနီး သွားလာခြင်းမပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားကြောင်း သိရှိရသည်။

“ဆေးရုံဝင်းထဲကို ဒီနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျတာ ပေါက်ကွဲသံအကျယ်ကြီးပဲ ကြားရတယ်။ အဲနားမှာ ပြည်သူတွေ မရှိဘူး။ စစ်ခွေးတွေပဲ တပ်စွဲထားတာ နောက်ပြီး စစ်ခွေးတွေရှိတဲ့ ကျပ်ပြင်ရဲစခန်းဘက်နဲ့ ပင့်ကူတောင်ဘက်မှာလဲ ဒရုန်းနဲ့ ဗုံးချတဲ့ အသံတွေကြားရတယ်။ ထိခိုက်မှုရှိနိုင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကျပ်ပြင် ရဲစခန်းအနီး ကျယ်လောင်သော ပေါက်ကွဲ ၇ ချက်ထွက်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ပေါ်၌ ဌာနဆိုင်ရာရုံးများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့အပြီး ဖွင့်လှစ်နိုင်ရန် ပြင် ဆင်နေကြောင်း သိရသည်။

“အခု စစ်ခွေးတွေက မိုးကုတ်မြို့ပေါ်မှာ ဌာနဆိုင်ရာ ရုံးတွေ ၁၄ ရက်နေ့ပြီး ဖွင့်ခိုင်းဖို့ ပြင်နေကြတာ။ ဒီလို တိုက်ခိုက်မှုတွေ ဆက် တိုက် ဖြစ်နေတဲ့ အခြေအနေကြီးမှာ ရုံးတွေ အတင်းဖွင့်ခိုင်းနေတာ ပြည်သူတွေကို စစ်ခွေးတွေက အကာအကွယ် လုပ်ချင်နေတာလို့ ထင်တယ်။ အခုက ရုံးဖွင့်မယ့်နေရာတွေမှာ စစ်ခွေးတွေကြီးပဲ သီးသန့်ရှိနေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် မိုးကုတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်း ဖက်စစ်အုပ်စု၏ အုပ်ချုပ်မှု၊ ကွပ် ကဲ မှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား အထူးစစ်ဆင်ရေးများ ဖော်ဆောင်၍ အဆက် မပြတ် ထိုးနှက် တိုက် ခိုက်လျက်ရှိရာ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း NUG အစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မိုးကုတ်မြို့သို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် ဝင်ရောက်လာစဉ်။


Leave a Reply

Your email address will not be published. Required fields are marked *