ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီက ရွှေဆိုင်တွေကို ဆက်တိုက်စစ်ဆေးနေတာကြောင့် အရောင်းအဝယ်တွေ ရပ်ထားတာလို့ ဆိုပါတယ်။

“အရောင်းအဝယ်ကတော့ ရပ်ထားတယ်။ တစ်ရက်ကိုတစ်ဆိုင်လိုက်စစ်တာ သူတို့က။ ရွှေဈေးသိန်း ၁၀၀ ကျော်ကတည်းက စစ်နေတာ။ တခြားဆိုင်တွေလည်း ခေါ်စစ်ခံရတာတွေရှိတယ်”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ရွှေဆိုင်တွေ အရောင်းအဝယ်ရပ်ထားပေမယ့် ပြင်ပ ရွှေစျေးကွက်မှာ ရောင်းဝယ်မှုတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။

“တစ်ကျပ်သားသိန်းတစ်ရာကျော်ဆဲပဲ အခုညနေပိုင်းအထိ။တစ်ခုရှိတာ အခုကာလက လိုတဲ့သူတွေပဲရောင်းပါ။ရွှေစျေးက မငြိမ်တာရော လုံခြုံရေးအရပါ ဂရုစိုက်ဖို့လိုတယ်”လို့ ရွှေစျေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်ရွှေတုံးရွှေခဲတွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ရွှေ​ဈေး ၁ ကျပ်သားကျပ်သိန်း ၁၀၀ကျော်အထိ စံချိန်တင်တက်ပြီး ​​နောက်မှာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ကို အခုရက်ပိုင်းထဲစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ ရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင် ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံးရွှေခဲ​တွေကိုဝယ်ယူ၊သိုလှောင်ပြီး အရောင်းအဝယ်​တွေပြုလုပ်ခဲ့တယ်လို့ မနေ့က စစ်ကောင်စီ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးမျိုးမြင့်ဟာ ၂၀၂၆ ဇန်နဝါရီအတွင်း ၇၀ ကျပ်သားရှိတဲ့အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး အမြတ်တင်ပြန်ရောင်းဖို့ သိုလှောင်ထားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အလားတူ ဦးမျိုးသူဝင်းက သူရဲ့ရွှေဆိုင်​တွေက ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီမှာ အခေါက်ရွှေ ကိုးပိဿာခွဲကို အမြတ်ယူဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့တယ်လို့စွပ်စွဲထားပါတယ်။

ဦးနေမျိုးထက်ရဲ့​ရွှေစင်အကယ်ဒမီရွှေဆိုင်​တွေက၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး ၂၆၈ကျပ်သားကို အမြတ်ရယူပြန် ရောင်းချခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

“ရွှေဆိုင်လုပ်ငန်းရှင်တွေမှာ ရွှေဆိုတာ အနည်းဆုံးပိဿာ ဆယ်နဲ့ချီရှိကြတာပဲ။အခုလို ဖမ်းတာက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေဆိုတော့ ရွှေစျေးကို ဟန့်လိုက်တာပါတယ်။ နောက်တစ်ခုက ရွှေစျေး သိန်း ၁၀၀ ကျော်တာကို YGEA က မထိန်းနိုင်လို့ ဖမ်းတာလို့ မြင်တယ်။ ပြီးတော့ YGEA ထဲမှာ နဂိုကတည်း ကစစ်တပ်ထောက်လှမ်းရေးက ရှိပြီးသား။ ရှင်းရှင်း ပြောရရင် စစ်တပ်က အကျိုးစီးပွားနဲ့ ဒါမှမဟုတ် သူမကြိုက်တော့ရင် ဖမ်းတယ်ဆိုတာပါပဲ”လို့ ရန်ကုန်အခြေစိုက် ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောထားပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်အများစု အလားတူလုပ်တာမှာ ရွှေအသင်းက ရာထူးအကြီးဆုံး ပုဂ္ဂိုလ်သုံးဦးတည်းကိုဘာ​ကြောင့်​ရွေးပြီးအ​ရေးယူတာလဲ ဆိုတာဟာ ​နောက်ကွယ်မှာ အခြားအ​ကြောင်းရင်း​တွေရှိနိုင်တယ်လို့ ​ရွှေ​ဈေးကွက်​စောင့်ကြည်သူအချို့က​ ပြောပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့မိသားစုနဲ့ နီးစပ်ပြီး၊စစ်​ခေါင်း​ဆောင်မိသားစုဝင်​တွေကိုယ်တိုင်ရင်းနှီးမြှပ်နှံထားတဲ့ ​နှစ်ပိုင်းအတွင်းဆိုင်ခွဲ​တွေအများအပြဖွင့်ထားတဲ့ ​ရွှေဆိုင်​တချို့ရှိ​နေပြီး သူတို့က အခုဖြစ်စဥ်​ကြောင့် ​ရွှေအသင်းမှာ ရာထူးကြီးကြီး​တွေယူလိုက်ရင် မထူးဆန်းဘူးလို့​ ရွှေ​ဈေးကွက်​စောင့်ကြည့်သူအချို့က​ ပြောပါတယ်။

ရန်ကုန်​ရွှေအသင်း(YGEA)က ပါဝင်သူ​တွေဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်စိတ်ကြိုက်လုပ်​ပေးခဲ့ကြသူ​တွေဖြစ်ပါတယ်။

အသင်းဥက္ကဌ ဦးမျိုးမြင့်နဲ့ အသင်းဝင်လုပ်ငန်းရှင်​တွေဟာ နိုင်ငံမှာ စစ်တပ်ကဗုံးကြဲလို့ ၊စစ်တပ်ကကျူးလွန်လို့ လူအစုလိုက်အပြုံလိုက်​သေဆုံးတဲ့​နေ​တွေမှာ​တောင် ​ဂေါက်ရိုက်သီးမပျက်သလို ၊​ဂေါက် သီးရိုက်ပြီးရင်လည်း သူတို့ဓါတ်ပုံ​တွေကို အသင်း​ဖေ့စ်ဘွတ်ခ်မှာ အမြဲတင်ခဲ့တာကို ​တွေ့ရပါတယ်။

အာဏာသိမ်းစစ်အုပ်စု​စေခိုင်းသမျှလုပ်ခဲ့​ပေမယ့်သူတို့ ၃ ဦးကို စစ်​ကောင်စီက ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာပါတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့် တည်ဆဲဥပဒေ​တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ဒါ​ပေမယ့် ဘယ်လိုအ​ရေးယူ​ဆောင်ရွက်မယ်ဆိုတာကို အ​သေးစိတ်မ​ဖော်ပြပါဘူး။

ဒါ့အပြင် ရွှေလုပ်ငန်းရှင်များအနေနဲ့ ရွှေဈေးကွက် တည်ငြိမ်​အောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် သွားကြဖို့ ၊ အမိန့်ညွှန်ကြားချက်​တွေကိုလိုက်ကြရန်နဲ့ မလိုက်နာတဲ့ရွှေလုပ်ငန်းရှင်​တွေကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်းခြိမ်း​ခြောက်ထားပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်း​ရွှေ​ဈေးစံချိန်တင်တက်ခဲ့တာဟာ ကမ္ဘာ့​ရွှေ​ဈေးကိုယ်တိုင်တက်တာ ၊​အ​မေရိကန်ဒေါ်လာအ​ပေါ်ယုံကြည်မှု​လျော့ကျပြီး နိုင်ငံကြီး​တွေကိုယ်တိုင်​ရွှေဝယ်စုတာ၊ ကျပ်​ငွေတန်ဖိုးကျတာ စတာ​တွေ​ကြောင့်ဖြစ်တယ်လို့​​ဈေူကွက်ကျွမ်းကျင်သူ​တွေက​ပြောပါတယ်။စစ်တပ်က ရွှေနဲ့ ဒေါ်လာ​ဈေးတက်လာရင်လုပ်ငန်းရှင်​တွေကို အပြစ်ပုံချပြီး ဖမ်းဆီးတဲ့နည်းနဲ့ ​ဈေးကျ​အောင်လုပ်တဲ့နည်းလမ်းကိုပဲ အစဥ်အဆက်ကျင့်သုံး​နေတာဖြစ်ပါတယ် ။

ဒါအပြင် ​ဒေါ်လာ ၊​ရွှေ ၊စားအုန်းဆီစတဲ့လုပ်ငန်းရှင်​တွေကို ဖမ်းဆီးပြီးရင် စစ်အုပ်စုက ပြစ်မှုအတိုးအ​လျှော့ ၊​ထောင်တွင်းအ​နေ​ချောင်ဖို့အ​ကြောင်းပြချက်​တွေနဲ့ လာဘ်​ငွေသိန်း​ပေါင်း​သောင်းချီရယူ ​လေ့ရှိတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *