ရခိုင်နှင့်ပြည်မကိုဆက်သွယ်ထားသည့် ရိုးကျော်လမ်းသုံးခုစလုံးတွင် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပိုမိုပြင်းထန်လာနေကြောင်း သတင်းရရှိသည်။

ရခိုင်နှင့် ပြည်မကိုဆက်သွယ်ထားသည့် ရခိုင်-မကွေး၊ ရခိုင်-ပဲခူးနှင့် ရခိုင်-ဧရာဝတီအစပ် ရိုးကျော်လမ်းသုံးခုစလုံးတွင် ယခုရက်ပိုင်း တိုက်ပွဲပိုမိုပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မကွေးဖက်မှာ‌ဆို နတ်ရေကန်ဗျူဟာကိုရောက်ဖို့ စစ်ကြောင်းထိုးတဲ့စစ်ကြောင်းတွေနဲ့ AA တို့ ပဇီရွာနားမှာ တိုက်ပွဲပြင်းတယ်။ ဒီနေ့ပိုပြင်းတယ်။ ပဲခူးဖက်မှာဆို ညောင်ကျိုးဖက်ရော၊ ကပစ(၁၆) ဝန်းကျင်ရော ပြင်းတယ်။ ဧရာဝတီဖက်မှာ သာပေါင်းမြို့နယ်ဖက်မှာဖြစ်နေကြတယ်။ ဒီဖေဖော်ဝါရီလအစမှာ သိသိသာသာပိုပြင်းလာတယ်။ စစ်ကောင်စီဖက်က တကျော့ပြန်ထိုးစစ်တွေစပြီး ရိုးကိုသိမ်းဖို့ကြိုးစားနေပုံရတယ်”ဟု ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ရခိုင်-ပဲခူးအစပ် ပန်းတောင်းမြို့နယ်အပိုင် ညောင်ကျိုးဖက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့်စစ်ကော်မရှင်၏စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

အလားတူ ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)နှင့် AA သိမ်းထားသည့် ပွိုင့် (၆၆၆)ကုန်းကြားတစ်နေရာတွင်လည်း တိုက်ပွဲပြင်းလျက်ရှိပြီး စစ်ကော်မရှင်တပ်ဘက်မှ အထိနာသေဆုံးမှုများပြားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကိုရည်ရွယ်၍ ထိုးစစ်ဆင်လာသည့် ပဇီရွာအနီးတပ်စွဲထားသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် AA တို့ ပဇီနှင့်ဂုတ်ကြီးဖက်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ဧရာဝတီတိုင်း၊ သာ‌ပေါင်းမြို့နယ်ဖက်တွင်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး သစ်ဝမ်းပူး၊ ကျားခေါင်း၊ သာပေါင်းလေး၊ ကင်မွန်းချုံ စသည့်ကျေးရွာများအနီးအနားတွင် စစ်ကော်မရှင်တပ်နှင့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းလျက်ရှိကြောင်း သိရသည်။

စစ်ရေးအရ ရှုံးနိမ့်လာသည့် စစ်ကော်မရှင်တပ်သည် အဆိုပါရိုးလမ်းသုံးခုစလုံးတွင် Y-12၊ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် ယခင်ကထက် နေ့ရော၊ ညပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

တခါတရံ ဂျက်ဖိုက်တာငါးစီးခန့်ဖြင့် ရိုးတလျောက်က ကျေးရွာများအား အုပ်စုဖွဲ့ တိုက်ခိုက်လျက်ရှိသဖြင့် ရိုးပေါ်ရှိ နေအိမ်၊ ကျေးရွာများ မီးလောင်ပျက်စီးလျက်ရှိသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“လေယာဉ်တွေက ပတ်ပြီး တစ်နေကုန်သွားပြီး ဗုံးကြဲနေတာ။ ရိုးပေါ်က ညောင်ကျိုးဖက်မှာဆို အိမ်ခြေတွေ အတော်ပျက်စီးသွားပြီး။ နတ်ရေကန်ဖက်မှာလည်း ချင်းတွေနေထိုင်တဲ့အိမ်တချို့ပျက်စီးသွားပြီ။ နေ့ရော၊ ညရော AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ရှိမလားဆိုပြီး ပစ်နေတာ”ဟု ပြောသည်။

AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်ကလည်း ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ ကပစ(၁၆)အတွက် အကြီးဆုံးကာကင်းစခန်းကုန်း ပွိုင့် (၆၆၆)ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် ကပစ(၁၆)၏ နောက်ထပ်ကာကင်းစခန်းကုန်းများလည်း ဆက်လက်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ကပစ(၁၆)မှ ပွိုင့် ၆၆၆ ကုန်းကြားတွင် ကာကင်းစခန်း ငါးခုခန့်အထိကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟုလည်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *