အချဉ်ပေါင်းရောင်းပြီး အောင်မြင်လာသည့် ဖက်တီးမကို ငွေကြေးခဝါချမှုဖြင့် ကျော်စိုးဦး စစ်ဆေးခိုင်းနေ

မန္တလေး ဦးပိန်တံတား၌ အချဉ်ပေါင်းရောင်းချပြီးနောက် လူမှုကွန်ရက်စာမျက်နှာ၌ နံမည်ကြီးလာကာ ဆိုင်ခွဲများစွာ ပိုင်ဆိုင်လာသည့် ဖက်တီးမကို ငွေကြေးခဝါမှုဖြင့် စစ်ဆေးမှုများ ပြုလုပ်ရန် စစ်တပ်လော်ဘီ ကျော်စိုးဦးက ၎င်း၏ တယ်လီဂရမ်ချန်နယ်၌ ရေးသားထားသည်။

ကျော်စိုးဦး၏ ရေးသားချက်တွင် အချဉ်ပေါင်းရောင်းရုံဖြင့် သူဌေးတစ်ဦးကဲ့သို့ ဝယ်နိုင်စားနိုင်ခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် ယင်းနောက်ကွယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငွေမဲများကို အိမ်ခြံမြေ၊ ကားနှင့် ဆေးရုံများအဖြစ် အသွင်ပြောင်းခြင်းသာ ဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲထားသည်။

ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ ဖက်တီးမ၏ အမာခံပရိသတ်တစ်ဦးက “ဒါဟာ ကြိုးစားနေတဲ့ အရပ်သားလုပ်ငန်းရှင်တွေကို စစ်ကော်မရှင်ရဲ့ အာဏာနဲ့ အနိုင်ကျင့်ဖို့ လမ်းခင်းပေးတာပဲ။ အချဉ်ပေါင်းရောင်းလို့ ချမ်းသာတာ မဖြစ်နိုင်ဘူးလို့ ပြောတာဟာ လက်လီအရောင်းစျေးကွက်ရဲ့ အင်အားကို မသိလို့ပြောတာ” ဟု တုံ့ပြန်သည်။

၎င်းက ဆက်လက်၍ “ဖက်တီးမဟာ အွန်လိုင်းဆယ်လီတစ်ယောက်အနေနဲ့တင်မကဘဲ သူ့ရဲ့ အရသာနဲ့ ဝန်ဆောင်မှုကို လူကြိုက်များအောင် နှစ်ရှည်လများ တည်ဆောက်ခဲ့တာ။ အခုခေတ်မှာ ပါးစပ်နဲ့ ကြော်ငြာရုံတင်မဟုတ်ဘဲ Social Media ကို ထိထိရောက်ရောက် သုံးနိုင်ရင် ဘယ်လုပ်ငန်းမဆို ရေတိုအတွင်း ပေါက်သွားနိုင်တယ်” ဟု ဆိုသည်။

စီးပွားရေးကျွမ်းကျင်သူများ၏ အမြင်အရ အွန်လိုင်းစျေးကွက်တွင် နာမည်ရသွားသည့် လုပ်ငန်းတစ်ခုသည် ရိုးရိုးဆိုင်ဖွင့်ရောင်းခြင်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ အောင်မြင်နိုင်ပြီး၊ တစ်နေ့လျှင် အရောင်းပမာဏ ထောင်နှင့်ချီ ရှိပါက သိန်းရာနှင့်ချီသော အမြတ်ငွေကို ရေတိုအတွင်း ရရှိနိုင်ကြောင်း သိရသည်။

“အခုခေတ်မှာ အချဉ်ပေါင်းရောင်းလို့ ချမ်းသာတာ မဖြစ်နိုင်ဘူးလို့ ပြောနေတာဟာ စီးပွားရေးအမြင် ကန်းနေလို့ပဲ။ လုပ်ငန်းတစ်ခုက နာမည်ရပြီး အရောင်းအဝယ်မှတ်တမ်း ခိုင်မာလာပြီဆိုရင် ဘဏ်တွေကတောင် အတိုးနည်းနည်းနဲ့ ငွေလာချေးချင်နေကြတာ။ အဲဒီလို တရားဝင်ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းချဲ့တာကို ငွေမဲ လို့ စွပ်စွဲပြီး စစ်ကော်မရှင်နဲ့ ဖမ်းခိုင်းနေတာဟာ ကြိုးစားနေတဲ့ အရပ်သားလုပ်ငန်းရှင်တွေကို မနာလိုလို့ ရန်တိုက်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု အွန်လိုင်း လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက မှတ်ချက်ပြုသည်။

ဖက်တီးမလုပ်ငန်း အောင်မြင်ရခြင်းမှာ ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံ၊ လူမှုကွန်ရက်ပေါ်တွင် လူအများ စိတ်ဝင်စားအောင် တင်ဆက်နိုင်မှုနှင့် နယ်ပေါင်းစုံသို့ ကိုယ်စားလှယ်စနစ်ဖြင့် ဖြန့်ကြက်နိုင်မှုတို့ကြောင့်ဖြစ်ပြီး ယင်းမှာ ခေတ်မီစီးပွားရေးဗျူဟာတစ်ခုသာ ဖြစ်သည်ဟု ပရိသတ်များက ယူဆကြသည်။

သို့သော် လော်ဘီများကမူ ယခုကဲ့သို့ အောင်မြင်နေသည့် လုပ်ငန်းများကို ကျော်စိုးဦးက လက်နက်ကိုင်အဖွဲ့များ၏ ငွေကြေးခဝါချမှုဟု ခေါင်းစဉ်တပ်ခြင်းမှာ စစ်ကော်မရှင်အနေဖြင့် လုပ်ငန်းရှင်များထံမှ ငွေညှစ်ရန် သို့မဟုတ် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းရန်အတွက် သတင်းပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ဝေဖန်နေကြသည်။

မန္တလေးမြို့ခံတစ်ဦးကလည်း “အချဉ်ပေါင်းရောင်းတာတင်မကဘူး၊ ဆေးရုံတွေ၊ ဟိုတယ်တွေကိုပါ စွပ်စွဲလာတာဟာ မန္တလေးက လုပ်ငန်းရှင်ကြီးတွေကို ကြောက်စိတ်ဝင်အောင် လုပ်တာပဲ။ တကယ်တမ်း တိုင်းပြည်စီးပွားရေး ပျက်နေချိန်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို အားပေးရမယ့်အစား ဖမ်းခိုင်းနေတာကတော့ ရုပ်ပျက်လွန်းပါတယ်” ဟု ပြောသည်။

နိုင်ငံရေးလေ့လာတစ်ဦးကမူ ဤသို့သော လော်ဘီများ၏ ရေးသားချက်များသည် စစ်ကော်မရှင်၏ ထောက်လှမ်းရေးကဏ္ဍကို အကူအညီပေးရန်နှင့် မတရားအသင်း ဆက်သွယ်မှုဥပဒေများဖြင့် အရေးယူနိုင်ရန် ပစ်မှတ်ရှာပေးခြင်းမျိုး ဖြစ်သည်ဟု သုံးသပ်ကြသည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ရွှေဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်အချို့ ဖမ်းဆီးစစ်ဆေးခံနေရချိန်တွင် ယခုကဲ့သို့ အောင်မြင်နေသည့် အွန်လိုင်းလုပ်ငန်းရှင်များကို ထပ်မံပစ်မှတ်ထားလာခြင်းက မြန်မာ့စီးပွားရေးလောကအတွက် ပိုမိုဆိုးရွားသည့် အလားအလာများကို ပြသနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။


Leave a Reply

Your email address will not be published. Required fields are marked *