ကျွန်မက ၇ နှစ်အရွယ် သားလေးနဲ့ ၅ နှစ်အရွယ် သမီးလေး ရှိတဲ့ အိမ်ထောင်သည် အမျိုးသမီး တဦးပါရှင်။ ကုမ္ပဏီတခုမှာ လစာ ၁၅ သိန်းနီးပါးရတဲ့ မန်နေဂျာအဆင့် ဝန်ထမ်းတဦးပါ။ အမျိုးသားကတော့ ကျွန်မလောက် လစာ မကောင်းပေမယ့် နှစ်ယောက်ပေါင်းရင် တလကို သိန်း ၂၀ ကျော်တော့ ဝင်ပါတယ်ရှင်။
ကျွန်မ ဇာတိနယ်မှာတော့ ရန်ကုန်မှာ မန်နေဂျာဖြစ်နေတဲ့ ကျွန်မကို သူဌေးမကြီး၊ ဘောစိကြီးလို့ ခေါ်ကြရင် ကျွန်မ မချိပြုံးလေးပဲ ပြုံးပြနိုင်တော့တယ်ရှင်။ မိသားစု တလဝင်ငွေ သိန်း ၂၀ မှာ ၄ လွှာက တိုက်ခန်းကျဉ်းလေး ငှားဖို့ တလ ၄ သိန်းခွဲ ဖယ်ထားရပါတယ်ရှင်။
ကျန်တဲ့ ပိုက်ဆံထဲကနေ နယ်က မိဘတွေအတွက် ဆေးဝါးနဲ့ စားစရာမုန့်လေးတွေ ဝယ်ခြမ်းဖို့ ၃ သိန်း ပို့ပေးရပါတယ်။ ကလေး နှစ်ယောက် ကျောင်းနဲ့ ကျူရှင်စရိတ်က တလ ၄ သိန်း၊ မိသားစု စားစရိတ်က တရက် ၂ သောင်းနဲ့ တလ ၆ သိန်း၊ မီတာခ၊ အင်တာနက်ဖိုး၊ ဖုန်းဘေလ်၊ သာရေးနာရေး လူမှုရေးနဲ့ တွက်ကြည့်လိုက်ရင် လစာဆိုတာ သားရေပင်တွေပဲ လတိုင်း ကျန်နေပါတယ်ရှင်။
ဒါတောင် ကျန်းမာရေး စရိတ်က ပုံသေ မရှိသေးလို့ တော်နေသေးတာ၊ ကလေ၊းတွေ ဖျားတဲ့အချိန်ဆို ဈေးဖိုးထဲက ပါသွားပြီပေါ့ရှင်၊ မန်နေဂျာမကြီးဆိုပြီး ကုမ္ပဏီက ဖယ်ရီကားပေါ် အချေ မျက်နှာပေးနဲ့ တက်သွားရပေမယ့် တကယ်တော့ ကျွန်မအဖြစ်က “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” ဖြစ်နေတာပါပဲ။
လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်မလစာ ဒီလောက် မများတာတောင် လူတန်းစေ့နေနိုင်ပြီး ရွှေတောင် စုနိုင်ခဲ့တာပေါ့။ အခုများတော့ တွေ့တဲ့အတိုင်းပါပဲရှင်။ အရင်တုန်းကဆို စီးတီးမတ်မှာ ယူချင်တဲ့ ပစ္စည်းတွေ ခြင်းအပြည့်ထည့်ရင်တောင် တသိန်းမကျော်တဲ့ အဖြစ်ကနေ အခုတော့ လက်ထဲ ပစ္စည်း ၄၊ ၅ မျိုး ဝယ်ရင်တောင် တသိန်းကျော်နေပြီရှင်။
စီးတီးမတ်ဆိုလို့ ပြောရဦးမယ်။ ဟိုတနေ့က သားသားအတွက် သွားတိုက်တံ လဲစရာရှိတာနဲ့ မိသားစုအတွက်ပါ လဲမယ်ဆိုပြီး သွားဝယ်တာ စီးတီးမတ်ကြီး တခုလုံးမှာ သွားတိုက်တံ လုံးဝ မရှိဘူးတဲ့ရှင်။ ဘာဖြစ်လို့ သွားတိုက်တံ မရှိတာလည်း ဝန်ထမ်းတွေကို မေးကြည့်တော့ ပစ္စည်းပြတ်နေလို့တဲ့ရှင်။
ကျွန်မတော့ ရုပ်ရှင်ထဲကလို အချိန်နောက်ကြောင်းပြန်ပြီး လွန်ခဲ့တဲ့ နှစ် ၄၀ ကို ရောက်သွားသလို ထင်လိုက်ရပါတယ်ရှင်။ သွားတိုက်တံ မရှိသလို သွားတိုက်ဆေးကလည်း ပြည်တွင်းထုတ်တဲ့ ၁ မျိုး ၂ မျိုးလောက်ပဲ တင်ထားတာ တွေ့ရတယ်။
နောက်ထပ် အံ့ဩစရာကတော့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ စတဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေအားလုံးဟာ ပြည်တွင်းထုတ်ပစ္စည်းတွေချည်းပဲ ဖြစ်နေတာပဲရှင်။
အမေတို့ခေတ်တုန်းက ခွဲတမ်းနဲ့ ဝယ်ရတဲ့ ကာဘော်လစ်၊ ရွှေဝါနဲ့ ပဒုမ္မာဆပ်ပြာတွေတောင် စီးတီးမတ်မှာ တင်ရောင်းနေတာ တွေ့ရတယ်။ နောက်ဆို အရင်တုန်းကလို တယောက်ကို ရွှေဝါ ဆပ်ပြာ ၂ တောင့်ပဲ ဝယ်လို့ ရမယ်ဆိုပြီးများ ဖြစ်လာမလား မသိဘူးရှင်။
အဲဒီလို တွေးမိတော့ fb ပေါ်က ပို့စ်တခုကို သတိရမိတယ်။ အရင်တုန်းက မြန်မာပြည်က သူဌေးတွေ ဘန်ကောက်သွားရင် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ တန်ဖိုးကြီး အသုံးအဆောင်တွေ ဝယ်ကြတယ်။ အခုတော့ အဲဒါတွေအစား ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေ ဝယ်နေကြပြီဆိုတဲ့ ပို့စ်လေးပေါ့။ အဖြစ်ကတော့ မနှစ်ကနဲ့ကို မတူတော့တာပါရှင်။
အဲဒါနဲ့ပဲ ကလေ၊းတွေ အာဟာရအတွက် နေ့တိုင်းသောက်တဲ့ နွားနို့တန်းကို ဝင်ကြည့်တော့လည်း ဆပ်ပြာတန်းနဲ့ အတူတူပါပဲ။ ပြည်ပထုတ်တာ တခုမှ မရှိတော့ပါဘူး။ သားသားနဲ့ မီးမီးကို အရင်က ကောင်းဟက် နွားနို့ နေ့တိုင်း တိုက်နိုင်ပေမယ့် အခုတော့ တလီတာဘူးကို ၅ သောင်း ပေးနေရလို့ ပြည်တွင်းထုတ် ပင်ဂွင်းနို့မှုန့်လေးပဲ ဖျော်တိုက်နေရတယ်ရှင်။ ကလေ၊းတွေက အရသာကွာသွားလို့ မသောက်ချင်ပေမယ့်လည်း ပင်ဂွင်းတံဆိပ်သောက်ရင် ပင်ဂွင်းလေးလို ရေကူးမြန်မယ်လို့ မုသားသုံးပြီး တိုက်ရတာပါပဲရှင်။
”သားသားတို့ စားနေကြ မုန့်တွေ ဝယ်ခွင့်ကို လူကြီးတယောက်က ပိတ်ပင်ထားတာလေ၊ မုန့်တွေတင် မကဘူး ဖိုးဖိုးဖွားဖွားတို့ အတွက် မရှိမဖြစ် ဆေးတွေ၊ ဒိုင်ပါတွေလည်း ဝယ်လို့ မရအောင် ပိတ်ထားတာ၊ ဖေဖေ့ အလုပ်ထဲက စက်တွေကိုလည်း အပိုပစ္စည်း ဝယ်လို့ မရအောင် အဲဒီလူကြီးက ပိတ်ထားတာ” လို့ ကျွန်မက ပြောတော့ သားသားက ”အဲဒီလူကြီးက အတော်ဆိုးမှာပဲနော်” တဲ့၊
”ဆိုးတာပေါ့ သားရယ်၊ သူ့သားသမီးတွေ၊ မြေးလေးတွေကြတော့ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ အစားအသောက်၊ အသုံးအဆောင်တွေ သုံးခိုင်းပြီး မေမေတို့လို ပြည်သူတွေကြတော့ ပိုက်ဆံရှိရင်တောင် ဝယ်မရအောင် လုပ်ထားတာ” လို့ ပြောလိုက်တယ်။ စားနေကြ မုန့်တွေ မစားရ၊ သုံးနေကြ အသုံးအဆောင်တွေ မသုံးရလို့ ကလေးတွေ မေးတဲ့ မေးခွန်းတွေကို သူတို့လေးတွေ နားလည်သလိုပဲ ပြန်ပြောရတာပေါ့ရှင်။
တချိန်က နိုင်ငံခြားပစ္စည်း လိုချင်တာ ရတယ်လို့ ကြွေးကြော်ခဲ့တဲ့ စီးတီးမတ်ကြီးဟာလည်း အခုချိန်မှာတော့ သမဆိုင်၊ ဂျီးအီးစီ၊ ဝင်းသူဇာဆိုင်တွေလို ပြည်တွင်းက အရည်သွေး မမီတဲ့ ထုတ်ကုန်တွေနဲ့ နှစ်ပါးသွားနေရပါပြီရှင်။
လက်ချုပ်အပ်တောင် နိုင်ငံခြားကနေ တင်သွင်းရတဲ့ ကျွန်မတို့ နိုင်ငံမှာ ပြည်ပထုတ်ကုန် အားလုံးကို ပိတ်ပင်ပြီး ပြည်တွင်းထုတ်တွေနဲ့ အစားထိုးဖို့ စဉ်းစားတဲ့ ရွှေဉာဏ်တော်ကတော့ စူးရောက်လွန်းတယ်လို့ပဲ ဆိုချင်ပါတယ်ရှင်။
ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာ မရှိတာက ခဏထားလိုက်ပါဦးရှင်၊ နေ့စဉ် မရှိမဖြစ် သောက်နေရတဲ့ ဆေးဝါးတွေကိုပါ သွင်းခွင့်ပိတ်လိုက်တော့ လူနာတွေဟာ အာနိသင် ဘာမှန်းမသေချာ မရေရာတဲ့ အလားတူဆေးဝါးတွေကိုပဲ ကျိတ်မှိတ်သောက်နေရတဲ့ ဘဝရောက်နေပါပြီရှင်။
လူကြီးတွေ သုံးနေတဲ့ ဒိုင်ပါတွေကိုလည်း တင်သွင်းခွင့် ပိတ်ထားတော့ အိပ်ယာပေါ်လဲနေတဲ့ နာတာရှည်လူနာတွေက ဘယ်ဟာနဲ့ အစားထိုး သုံးရမှာလဲရှင်။ ပိတ်တဲ့သူတွေ ကိုယ်တိုင်က မအိုတော့၊ မနာတော့ဘူးလားရှင်။ ဒီလို ပိတ်ထားတဲ့အတွက် သူတို့အလှည့်ကျရင်လည်း ဒိုင်ပါသုံးစရာ မရှိတဲ့ ဘဝ မရောက်ပါစေနဲ့လို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
အိမ်ရှင်မတွေရဲ့ အမောပေါင်းစုံကတော့ ထိုင်ပြောရင် နောက်တနေ့သာ ကူးသွားမယ် ကုန်နိုင်မယ် မထင်ပါဘူးရှင်။ ကျပ်ငွေက ဖောင်းပွ၊ ကုန်ဈေးနှုန်းက တက်၊ အရည်အသွေး မမီတဲ့ ကုန်ပစ္စည်းတွေ သုံးနေကြရတဲ့ ကျွန်မတို့ ပြည်သူတွေကတော့ “ပျောက်သောလမ်းမှာ စမ်းတဝါးဝါး” ဖြစ်နေတဲ့အကြောင်း ဖွင့်ဟ ဝန်ခံလိုက်ပါတယ်ရှင်။


Leave a Reply