နီပါးဗိုင်းရပ်သည် ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည့် မလေးရှားနိုင်ငံရှိ ရွာအမည်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး လင်းဆွဲများမှတဆင့် အဓိက ကူးစက်တတ်သော ရောဂါတခု ဖြစ်သည်။

ယင်းဗိုင်းရပ်စ်မှာ သေဆုံးနိုင်ခြေ မြင့်မားသော်လည်း ကူးစက်ပျံ့နှံ့နိုင်စွမ်းမှာ ယနေ့အထိ အကန့်အသတ်ရှိသည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။

၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမျိုးသမီးတဦး သေဆုံးမှုနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကူးစက်မှုအချို့ကို အတည်ပြုမှုများအပြီး ရောဂါပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာကာ ကမ္ဘာ့ကပ်ရောဂါ ခြိမ်းခြောက်မှုအဖြစ်ပင် ရှုမြင်လာကြသည်။

ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို ချက်ချင်း တိုးမြှင့်ဆောင် ရွက်ခဲ့ကြသည်။

၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ သော် လည်း လတ်တလော ဖြစ်ပွားနေသော အစုလိုက်အပြုံလိုက်ကူးစက်မှု နှစ်ခုမှာ ဆက်စပ်မှု မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဟန်နွန် ဂေဘရီယက်ဆွတ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူ အယောက် ၂၃၀ ကျော်ကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် အခြားသော ကူးစက်မှုများကို ထပ်မတွေ့သေးပေ။

လက်ရှိအခြေအနေတွင် အဆိုပါဗိုင်းရပ်စ်သည် ဒေသတွင်း၌ ဖြစ်စေ၊ ကမ္ဘာတဝန်း၌ ဖြစ်စေ ကူးစက်ပျံ့နှံ့နိုင်ခြေ “နည်းပါး” သည်ဟု WHO က သတ်မှတ်ထားသည်။

လင်းဆွဲများနှင့် ဝက်မွေးမြူရေး လုပ်ငန်းရှင်များ

သေဆုံးမှုနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံရှိ ဝက်မွေးမြူမှုများအကြား ကူးစက်မှု ဖြစ်ပွားစဉ်က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ရောဂါပိုးရှိသော တိရစ္ဆာန်များ အထူးသဖြင့် လင်းဆွဲများ၊ ဝက်များ သို့မဟုတ် မြင်းများမှတဆင့် လူသားများထံ ကူးစက်လေ့ရှိသော်လည်း ညစ်ညမ်းသော အစားအစာ သို့မဟုတ် လူအချင်းချင်း ထိတွေ့မှုမှတဆင့်လည်း ကူးစက်နိုင်သည်။

လက်ရှိတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုများကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင်သာ အများဆုံး တွေ့ရသည်။ ၁၉၉၉ ခုနှစ်တွင် မလေးရှားမှ ရောဂါပိုးရှိသော ဝက်များကို တင်သွင်းခဲ့ရာမှ စင်ကာပူတွင် ရောဂါကူးစက်မှုတခု ဖြစ်ပွားခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ကူးစက်မှုများ စတင်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင်မူ အခါအားလျော်စွာ ကူးစက် မှုများ ဖြစ်ပွားခဲ့ရာ နောက်ဆုံးအကြိမ်မှာ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဖြစ်သည်။

ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့တွင်လည်း ကူးစက်မှုဖြစ်စဉ်များ မှတ်တမ်းတင် ထားရှိသည်။

အသက်ရှူလမ်းကြောင်းနှင့် ဦးနှောက်ဆိုင်ရာ လက္ခဏာများ

နီပါးဗိုင်းရပ်စ် ကူးစက်ခံရသော်လည်း တခါတရံတွင် ရောဂါလက္ခဏာ မပြတတ်ပေ။ သို့သော် ကူးစက်ခံရသူ အများစုမှာ သုံးရက်မှ ၁၄ ရက် (တခါတရံ ၄၅ ရက်အထိ) ရောဂါပျိုးချိန် ကြာပြီးနောက် ဝေဒနာများ ခံစားရတတ်သည်။

ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အန်ခြင်းကဲ့သို့သော ကနဦးလက္ခဏာများသည် သာမန်ရောဂါများနှင့် ဆင်တူသော်လည်း အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာနိုင်သည်။

ရောဂါပြင်းထန်ချိန်တွင် ဦးနှောက်ရောင်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း သို့မဟုတ် အသက်ရှူလမ်း ကြောင်း ရုတ်တရက် ပျက်စီးခြင်းကဲ့သို့သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။

ထိုရောဂါ၏ သေဆုံးမှုနှုန်းမှာ လူတဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ ၄၀ မှ ၇၅ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ရောဂါမှ ပြန်လည်သက်သာလာသူများမှာ ပုံမှန်အားဖြင့် လုံးဝနေကောင်းသွားတတ်သော်လည်း လူ ငါးဦးတွင် တဦးခန့်မှာမူ အားအင်ချိနဲ့စေသည့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ဝေဒနာများကို ခံစားရလေ့ရှိသည်။

ကူးစက်နိုင်စွမ်း နိမ့်သော်လည်း သေဆုံးမှုနှုန်း မြင့်မား

ကိုဗစ်-၁၉ ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များနှင့် မတူဘဲ နီပါးဗိုင်းရပ်စ်မှာ လူအချင်းချင်း ကူးစက်ရန် မလွယ်ကူပေ။

ကူးစက်ခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်သော အရည်များ သို့မဟုတ် ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် နီးကပ်စွာ သို့မဟုတ် ကြာရှည်စွာ ထိတွေ့မှသာ ကူးစက်တတ်သည်။

ထို့ကြောင့် အိန္ဒိယရှိ လတ်တလော ဖြစ်စဉ်များတွင် ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရခြင်း ဖြစ်ပြီး လူနာများနှင့် ထိတွေ့ခဲ့သူများကို သီးခြားခွဲထား စောင့်ကြည့်ခဲ့ရသည်။

ရောဂါပိုးရှိသူ တဦးသည် အလွန်ဆုံး တဦးသာ ကူးစက်စေနိုင်သည့်အတွက် ရောဂါပျံ့နှံ့မှုကို အကန့်အသတ်ဖြစ်စေသော် လည်း ရောဂါကူးစက်မှု ဖြစ်ပွားခြင်းကိုမူ မတားဆီးနိုင်ပေ။

သို့သော် ထိုရောဂါ ကူးစက်ခံရပါက သေဆုံးနိုင်ခြေ အလွန်မြင့်မားသည်။ ထို့ကြောင့် WHO က နီပါးဗိုင်းရပ်စ်ကို အန္တရာယ်ကြီးမားသော ရောဂါပိုးအဖြစ် သတ်မှတ်ထားသည်။

ကုသဆေးနှင့် ကာကွယ်ဆေး မရှိသေး

လက်ရှိတွင် နီပါးဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပေ။ ဆရာဝန်များမှာ ရောဂါလက္ခဏာများကိုသာ ကုသပေးနိုင်သည်။

လက်ရှိတွင် နီပါးဗိုင်းရပ်စ်အတွက် စမ်းသပ်ဆဲ ကာကွယ်ဆေး အမျိုးမျိုးကို လေ့လာလျက်ရှိသည်။ ယင်းတို့အနက် အများစုမှာ လူသားဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်နိုင်ရန်နှင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နိုင်ရန် မရှိမဖြစ်လိုအပ်သော ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်ရှိ ပရိုတင်း များကို ပစ်မှတ်ထားကာ ထုတ်လုပ်နေခြင်းဖြစ်သည်။

ကူးစက်ပျံ့နှံ့နိုင်ခြေကို လျှော့ချရန်အတွက် ကြိုတင်ကာကွယ်ရေးမှာ အဓိကဖြစ်ပြီး ထန်းရည် သောက်ခြင်းကို ရှောင်ကြဉ်ရန်၊ သစ်သီးများကို ဆေးကြောပြီး အခွံနွှာစားရန်၊ မြေပေါ်သို့ ကြွေကျနေသော သို့မဟုတ် တိရစ္ဆာန်ကိုက်ထားသော အသီးများကို ရှောင်ရန်နှင့် ဖျားနာနေသော လင်းဆွဲ သို့မဟုတ် တိရစ္ဆာန်များနှင့် မထိတွေ့မိစေရန် လိုအပ်သည်။

အချို့နိုင်ငံများတွင် ရောဂါဖြစ်ပွားရာ ဒေသများမှ လာရောက်သော ခရီးသွားများကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွါးသည့်ရောဂါအမျိုးအစား (Zoonosis) ဖြစ်သည်။ နီပါးဗိုင်းရပ်စ်များသည် တိရစ္ဆာန်များ (ဥပမာ _ လင်းနို့ သို့မဟုတ် ဝက်) ထံမှသော်လည်းကောင်း၊ မသန့်ရှင်းသော အစားအစာများမှသော်လည်းကောင်း လူသို့ ကူးစက်နိုင်ပြီး လူအချင်းချင်း တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်သည်။ လူသားများတွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရပါက ရောဂါလက္ခဏာ လုံးဝမပြသောအဆင့်မှ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွါးခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ဦးနှောက်ရောင်ရောဂါဖြစ်သည်အထိ အမျိုးမျိုးဖြစ်ပွါးနိုင်သည်။ နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါသည် လူသားများအတွက်ရော တိရစ္ဆာန်များအတွက်ပါ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသည့်အပြင် ကာကွယ်ဆေးများလည်း မပေါ်ပေါက်သေးပါ။ သို့သော် လူသားများတွင် ရောဂါလက္ခဏာများ သက်သာအောင် လိုအပ်သော ထောက်ပံ့စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးနိုင်သည်။

ကပ်ရောဂါအသွင် ဖြစ်ပွါးမှု

နီပါးဗိုင်းရပ်စ် ကပ်ရောဂါအသွင် ပျံ့နှံ့ဖြစ်ပွါးမှုကို ယနေ့အထိ အာရှတိုက်တွင်သာ တွေ့ရှိခဲ့ရသည်။ နီပါးဗိုင်းရပ်စ်ကို (၁၉၉၉) ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ဆွန်ဂိုင်နီပါး (Sungai Nipah) ကျေးရွာရှိ ဝက်မွေးမြူရေးသမားများတွင် စတင်တွေ့ရှိခဲ့ရပြီး ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြု ရောဂါဖော်ထုတ်နိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် (၁၉၉၉) ခုနှစ်နောက်ပိုင်းမှစ၍ ယခုအချိန်ထိ ရောဂါအသစ် ထပ်မံဖြစ်ပွါးကြောင်း သတင်းပေးပို့ချက်မရှိသေးပါ။

(၂၀၀၁) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း ဤဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီး၊ ထိုစဥ်ကတည်းက အဆိုပါနိုင်ငံများတွင် နှစ်စဥ်နီးပါး ရောဂါဖြစ်ပွါးမှုများ ရှိခဲ့သည်။ (၂၀၁၈) ခုနှစ်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် ပထမဦးဆုံး နီပါးဗိုင်းရပ်စ်ကူးစက်ပြန့်ပွါးမှုကို တွေ့ရှိသတင်းပို့ခဲ့သည်။ နောက်ပိုင်းနှစ်များတွင်လည်း ရောဂါဖြစ်ပွါးမှုအချို့ အခါအားလျော်စွာ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရံဖန်ရံခါ ရောဂါဖြစ်ပွါးမှုများရှိကြောင်း တွေ့ရှိခဲ့သည်။

ထို့အပြင် ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားသည့် လင်းနို့မျိုးစိတ်အမျိုးမျိုးသည် ကမ္ဘောဒီးယား၊ ဂါနာ၊ အင်ဒိုနီးရှား၊ မဒါဂတ်စတာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် တွေ့ရှိရသောကြောင့် ထိုဒေသများတွင်လည်း ကူးစက်ခံရနိုင်ခြေအန္တရာယ်များ ရှိနေသည်။ နီပါးဗိုင်းရပ်စ်သည် ရောဂါဖြစ်ပွါးမှု အလွန်မများပြားသော်လည်း ၄င်းသည် တိရစ္ဆာန်အမျိုးမျိုးကို ကူးစက်နိုင်ခြင်း၊ လူများတွင် ပြင်းထန်သောရောဂါနှင့် သေဆုံးမှုများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နီပါးဗိုင်းရပ်စ်သည် Paramyxoviridae မျိုးနွယ်အတွင်းရှိ Henipavirus မျိုးစုတွင် ပါဝင်သော RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်သည်။ နီပါးဗိုင်းရပ်စ်ပိုးသည် သာမန်အခန်းအပူချိန် (Room temperature) တွင် သစ်သီးအရည်များ၌ (၃) ရက်ခန့်၊ ထန်းရည်ထဲ၌ (၇) ရက်ခန့် အသက်ရှင်နေထိုင်နိုင်ကြောင်း တွေ့ရှိရသည်။

နီပါးဗိုင်းရပ်စ်၏ မျိုးဗီဇဆိုင်ရာ ကွဲပြားမှုများအပေါ် အခြေခံ၍ ဗိုင်းရပ်စ်မျိုးစိတ် အမျိုးအစား (clade) နှစ်ခု ခွဲခြားထားသည်။

အမျိုးအစား (၁) (Clade I) – နီပါးဗိုင်းရပ်စ်-B (NiV-B) (ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် တွေ့ရှိရသော အမျိုးအစား)

အမျိုးအစား (၂) (Clade II) – နီပါးဗိုင်းရပ်စ် M (NiV-M) (မလေးရှားနိုင်ငံတွင် တွေ့ရှိရသော အမျိုးအစား) တို့ဖြစ်သည်။

ဤသို့ကွဲပြားနေခြင်းသည် အဆိုပါနိုင်ငံများတွင် ဗိုင်းရပ်စ်စတင်ဝင်ရောက်ပုံမှာ သီးခြားဖြစ်ကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်မျိုးစိတ်နှစ်ခုလုံးသည် မျိုးဗီဇတူညီမှု (၉၂) ရာခိုင်နှုန်းကျော်ရှိသော်လည်း မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဖြစ်ပွါးသော ရောဂါလက္ခဏာများနှင့် ကူးစက်ပုံလမ်းကြောင်းများ ကွဲပြားမှုရှိကြသည်။

နီပါးဗိုင်းရပ်စ်ပိုးများကို Pteropodidae မျိုးနွယ်ဝင် သစ်သီးစားလင်းနို့များ (Fruit bats) မှ သဘာဝအလျောက် သယ်ဆောင်ထားကြခြင်း ဖြစ်သည်။ ၄င်းတို့၏ တံတွေး၊ ဆီးနှင့်မစင်တို့မှတစ်ဆင့် အောက်ပါနည်းလမ်းများဖြင့် တိရစ္ဆာန်မှလူများသို့ ကူးစက်နိုင်သည်။

တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်း

  • တိုက်ရိုက်ထိတွေ့ခြင်း

ရောဂါပိုးရှိသော လင်းနို့ သို့မဟုတ် ဝက်များအပါအဝင် ရောဂါရှိသော တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ၄င်းတို့၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ (တံတွေး၊ သွေး) နှင့် အညစ်အကြေးများ (ဆီး၊ မစင်) တို့နှင့် ထိတွေ့မိခြင်း

  • အစားအစာများမှတစ်ဆင့် ကူးစက်ခြင်း

‌ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထွက်အရည်များဖြင့် ပေကျံနေသော အစားအစာများ (ဥပမာ _ လင်းနို့များ၏ ဆီး သို့မဟုတ် တံတွေးဖြင့် ထိတွေ့ထားသော သစ်သီးများကို စားမိခြင်း၊ သစ်သီးဖျော်ရည်များ (ဥပမာ _ ထန်းရည်၊ ဓနိရည်) များကို သောက်သုံးမိခြင်း၊ ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ အသားကို ကောင်းမွန်စွာ ချက်ပြုတ်ခြင်းမရှိဘဲ စားသုံးမိခြင်း

လူအချင်းချင်း ကူးစက်ခြင်း

ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သော အရည်များနှင့် အညစ်အကြေးများကို နီးကပ်စွာ ထိတွေ့မိခြင်းကြောင့် လူအချင်းချင်း ကူးစက်နိုင်သည်။ အထူးသဖြင့် အတူနေမိသားစုဝင်များ၊ လူနာကို ပြုစုစောင့်ရှောက်သူများ၊ ပတ်ဝန်းကျင်တွင် နီးကပ်စွာ ထိတွေ့မိသူများ၊ ကျန်းမာရေးဝန်ထမ်းများတွင် အဓိကကူးစက်လေ့ရှိသည်။

ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ_

  • နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးမှုရှိနေသော သို့မဟုတ် ရောဂါဖြစ်ပွါးနေသော နိုင်ငံများနှင့် ဒေသများသို့ ခရီးသွားသူများ
  • လင်းနို့များ၊ ဝက်များနှင့် ထိတွေ့မှုရှိသူများ သို့မဟုတ် လင်းနို့များကြောင့် သန့်ရှင်းမှုမရှိသော အစားအစာများကို စားမိ၊ သောက်သုံးမိသူများ
  • နီပါးဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများနှင့် တိုက်ရိုက်ထိတွေ့မှုရှိသူများ
  • ထန်းပင်၊ ဓနိပင်များမှ ရရှိသော အရည်များကို သောက်သုံးမိသူများ သို့မဟုတ် ယင်းတို့မှထုတ်လုပ်ထားသော ထွက်ကုန်များကို စားသုံးမိသူများတို့ ဖြစ်ကြသည်။

ရောဂါလက္ခဏာများ

ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာများ စတင်ဖြစ်‌ပေါ်သည့် အချိန်ကာလ (incubation period) သည် (၄)ရက် မှ (၁၄)ရက်အတွင်း ရှိနိုင်သည်ဟု ယူဆကြသည်။ သို့သော် တစ်ခါတစ်ရံ ရက်ပေါင်း (၄၅) ရက်အထိ ကြာမြင့်နိုင်ကြောင်း တွေ့ရှိထားသည်။ ရောဂါပိုးကူးစက်ခံရသူများ၏ (၁၁) ရာခိုင်နှုန်းခန့်မှာ ‌ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရှိနေနိုင်သည်။ ရောဂါလက္ခဏာမပြသည့် လူနာအရေအတွက် အနည်းအများပမာဏသည် ကူးစက်ခံရသော နီပါးဗိုင်းရပ်စ်မျိုးစိတ်အပေါ်တွင် မူတည်သည်။ ရောဂါလက္ခဏာများတွင် သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများမှ ပြင်းထန်သော အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု သို့မဟုတ် ပြင်းထန်ဦးနှောက်ရောင်ရောဂါအထိ ဖြစ်ပွါးနိုင်သည်။

ကနဦးခံစားရနိုင်သော ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ကြသည်။ အမျိုးအစား (၁) နီပါးဗိုင်းရပ်စ် (NiV-B) ပိုးကူးစက်ခံထားရသူများသည် ပုံမှန်မဟုတ်သော အဆုတ်ရောင်ရောဂါ (atypical pneumonia) နှင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း အပါအဝင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားရနိုင်ခြေ ပိုများသည်။

ရောဂါပြင်းထန်လာပါက ရုတ်တရက် ဦးနှောက်ရောင်ခြင်းဖြစ်ပေါ်လာကာ ခေါင်းမူးခြင်း၊ မှိန်းခြင်း၊ အသိအနေအထား ပြောင်းလဲခြင်း၊ အခြားသော အာရုံကြောဆိုင်ရာ လက္ခဏာများ ခံစားရနိုင်သည်။ အလွန်ပြင်းထန်သော အခြေအနေများတွင် ဦးနှောက်ရောင်ခြင်းနှင့် အတက်လက္ခဏာများ ဖြစ်ပေါ်ပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်မေ့မျော့ခြင်းအဆင့် (Coma) သို့ ရောက်ရှိသွားနိုင်သည်။ ဦးနှောက်ရောင်သည့်အဆင့်သို့ ရောက်ရှိသွားခြင်းသည် ရောဂါအခြေအနေ အလွန်ဆိုးရွားကြောင်း ပြသနေခြင်းဖြစ်ပြီး ရောဂါလက္ခဏာ စတင်ပြသသည့်နေ့မှစ၍ (၆) ရက်အတွင်း သေဆုံးနိုင်ခြေရှိသည်။

နောက်ဆက်တွဲပြဿနာများ

ဦးနှောက်ရောင်ရောဂါ ပြန်လည်ကောင်းမွန်လာသူအများစုသည် အပြည့်အဝ ပြန်လည်ကျန်းမာလာနိုင်သော်လည်း (၂၀) ရာခိုင်နှုန်းခန့်တွင် ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များ ကျန်ရှိနေတတ်သည်။ ၄င်းတို့မှာ မကြာခဏအတက်ရောဂါဖြစ်ခြင်း၊ အလွန်အမင်း နုံးချည့်ပင်ပန်းခြင်း၊ အမူအကျင့်များ ပြောင်းလဲသွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အနည်းစုတွင်မူ ရောဂါပြန်ထခြင်း (relapse) သို့မဟုတ် ရောဂါပျောက်ကင်းပြီး အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာမှပင် ဦးနှောက်ရောင်လက္ခဏာများ နောက်ကျမှ ပေါ်ပေါက်လာတတ်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။

နီပါးဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် သေဆုံးနိုင်ခြေနှုန်းသည် (၄၀)ရာခိုင်နှုန်း မှ (၇၅)ရာခိုင်နှုန်းအတွင်း ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားကြသည်။ ဤနှုန်းထားများသည် ရောဂါဗိုင်းရပ်စ်မျိုးစိတ်များ၊ ရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ရောဂါပြင်းထန်မှုတို့အပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသမှု ခံယူရန်လိုအပ်သည်။ ရောဂါလက္ခဏာပြင်းထန်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် ရောဂါလက္ခဏာများကို အနီးကပ်စောင့်ကြည့်၍ လိုအပ်သောကုသမှုများ အချိန်မီရရှိနိုင်ရန် ဆေးရုံတက်ရောက်ကုသရမည်။

ရောဂါရှာဖွေခြင်း

နီပါးဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အစောပိုင်းတွင် ဖြစ်ပေါ်သော ရောဂါလက္ခဏာများသည် အခြားသော သာမန်ဖျားနာမှုများနှင့် ဆင်တူနေသည့်အတွက် ရောဂါကို စောစီးစွာ သိရှိနိုင်ရန် ခက်ခဲသည်။ အသက်ရှင်သန်နိုင်ခြေကို မြှင့်တင်ပေးရန်၊ အခြားသူများထံသို့ ကူးစက်ပြန့်ပွါးမှုကို ကာကွယ်ရန်နှင့် ရောဂါ ကူးစက်ပြန့်ပွါးမှု ထိန်းချုပ်‌ရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်ခြင်းသည် အလွန်အရေးကြီးသည်။ သို့ဖြစ်၍ နီပါးဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်သည်။

(1) Real-time polymerase chain reaction (qPCR) နည်းလမ်းဖြင့် စစ်ဆေးခြင်း

ရောဂါပိုးစတင်ဝင်ရောက်ခါစ အစောပိုင်းတွင် ရောဂါရှာဖွေနိုင်ရန် အောက်ပါတို့မှ နမူနာယူ၍ qPCR နည်းလမ်းနှင့် စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

  • အာခေါင်နှင့် နှာခေါင်းတို့မှ တို့ဖတ် (throat and nasal swabs)
  • ခါးဆစ်ရိုးကြားမှ အရည် (Cerebrospinal fluid)
  • ဆီး (urine) နှင့် သွေး (blood)

(2) ELISA (Enzyme-linked immunosorbent assay) နည်းလမ်းဖြင့် စစ်ဆေးခြင်း

ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ပြီး (၁၀)ရက် မှ (၁၄)ရက်ကြာပြီးနောက် သို့မဟုတ် ပြန်လည်သက်သာလာသည့်အချိန်များတွင် သွေးတွင်း၌ ဗိုင်းရပ်စ်ပိုးခုခံတိုက်ထုတ်သည့် ပဋိပစ္စည်း (antibodies) များ ရှိမရှိကို ELISA နည်းလမ်းဖြင့် စစ်ဆေးကြည့်နိုင်သည်။

ယခုအခါ ဓာတ်ခွဲခန်းကြီးများသို့ ပို့ဆောင်ရန်မလိုဘဲ ရောဂါဖြစ်ပွါးရာဒေသများတွင်ပင် အချိန်တိုအတွင်း စစ်ဆေးနိုင်သော Rapid Molecular Tests များကို တီထွင်အသုံးပြုလာကြသည်။ ဤစစ်‌ဆေးမှုများသည် ကူးစက်ပြန့်ပွါးမှုကို အချိန်မီထိန်းချုပ်နိုင်ရန် များစွာအထောက်အကူပြုသည်။

ကုသခြင်း

ယခုအချိန်တွင် နီပါးဗိုင်းရပ်စ် ကူးစက်ရောဂါကို ပျောက်ကင်းအောင် တိုက်ရိုက်ကုသနိုင်သည့် ဆေးဝါးများ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဖော်ပြထားသည်။ ထို့ကြောင့် ရောဂါဖြစ်ပွါးရာနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာများကို အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသပေးနိုင်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်ထားရှိသည်။

(1) အထွေထွေ အထောက်အကူပြု ကုသမှုများ (General supportive treatment)

  • ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားများ မျှတအောင် ပြုလုပ်ပေးခြင်း
  • လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်း

(2) အထူးကြပ်မတ်ကုသမှုပေးခြင်း (Intensive care)

  • ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲဝေဒနာများကို အထူးကြပ်မတ်ကုသမှုပေးခြင်း

(3) ရောဂါလက္ခဏာများ သက်သာအောင် ကုသမှုပေးခြင်း

ဖျားခြင်း၊ အတက်ရောဂါ၊ နှင့် သွေးလန့်ခြင်း သို့မဟုတ် ရှော့ခ်ဖြစ်ခြင်းတို့ ရှိပါက သက်ဆိုင်ရာ လက္ခဏာများအလိုက် ဆေးဝါးများဖြင့် ကုသပေးခြင်း

နီပါးဗိုင်းရပ်စ်ကို သီးသန့်တိုက်ဖျက်နိုင်မည့် ကိုယ်ခံအား ပြုပြင်ထိန်းညှိ၍ ကုသသော နည်းလမ်းများ (ဥပမာ _ ဗိုင်းရပ်စ်၏ ပရိုတင်းကို တိုက်ဖျက်ပေးသည့် ကိုယ်ခံအားထိန်းညှိဆေးဝါး – monoclonal antibodies) ကို အသုံးပြုနိုင်ရန် လက်ရှိတွင် ဖော်ထုတ်စစ်ဆေးနေဆဲဖြစ်သည်။

ထို့အပြင် ဗိုင်းရပ်စ်ပိုးသတ်ဆေးအမျိုးမျိုး (ဥပမာ – Remdesivir၊ Ribavirin) ကို အသုံးပြု၍ နီပါးဗိုင်းရပ်စ်ကို ကုသနိုင်ရန် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ဆေးဝါးများ၏ ထိရောက်မှုနှင့် ကုသမှုပေးရမည့် အခြေအနေများမှာ မသေချာဘဲ ဝေဝါးနေဆဲဖြစ်သည်။

ကာကွယ်ခြင်း

နီပါးဗိုင်းရပ်စ် ကူးစက်ရောဂါကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိသေးသည့်အတွက် လူသားများတွင် ရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် သို့မဟုတ် တားဆီးနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရောဂါကူးစက်နိုင်ခြေရှိသော အကြောင်းရင်းများကို သိရှိနားလည်အောင် ဆောင်ရွက်ခြင်းနှင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခြေ လျော့နည်းစေမည့် အောက်ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းပင်ဖြစ်သည်။

(1) လင်းနို့မှတစ်ဆင့် လူသို့ ရောဂါကူးစက်နိုင်ခြေကို လျှော့ချရန် နည်းလမ်းများ

  • ရောဂါကူးစက်မှုကို တားဆီးရန်အတွက် ထန်းရည်၊ ဓနိရည်များနှင့် အခြားလတ်ဆတ်သော အစားအစာများအနီးသို့ လင်းနို့များ မကပ်နိုင်စေရန် (ဥပမာ _ ဝါးဖြင့်ပြုလုပ်ထားသော အကာအကွယ်များကို အသုံးပြုခြင်း) လုပ်ဆောင်ရမည်
  • လတ်လတ်ဆတ်ဆတ် ခံယူထားသော ထန်းရည်၊ ဓနိရည်များကို မသောက်သုံးမီ သေချာစွာ ကျိုချက်ရမည်၊ ယေဘုယျအားဖြင့် အပူချိန် (၁၀၀) ဒီဂရီစင်တီဂရိတ်တွင် (၁၅) မိနစ်ကျော် ဆူပွက်အောင် အပူပေးလျှင် ဗိုင်းရပ်စ်၏ အာနိသင် လုံးဝပယ်ပျက်နိုင်သည်ဟု တွေ့ရှိရသည်
  • သစ်သီးဝလံများကို စားသုံးခြင်းမပြုမီ သေချာစွာဆေးကြောခြင်း၊ အခွံခွာခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်၊ သစ်သီးများကို လင်းနို့ကိုက်ထားသည်ဟု သံသယရှိပါက လုံးဝမစားဘဲ စွန့်ပစ်ရမည်

(2) တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်ခြေ လျှော့ချခြင်း

  • ရောဂါပိုးရှိသော တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ်ခြင်း
  • ဖျားနာနေသော တိရစ္ဆာန်များ သို့မဟုတ် ၄င်းတို့၏အသားများ သို့မဟုတ် ခန္ဓာကိုယ်တစ်ရှူးများကို ကိုင်တွယ်ရာတွင် လည်းကောင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လက်အိတ်များ (Gloves) နှင့် တစ်ခါသုံး အေပရွန်များ (Aprons) စသည့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ခြင်း
  • တိရစ္ဆာန်အသားများကို ကျက်အောင်ချက်ပြုတ်၍ စားသောက်ခြင်း

(3) လူအချင်းချင်း ကူးစက်နိုင်ခြေ လျှော့ချခြင်း

  • နီပါးဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော လူနာများနှင့် နီးကပ်စွာ ထိတွေ့ရာတွင် အကာအကွယ်ပစ္စည်းများ [ဥပမာအားဖြင့် လက်အိတ်၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းများ (Surgical mask or N 95 mask) နှင့် မျက်လုံးအကာများ (Face shields or Googles) စသည့်ပစ္စည်းများ] ကို အသုံးပြု၍သာ ထိတွေ့ကိုင်တွယ်ခြင်း
  • လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ပုံမှန်‌ဆေးကြောခြင်း

(4) ကျန်းမာ‌ရေးစောင့်ရှောက်မှု လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်ပြန့်ပွါးမှုကို တားဆီးခြင်း

  • လူနာများကို သီးသန့် ခွဲထားခြင်း (Isolation)
  • အကာအကွယ်ပစ္စည်းများကို အသုံးပြု၍ ပြုစုစောင့်ရှောက်ခြင်း (Barrier nursing)
  • ကွယ်လွန်သွားသူ၏ ရုပ်အလောင်းကို စနစ်တကျ ဘေးကင်းစွာ ကိုင်တွယ်ခြင်း (Safe handling of deceased bodies)

References:

Communicable Diseases Agency of Singapore. (2025). Nipah virus infection. Government of Singapore. Retrieved January 24, 2026, from https://www.cda.gov.sg/professionals/diseases/nipah-virus-infection

European Centre for Disease Prevention and Control. (2023). Disease information on Nipah virus disease. Retrieved January 24, 2026, from https://www.ecdc.europa.eu/en/infectious-disease-topics/nipah-virus-disease/disease-information-nipah-virus-disease

Independent. (2026). What is Nipah virus? Symptoms to watch out for as India races to contain deadly outbreak. Retrieved January 24, 2026, from https://www.independent.co.uk/asia/india/nipah-virus-outbreak-symptoms-signs-india-b2906226.html

Kerala State Health Services. (n.d.). Nipah general information (Version 1.6.2018) [PDF]. Directorate of Health Services, Government of Kerala. Retrieved January 24, 2026, from https://dhs.kerala.gov.in/wp-content/uploads/2023/09/Nipah_General-Information.pdf

World Health Organization. (n.d.). Nipah virus. Retrieved January 24, 2026, from https://www.who.int/news-room/fact-sheets/detail/nipah-virus


Leave a Reply

Your email address will not be published. Required fields are marked *