645565649 1236487095329171 7205556967605434500 N

ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်း‌က အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

“အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း ကျပ် သုံးသိန်းကျော် ထပ်မံ မြင့်တက်လာတာဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက်ပိုင်းက တကျပ်သား တရာ့ခြောက်သိန်း ရှစ်သောင်းဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ပါကစ္စတန်က အာဖဂန်ကို ထတိုက်တယ်။ အီရန်ကို အစ္စရေးက စတိုက်တယ်၊ အီရန်နဲ့ အာဖဂန်က ကပ်ရက်နိုင်ငံနှစ်ခု။ ပါကစ္စတန်နောက်မှာ တရုတ်အားရှိတယ်။ အီရန်နောက်မှာ ရုရှားရှိတယ်။ အစ္စရေးနောက်မှာ အမေရိကန်ရှိတယ်။ အဲဒီ အင်အားကြီးသုံးနိုင်ငံက အဝေးကွင်းမှာ ခြေစမ်းကြတာ။ ပြည်သူတွေကတော့ မြေစာပင်သက်သက်ပဲ။ ရွှေစျေး ထပ်တက်ဦးမယ် ထင်တယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ အင်အားကြီးနိုင်ငံတွေ စစ်ဖြစ်ပြီဖြစ်တာကြောင့် ကမ္ဘာ့ဈေးကွက်တွေ မတည်မငြိမ်ဖြစ်ပြီး အတက်အကျ ကြမ်းနေနိုင်တယ်ကာ ကမ္ဘာ့ရွှေအပြင် ကမ္ဘာ့ငွေ၊ ရေနံဈေးတွေလည်း အတက်ကို သွားနိုင်ခြေ ရှိ‌နေသလို Crypto (BTC/ETH/ENB) နဲ့ US စတော့ရှယ်ယာတွေလည်း ကျဆင်းလာနိုင်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

“အခုက ကမ္ဘာ့ရွှေက ဈေးကွက်ပိတ်ရက် ခံသွားလို့။ တနင်္လာနေ့ ဈေးကွက်အဖွင့်ကျရင်တော့ ထိုးတက်လာနိုင်တယ်။ ‌သမ္မတထရမ့်ရဲ့ အရိပ်စစ်ပွဲက တကယ်လာနေပြီ။ အီရန်ကို စတိုက်နေပြီလို့ ကြေညာလိုက်တော့ ကမ္ဘာ့ရွှေက ၆၀၀၀ ဈေးတန်းဘက်ကို ပြန်သွားနိုင်ခြေ ရှိနေတယ်” လို့ ဈေးကွက် စောင့်ကြည့်သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်စမှာတော့ ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်မှာ မှီတည်နေတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းက ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၃၉၇၅ ကျပ်ဝန်းကျင်၊ အဝယ် ‌၃၈၇၅ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *