“ပြည်သူတွေအပေါ် ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ရလဒ်ကို ကြိုဆို ထောက်ခံနေ ကြတာ”
အီရန်မှာ ခါမေနီ သေဆုံးသွားတဲ့ သတင်းအပေါ် မြန်မာပြည်သူတွေ ဝမ်းသာနေကြတာက အမေရိကန်ကို အထင်ကြီးလို့လည်း မဟုတ်ဘူး၊ ဒေါ်နယ်ထရမ့်ကို ထောက်ခံ နေတာလည်း မဟုတ်ပါဘူး။
သူတို့ လက်ရှိဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေ၊ စိတ်ဒဏ်ရာတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။
အီရန်အစိုးရဟာ ဆယ်စုနှစ်များစွာ ပြည်သူတွေကို ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ ဘာသာရေး အာဏာရှင်စနစ် ဖြစ်ပါတယ်။
ဆန္ဒပြခဲ့ကြတဲ့ အီရန်ပြည်သူတွေကို အစိုးရက အကြမ်း ဖက်နှိမ်နင်းခဲ့ပါတယ်။
ဒါဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အသွင်သဏ္ဍာန် တူနေတဲ့အတွက် အီရန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာကြပြီး ဖိနှိပ်ခံပြည်သူတွေဘက် ကနေ ရပ်တည်ကာ ဝမ်းသာပေးကြတာ ဖြစ်ပါတယ်။
ပြီးတော့ ဆယ်စုနှစ် ၃ ခုကျော် အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ ခါမေနီလို သြဇာကြီးမားတဲ့ အာဏာရှင်တောင် ကျဆုံးနိုင်တယ် ဆိုပြီး လက်တွေ့ မြင်လိုက်ရတဲ့အခါ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက် ကြီးမားသွားစေပါတယ်။
တော်လှန်ရေး အပေါ် ယုံကြည်ချက်ကို ပိုခိုင်မာစေပြီး မင်းအောင်လှိုင်တို့လည်း ဒီလိုပဲ နိဂုံးချုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်ရွှင်ကြတာပါ။
နောက်တခု မြန်မာပြည်သူ အများစုဟာ စစ်အုပ်စုကို နိုင်ငံတကာကနေ ထိထိရောက်ရောက် အရေးယူပေးဖို့ နှစ်ရှည်လများ ဆန္ဒရှိခဲ့ကြတာပါ။
အခုလို အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက် နိုင်ခဲ့တာကို မြင်တဲ့အခါ ကိုယ့်နိုင်ငံကိုလည်း တချိန်ချိန် မှာ ဒီလိုထိရောက်တဲ့ အရေးယူမှုမျိုး ဖြစ်လာနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ အားရကျေနပ်ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အီရန်ဟာ တရုတ်၊ ရုရှားတို့လို အာဏာရှင် နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ထားတာပါ။
သူတို့ ကိုယ်တိုင်လည်း စစ်ကောင်စီကို လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီတွေ ပံ့ပိုးနေကြောင်း မှတ်တမ်းတွေ ရှိပါတယ်။
ဒီလို စစ်ကောင်စီကို ပံ့ပိုးနေတဲ့ အာဏာရှင်ကွန်ရက်ထဲက အမာခံနိုင်ငံတခုဖြစ်တဲ့ အီရန် အထိနာသွားခြင်းအပေါ် မြန်မာပြည်သူတွေ ဝမ်းသာကြတာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးလမ်းစဉ်တွေကို သဘောမကျသူတွေတောင်မှ ဒီဖြစ်ရပ်ကြောင့် ပြည်သူတွေအပေါ် ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ အမိန့်ပေးခဲ့တဲ့ ခေါင်းဆောင်ကို ထောက်ခံတာမဟုတ်ဘဲ၊ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကြိုဆို ထောက်ခံနေကြတာ ဖြစ်ပါတယ်။
ဖိနှိပ်ခံ အီရန်ပြည်သူတွေ အတွက် လွတ်မြောက်ရေးလမ်းစ ပေါ်လာပြီ ဆိုတဲ့ လူသားချင်းစာနာမှု ရှုထောင့် ကနေ ကြည့်ပြီး ဝမ်းသာပေးကြတာ ဖြစ်ပါတယ်။
Zin Thaw Naing


Leave a Reply