အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် အုပ်ချုပ်ရေးကောင်စီအသစ်ဖွဲ့စည်းပြီး အစ္စရေးနှင့် အမေရိကန်ကို လက်စားချေမည်ဟုဆို

အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားပြီးနောက် အီရန်နိုင်ငံတွင် အရေးပေါ် အုပ်ချုပ်ရေးကောင်စီ (Governing Council) တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အီရန်အခြေခံဥပဒေအရ အမြင့်ဆုံးခေါင်းဆောင်သစ် တစ်ဦးကို ပြန်လည်ရွေးချယ်ခြင်းမပြုမီအထိ နိုင်ငံကို ဦးဆောင်ရန် လူ ၃ ဦးပါဝင်သော အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကောင်စီတွင် လက်ရှိ အီရန်သမ္မတ Masoud Pezeshkian၊ တရားသူကြီးချုပ် Gholamhossein Mohseni Ejei၊ စောင့်ကြည့်ရေးကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦး (Expediency Council မှ ရွေးချယ်သူ) ပါဝင်ကြောင်း ၊ အီရန်နိုင်ငံ၏ Assembly of Experts က အမြန်ဆုံး ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရန် တာဝန်ရှိနေကြောင်း သိရှိရသည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် “အကြမ်း ဖက်စခန်းများ” ကို ပစ်မှတ်ထား၍ “အီရန်စစ်တပ်သမိုင်းတွင် အပြင်းထန်ဆုံးဆုံးသော ထိုးစစ်ဆင်မှု” ကို မိနစ်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။
အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုအတွင်း အလီခါမေနီသာမက တော်လှန်ရေးအစောင့်တပ် (IRGC) အကြီးအကဲ နှင့် ထိပ်တန်းလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တို့ပါ သေဆုံးသွားကြောင်း အီရန်အစိုးရမီဒီယာများက အတည်ပြုထားသည်။
အီရန်ခါမေနီ သေဆုံးသည့် သတင်းများကြောင့် အီရန်နိုင်ငံအတွင်းရှိ လူအုပ်ကြီးမှာ လမ်းမပေါ်ထွက်၍ ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
သို့သော်လည်း တစ်ဖက်တွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်းစစ်ပွဲကြီး ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။
အီရန်က လက်တုံ့ပြန် လက်စားချေမည်ဟု ကြေညာပြီးနောက် အမေရိကန်သမ္မတ ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်ဟု အပြင်းထန်ဆုံး သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံ၏ လက်စားချေခြိမ်းခြောက်မှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ရာဇသံပေးလိုက်သည်။
အမေရိကန်သမ္မတ ထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယင်းကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်သည်။
“အီရန်နိုင်ငံဟာ ဒီနေ့မှာ သူတို့အရင်က လုပ်ခဲ့ဖူးသမျှထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ် ဆောင်တော့မယ်လို့ အခုလေးတင် ကြေညာလိုက်ပါတယ်။ သူတို့ အဲဒီလို မလုပ်မိဖို့ တားမြစ်ချင်ပါတယ်။ တကယ်လို့သာ သူတို့ဘက်က စတင်လုပ်ဆောင်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကမ္ဘာပေါ်မှာ တစ်ခါမျှ မမြင်ဖူးသေးတဲ့ အင်အားမျိုးနဲ့ သူတို့ကို ပြန်လည်တိုက်ခိုက် ချေမှုန်းသွားမှာပါ” ဟု အမေရိကန်သမ္မတထရမ့်က ပြောဆိုသည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနှင့် အမေရိကန် စစ်စခန်းများကို “သမိုင်းတွင် အပြင်းထန်ဆုံး” စစ်ဆင်ရေးဖြင့် မိနစ်ပိုင်းအတွင်း တိုက်ခိုက်တော့မည်ဟု ယနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အီရန်ခေါင်းဆောင် ခါမေနီ၊ အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲနှင့် ထိပ်တန်းလုံခြုံရေးအကြံပေးတို့မှာလည်း အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု အီရန်အစိုးရမီဒီယာများက အတည်ပြုထားသည်။
အီရန်က လက်စားချေမှုများ ပြုလုပ်လာမည်ဟု ကြေညာထားခြင်းကြောင့် အမေရိကန်နှင့် အစ္စရေးစစ်တပ်များမှာ အမြင့်ဆုံးအဆင့် အသင့်ပြင်ဆင်ထားကြသည်။
သမ္မတ ထရန့်၏ ယခုသတိပေးချက်သည် အီရန်နှင့် အမေရိကန်ကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒေသတွင်းစစ်ပွဲကြီး ဖြစ်ပွားလာမည်ကို ကမ္ဘာတစ်ဝှမ်းက စိုးရိမ်လျက်ရှိသည်။


Leave a Reply