Mm News.xyz 2026 03 01 193033

အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

အီရန်နိုင်ငံအား အမေရိကန်- အစ္စရေး တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း တရုတ်၊ ရုရှားနိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းပြုလုပ်ရန် နှစ်ဖက်စလုံးကို တောင်းဆိုကာ တင်းမာမှုများ ရှောင်ရှားရန်နှင့် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း ယင်းတိုက်ခိုက်မှုကို “အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ဗြောင်ကျကျရန်လို ကျူးကျော်ခြင်း” ဟု ဝေဖန်ထားသည်။

ထို့ပြင် ဝါရှင်တန်၏ စစ်ရေးအရ အကျပ်ကိုင်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများမှ သွေဖည်နေကြောင်း ဆင်ဟွာက ဆိုသည်။

ရုရှားနိုင်ငံကလည်း အဆိုပါ တိုက်ခိုက်မှုအပေါ် ကြိုတင်ကြံစည်ထားသော အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ် ရှုတ်ချထားပြီး စစ်ရေးချက်ချင်းရပ်၍ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုထားသည်။

ထိုသို့ စစ်ရေးအရှိန်မြင့်လာမှုအပေါ် ရှုတ်ချပြီး ရန်လိုမှုများ ချင်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုထားသလို အီရန်၏နောက်ဆက်တွဲ လက်တုံ့ပြန်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ပုံစာ- တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန် ခေါင်းဆောင် ခါမေနီတို့ တွေ့ဆုံခဲ့စဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *