အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။

ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။

ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။

ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို အမြစ်ဖြတ်ချေမှုန်းနိုင်မည့် အခွင့်ကောင်းနှင့် အစောပိုင်းစစ်ရေးအောင်ပွဲကို နှစ်နိုင်ငံစလုံးအား ရရှိစေခဲ့သည်။

ခါမေနီကို ယခုကဲ့သို့ အံ့အားသင့်ဖွယ် လျင်မြန်စွာဖယ်ရှားနိုင်ခဲ့ခြင်းမှာ တိုက်ခိုက်မှုမတိုင်မီ အမေရိကန်နှင့် အစ္စရေးတို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်လှမ်းရေးသတင်းဖလှယ်မှုများကြောင့် ဖြစ်သည်။

အထူးသဖြင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ စစ်ပွဲနောက်ပိုင်း အီရန်ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးက နက်နက်ရှိုင်းရှိုင်း ထောက်လှမ်းသိရှိထားခြင်းကြောင့်လည်း ဖြစ်သည်။

ထို့ပြင် ယင်းစစ်ဆင်ရေးသည် အစ္စရေးနှင့် အမေရိကန်တို့က စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း ရှင်းလင်းသောအချက်ပြမှုများ ပေးနေသည့်အချိန်တွင်ပင် အီရန်ခေါင်းဆောင်များက ကာကွယ်ရန် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းကိုလည်း ဖော်ပြနေသည်။

ယင်းစစ်ဆင်ရေးသည် အစ္စရေးနှင့် အမေရိကန်တို့က စစ်ရေးပြင်ဆင်နေကြောင်း ရှင်းလင်းစွာ အချက်ပြနေသည့်တိုင် အီရန်ခေါင်းဆောင်များဘက်မှ လုံလောက်သော ကြိုတင်ကာကွယ်မှုမရှိခြင်းကို ဖော်ပြနေသည်။

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) သည် အီရန်အဓိပတိ ခါမေနီ တည်ရှိရာနေရာနှင့် ပတ်သက်သည့် “အလွန်တိကျသော” ထောက်လှမ်းရေးသတင်းများကို အစ္စရေးထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

ထိခိုက်လွယ်သော စစ်ရေးစီမံကိန်းများကို ဆွေးနွေးခြင်းဖြစ်သဖြင့် ၎င်းတို့က အမည်မဖော်ဘဲ ပြောကြားခဲ့ကြသည်။

အစ္စရေးသည် အမေရိကန်နှင့် မိမိတို့၏ ထောက်လှမ်းရေးသတင်းများကို အသုံးချကာ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားသည့် “အီရန်ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထားလုပ်ကြံမှု” ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

မူလက စစ်ဆင်ရေးအား အမှောင်ထုကို အကာအကွယ်ယူ၍ ညဖက်တိုက်ခိုက်ရန် အမေရိကန်နှင့် အစ္စရေးအစိုးရတို့က စီစဉ်ခဲ့သော်လည်း၊ စနေနေ့နံနက်ပိုင်း တီဟီရန်ရှိ အစိုးရဝင်းအတွင်း လူစုဝေးမည့်သတင်းအရ တိုက်ခိုက်မည့်အချိန်ကို ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။

အီရန်သမ္မတရုံး၊ ဦးသျှောင်ရုံးနှင့် အမျိုးသားလုံခြုံရေးကောင်စီရုံးများ တည်ရှိရာနေရာ၌ ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်ထားကြသည်။

အဆိုပါစုဝေးမှုတွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ် မိုဟာမက် ပတ်ခ်ပူ၊ ကာကွယ်ရေးဝန်ကြီး အာဇစ် နာဆီယာဇာဒေး၊ စစ်ဘက်ကောင်စီဥက္ကဋ္ဌ အလီ ရှမ်ခါနီ၊ IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့မှူး ဆယက် မာဂျစ် မူဆာဗီနှင့် ထောက်လှမ်းရေးဒု-ဝန်ကြီး မိုဟာမက် ရှီရာဇီအပါအဝင် အီရန်ကာကွယ်ရေးကဏ္ဍမှ ထိပ်တန်းအရာရှိကြီးများ တက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးက အတည်ပြုနိုင်ခဲ့သည်။

စစ်ဆင်ရေးကို အစ္စရေးစံတော်ချိန် နံနက် ၆ နာရီခန့်တွင် အခြေစိုက်စခန်းများမှ တိုက်လေယာဉ်များ ပျံတက်ခြင်းဖြင့် စတင်ခဲ့သည်။ တိုက်ခိုက်ရန် လေယာဉ်အရေအတွက် အနည်းငယ်သာလိုအပ်သော်လည်း တာဝေးပစ်ခတ်နိုင်သည့် တိကျမှုမြင့်မားသော လက်နက်ခဲယမ်းများကို အသုံးပြုခဲ့သည်။

လေယာဉ်များ ပျံတက်ပြီး ၂ နာရီ ၅ မိနစ်အကြာ၊ တီဟီရန်စံတော်ချိန် နံနက် ၉ နာရီ ၄၀ မိနစ်တွင် တာဝေးပစ် ဒုံးကျည်များက အစိုးရဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အီရန်အမျိုးသားလုံခြုံရေး အရာရှိကြီးများသည် အဆိုပါဝင်းအတွင်းရှိ အဆောက်အအုံတခုတွင် ရှိနေကြပြီး၊ ခါမေနီမှာမူ အနီးရှိ အခြားအဆောက်အအုံတခုတွင် ရှိနေခဲ့သည်။

The New York Times က ဖတ်ရှုခဲ့ရသည့် အစ္စရေးကာကွယ်ရေးအရာရှိတဦး၏ သတင်းစကားတွင် “ယနေ့နံနက်တွင် တီဟီရန်ရှိ နေရာအချို့၌ တပြိုင်နက်တည်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး၊ ယင်းတို့အနက် တနေရာတွင် အီရန်နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍမှ ထိပ်တန်းပုဂ္ဂိုလ်များ စုဝေးနေသည့်နေရာဖြစ်သည်” ဟု ဖော်ပြထားသည်။

အီရန်က စစ်ရေးပြင်ဆင်မှုများ ရှိနေသော်လည်း အစ္စရေးသည် ယခုတိုက်ခိုက်မှုတွင် “စစ်ဗျူဟာမြောက် အငိုက်မိအောင်” လုပ်ဆောင်နိုင်ခဲ့သည်ဟု ယင်းအရာရှိက ပြောကြားသည်။ အိမ်ဖြူတော်နှင့် စီအိုင်အေ တို့ကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) က စနေနေ့တိုက်ခိုက်မှုအတွင်း စစ်ဘက်ခေါင်း ဆောင်နှစ်ဦးဖြစ်သူ ရှမ်ခါနီနှင့် ပတ်ခ်ပူတို့ သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

ယင်းစစ်ဆင်ရေးသည် ခိုင်မာသော ထောက်လှမ်းရေးသတင်းနှင့် လပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လက အီရန်၏ နျူကလီးယားပစ်မှတ်များကို တိုက်ခိုက်ရန် စီစဉ်နေစဉ်အတွင်း၊ ခါမေနီ ပုန်းအောင်းနေသည့်နေရာကို အမေရိကန်က သိရှိထားပြီး လုပ်ကြံနိုင်စွမ်းရှိကြောင်း သမ္မတ ဒေါ်နယ် ထရမ့် က အခိုင်အမာ ပြောကြားခဲ့ဖူးသည်။

ယင်းထောက်လှမ်းရေးသတင်းမှာ ယခုစနေနေ့ စစ်ဆင်ရေးတွင် အမေရိကန် အားကိုးအားထားပြုခဲ့သည့် ကွန်ရက်တခုတည်းမှပင် ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အရာရှိဟောင်းတဦးက ဆိုသည်။

သို့သော် ထိုအချိန်မှစ၍ အမေရိကန်၏ သတင်းရယူနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာခဲ့ကြောင်း အရာရှိဟောင်းနှင့် အခြားသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ဦးသျှောင်နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့တို့ ဖိအားပေးခံရချိန်တွင် မည်သို့ဆက်သွယ်ပြောဆို လှုပ်ရှားသည်ကို အမေရိကန်က ပိုမိုသိရှိလာခဲ့ကြောင်း အရာရှိဟောင်းက ပြောကြားသည်။

အမေရိကန်သည် ထိုသတင်းအချက်အလက်ကို အသုံးချ၍ ခါမေနီ၏ တည်နေရာကို ခြေရာခံရန်နှင့် ၎င်း၏လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ထောက်လှမ်းရေး အရာရှိကြီးများ၏ တည်နေရာ အသေးစိတ်ကိုလည်း စုဆောင်းထားနိုင်ခဲ့သည်။

စနေနေ့က ခေါင်းဆောင်မှုဗဟိုဌာန တိုက်ခိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလိုပင် ထောက်လှမ်းရေးခေါင်းဆောင်များရှိနေသည့် နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးအကြောင်း သိရှိသူများက ဆိုသည်။

အီရန်၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိမှာ လွတ်မြောက်သွားခဲ့သော်လည်း၊ အီရန်ထောက်လှမ်းရေး အေဂျင်စီများမှ အဆင့်မြင့်အရာရှိကြီး အမြောက်အမြား သေကြေပျက်စီးခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။


Leave a Reply

Your email address will not be published. Required fields are marked *