အယာတိုလာ အလီ ခါမေနီသည် သူ၏ ညာဘက်လက်ကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး ယင်းအချက်ကို သင် သတိထားမိခဲ့ချင်မှ ထားမိပေလိမ့်မည်။ ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါး ဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့် အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

ထိုအမူအရာသည် ခါမေနီ၏ ပုံရိပ်အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဆိုဗီယက်အာဏာရှင် ဂျိုးဆက် စတာလင် ငယ်စဉ်က မတော်တဆမှုကြောင့် ဖြစ်ခဲ့သော လက်မသန်စွမ်းမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ ခါမေနီသည်လည်း အကြွင်းမဲ့ အာဏာရှင်ပုံစံအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူကိုယ်တိုင်နှင့် သူကိုယ်စားပြုလာခဲ့သည့် စနစ်အတွက် အကောင်းဆုံး ပြယုဂ်တခု ဖြစ်ခဲ့ပြီး ထိုအရာမှာ လျှို့ဝှက်လက်တဖက်ပင် ဖြစ်သည်။

၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်၊ စနေနေ့တွင် ခါမေနီသည် တီဟီရန်မြို့ရှိ အဘူဇာဗလီ၌ ကျင်းပသော လူထုအစည်းအဝေးတခုတွင် စင်မြင့်ပေါ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသူများသည် နိုင်ငံအနောက်ဘက်တွင် ဖြစ်ပွားနေသော အီရန်-အီရတ် စစ်ပွဲရှေ့တန်းမှ ပြန်လာကြသူများ ဖြစ်သည်။

မိန့်ခွန်းပြောကြားပြီးနောက် ခါမေနီသည် တက်ရောက်လာသော လူငယ်များ၏ မေးခွန်းများကို ဖြေကြားရန် ထိုင်နေစဉ်၊ သူ၏ ရှေ့ရှိ စားပွဲပေါ်တွင် အသံဖမ်းစက် တလုံး ရှိနေသည်။ ထိုစက်ကို သတင်းထောက်အယောင်ဆောင်ထားသူတဦးက ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ အီရန်၏ Mashregh သတင်းဌာနက ထိုသူကို “အရပ် အလယ်အလတ်၊ ဆံပင်ကောက်ကောက်၊ မုတ်ဆိတ်မွေးနှင့် အကွက်ပါသော ကုတ်အင်္ကျီဝတ်ထားသည့် လူငယ်တဦး” ဟု ဖော်ပြခဲ့သည်။

တမိနစ်ခန့်အကြာတွင် ထိုအသံဖမ်းစက်မှ လေချွန်သံကဲ့သို့ မြည်လာပြီးနောက် ခါမေနီကို လုပ်ကြံရန် ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲမှုအပြီးတွင် ဗလီရှိ ဘာသာရေးခေါင်းဆောင်များက အသံဖမ်းစက်သည် နှစ်ပိုင်းကွဲသွားခဲ့ပြီး အပိုင်းအစများကြားတွင် “Forqan အဖွဲ့မှ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်သို့ ပေးအပ်သော လက်ဆောင်” ဟူသော စာသားကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထိုပေါက်ကွဲမှုကြောင့် သူ၏ ညာဘက်လက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လေဖြတ်သကဲ့သို့ မလှုပ်ရှားနိုင်တော့ပေ။ ထို့ပြင် သူ၏ အသံအိုးလည်း ထိခိုက်ခဲ့ရသဖြင့် ခါမေနီ၏ စကားပြောသံသည် ဘဝတလျှောက်လုံး ပြောင်းလဲသွားခဲ့ရသည်။

သို့သော် ယခု စနေနေ့ နံနက်ပိုင်းတွင်မူ အစ္စရေးနှင့် အမေရိကန်တို့သည် ခါမေနီ၏ အဆိုပါပုံရိပ်ကို နာကျင်စွာဖြင့် ရုတ်တရက် အဆုံးသတ်စေခဲ့ပြီ ဖြစ်သည်။

အမြဲတမ်း ပဋိပက္ခဖြစ်ပွားနေသော အစိုးရတရပ်၏ အုပ်ထိန်းသူ

Mm News.xyz 2026 03 02 133822

ခါမေနီ အသတ်ခံရခြင်းသည် ခေတ်သစ်အရှေ့အလယ်ပိုင်းသမိုင်းတွင် သြဇာအရှိဆုံးနှင့် အဖျက်ဆီးဆုံး ပုဂ္ဂိုလ်တဦး၏ အခန်းကဏ္ဍကို နိဂုံးချုပ်လိုက်ခြင်းပင် ဖြစ်သည်။ တော်လှန်ရေးသမားလည်းဖြစ်၊ ဘာသာရေးခေါင်းဆောင်လည်းဖြစ်သည့် ခါမေနီသည် “မဟာရန်သူတော် ” ဖြစ်သော အမေရိကန်နှင့် “ရန်သူတော်အငယ်စား ” ဖြစ်သော အစ္စရေးတို့အား အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်ရေးအပေါ် အခြေခံ၍ တည်ဆောက်ထားသော အစိုးရယန္တရားကြီးကို ထိန်းကျောင်းခဲ့သူဖြစ်သည်။

၁၉၇၉ ခုနှစ် အစ္စလာမ္မစ်သမ္မတနိုင်ငံတော် စတင်တည်ထောင်ချိန်မှ ၁၉၈၉ ခုနှစ် ကွယ်လွန်ချိန်အထိ ဦးဆောင်ခဲ့သော သူ၏ ရှေ့ဆောင်လမ်းပြ ရူဟိုလာ ခိုမေနီနှင့် ခါမေနီသည် မတူညီပေ။ ခိုမေနီ၏ အာဏာသည် တော်လှန်ရေးအရှိန်အဝါနှင့် ဘာသာရေးအရ ကြည်ညိုလေးစားမှုအပေါ် အခြေခံသော်လည်း၊ ခါမေနီက အစ္စလာမ္မစ်သမ္မတနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အသုံးပြု၍ အုပ်ချုပ်ခဲ့သူဖြစ်သည်။

သူသည် ပညာအရှိဆုံး ဘာသာရေးခေါင်းဆောင် သို့မဟုတ် အကောင်းဆုံး ဟောပြောသူတဦး မဟုတ်ခဲ့သော်လည်း သမ္မတအဖြစ်မှသည် နောက်ဆုံးတွင် အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူ၏ ထူးခြားချက်မှာ အားလုံးထက်သာလွန်သော စနစ်တခုကို တည်ဆောက်သူ ဖြစ်နေခြင်းပင် ဖြစ်သည်။

Mm News.xyz 2026 03 02 133737

အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။

သို့သော် ခါမေနီ၏ အစိုးရသည် အဖွဲ့အစည်းများအပေါ်တွင်သာ အခြေခံသည်မဟုတ်ပေ။ သူသည် အနောက်တိုင်း၏ လွှမ်းမိုးမှုနှင့် ပြည်တွင်း ယိုယွင်းပျက်စီးမှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် နယ်စည်းမခြား မွတ်စလင်အသိုက်အဝန်း (Ummah) ဟူသော ဝါဒကို ကိုင်စွဲထားသူဖြစ်သည်။ ခါမေနီသည် သူ၏ နိုင်ငံရေးခရီးစကတည်းက မိမိကိုယ်ကိုယ် လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကို ကျော်လွန်သော ကမ္ဘာ့ မွတ်စလင်ခေါင်းဆောင်အဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။

ခါမေနီ၏ လက်ထက်တွင် Ummah သည် နိုင်ငံတကာ အကြမ်းဖက်မှုများကို ထောက်ပံ့ရန် အကြောင်းပြချက်တခု ဖြစ်လာခဲ့သည်။ အီရန်နိုင်ငံ၏ ရန်ပုံငွေ ဘီလီယံနှင့်ချီကို ဟားမတ်စ် ၊ ဟစ်ဇ်ဘိုလာနှင့် ဟူသီကဲ့သို့သော အကြမ်းဖက်အဖွဲ့များထံ စီးဆင်းစေခဲ့သည်။

အမေရိကန် သို့မဟုတ် အစ္စရေးကို တိုက်ခိုက်လိုသော မည်သည့်အဖွဲ့ကိုမဆို သူ၏ ရည်မှန်းချက်ထဲ ဆွဲသွင်းခဲ့သည်။ ခါမေနီ၏ အမြင်တွင် အစ္စရေးသည် အရှေ့အလယ်ပိုင်းအတွက် စော်ကားမှုတခုဖြစ်ပြီး မြေပုံပေါ်မှ အပြီးတိုင် ဖျက်ထုတ်ပစ်ရမည့် အရာတခုဖြစ်သည်။ ၎င်းမှာ သူ၏ Ummah ဝါဒရေးရာမှ ဆင်းသက်လာသော အစွဲအလမ်းတခုပင် ဖြစ်သည်။

သူ၏ မိန့်ခွန်းများတွင် “ဇီယွန်ဝါဒီအစိုးရ” ကို “ကင်ဆာကျိတ်”၊ “အဖုအကျိတ်ဆိုး” တခုအဖြစ် ထပ်ခါတလဲလဲ ဖော်ပြခဲ့ပြီး ၎င်းကို “ဖယ်ရှားပစ်ရမည်၊ ဖယ်ရှားပစ်တော့မည်” ဟု ပြောဆိုခဲ့သည်။ ထိုစကားလုံးများသည် လွှတ်ခနဲ ပြောထွက်သွားခြင်း သို့မဟုတ် တော်လှန်ရေး စိတ်ဓာတ်တက်ကြွလွန်း၍ ပြောခြင်းမဟုတ်ပေ။ နိုင်ငံတော်အကြီးအကဲတဦးအနေဖြင့် တမင်ရည်ရွယ်၍ အကြိမ်ကြိမ် ပြောဆိုခဲ့သော စကားများဖြစ်ပြီး လှုံ့ဆော်မှုထက် မလွဲမသွေဖြစ်လာမည့် အခြေအနေတခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ် ဇွန်လတွင် ၁၂ ရက်ကြာ စစ်ပွဲအထိ အစ္စရေးကို တိုက်ရိုက် ထိပ်တိုက်မရင်ဆိုင်ဘဲ ခါမေနီ၏ လျှို့ဝှက်လက်ဟု ခေါ်ဆိုနိုင်သော နည်းလမ်းဖြင့်သာ ရင်ဆိုင်ခဲ့သည်။ ခါမေနီသည် တီဟီရန်မှနေ၍ အီရန်နယ်နိမိတ်နှင့် ဝေးကွာသောနေရာရှိ အစ္စရေးနှင့် ဂျူးပစ်မှတ်များကို တိုက်ခိုက်ရန် လက်ဝေခံတပ်ဖွဲ့များထံ ဘီလီယံနှင့်ချီသော ဒေါ်လာများ ထောက်ပံ့ပေးမှုကို ကြီးကြပ်ခဲ့သည်။ ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်၊ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်နှင့် ဆီးရီးယားနှင့် အီရတ်ရှိ ရှီယိုက်ပြည်သူ့စစ်များအားလုံးသည် အစ္စရေးကို ဖျက်ဆီးရန် အီရန်၏ ညွှန်ကြားမှုအောက်တွင် တည်ရှိနေကြခြင်း ဖြစ်သည်။

ထိုလျှို့ဝှက်လက်သည် အရှေ့အလယ်ပိုင်းကိုကျော်လွန်၍ ရောက်ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗျူနိုအေးရိစ်မြို့ရှိ AMIA ဂျူးလူမှုအသိုက်အဝန်းစင်တာသို့ အသေခံဗုံးခွဲသမားတဦး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၈၅ ဦး သေဆုံးခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်မီအထိ ဟိုလိုကော့စ် (Holocaust) အပြီးတွင် အဆိုးရွားဆုံးသော ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုတခု ဖြစ်ခဲ့သည်။ ထိုစစ်ဆင်ရေးကို ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်ပိုင်းက ခွင့်ပြုခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား အစိုးရရှေ့နေများက နောက်ပိုင်းတွင် စွပ်စွဲခဲ့ကြသည်။ ခါမေနီသည် ခြေရာလက်ရာမကျန်အောင် လုပ်ဆောင်ခဲ့သော်လည်း ထိုဖြစ်ရပ်အပေါ်တွင် သူ၏ ဝါဒရေးရာများကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။

ကမ္ဘာတဝန်းရှိ အစ္စရေးနှင့် ဂျူးပစ်မှတ်များကို တိုက်ခိုက်ရာတွင်လည်း အလားတူ နည်းဗျူဟာကိုပင် အသုံးပြုခဲ့သည်။ လေယာဉ်တိုက်ခိုက်မှု ကြံစည်မှုများမှသည် ပြည်ပဗုံးခွဲမှုများအထိ၊ အခြားသူများက ရင်းနှီးပေးဆပ်နေရစဉ် အီရန်ခေါင်းဆောင်ပိုင်းကို ဘေးကင်းလုံခြုံစေမည့် တာဝန်ယူမှုရှောင်လွှဲသောစစ်ပွဲ နည်းလမ်းကို ကျင့်သုံးခဲ့သည်။ အယ်လ်ဘေးနီးယား၊ သြစတြေးလျမှသည် ကင်ညာနှင့် အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာအနှံ့ရှိ အကြမ်းဖက်မှု ကြံစည်မှုများတွင် အီရန်၏ ပါဝင်ပတ်သက်မှု စာရင်းသည် ခါမေနီ၏ လက်တံကဲ့သို့ပင် ရှည်လျားလှသည်။

ထို့နောက် အောက်တိုဘာ ၇ ရက်နေ့ ရောက်ရှိလာခဲ့သည်။

ဟားမတ်စ်တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စိတ်ကူးထားသည်ထက် ပိုမိုနက်ရှိုင်းသော နောက်ခံအကြောင်းတရားများ ရှိနေသည်။ ၎င်းမှာ ဟားမတ်စ်တို့အပေါ် အီရန်၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပံ့ပိုးမှု၊ လေ့ကျင့်ပေးမှု၊ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် ဝါဒရေးရာ အားပေးမှုတို့၏ ရလဒ်ပင် ဖြစ်သည်။ တိုက်ခိုက်မည့်အချိန်အတိအကျကို ခါမေနီက ခွင့်ပြုခဲ့သည်ဖြစ်စေ၊ မပြုခဲ့သည်ဖြစ်စေ “အစ္စရေးသည် တရားမဝင်သော နိုင်ငံဖြစ်ပြီး ဖယ်ရှားပစ်ရမည့် အကျိတ်တခုဖြစ်သည်” ဆိုသည်မှာ ခါမေနီ၏ ယုံကြည်ချက်ပင် ဖြစ်သည်။ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုသည် ခါမေနီ၏ လျှို့ဝှက်လက်လှုပ်ရှားမှု၏ အဆိုးရွားဆုံး ဥပမာဖြစ်ခဲ့ပြီး နှစ်နှစ်ကျော်အကြာတွင် ထိုဖြစ်ရပ်ကပင် သူ့အား နိဂုံးချုပ်စေခဲ့သည်။

ကြိုတင်စီစဉ်ထားသော ရွေးကောက်ပွဲများနှင့် ပြုပြင်ပြောင်းလဲမှု ကင်းမဲ့သော အုပ်ချုပ်ရေး

Mm News.xyz 2026 03 02 133907

ခါမေနီ၏ အမွေအနှစ်ကို အီရန်နယ်နိမိတ်အတွင်း၌လည်း တွေ့မြင်နိုင်သည်။ ပြည်တွင်း၌ သူသည် ဆယ်စုနှစ် သုံးခုအတွင်း တော်လှန်ရေး၏ မူလကတိကဝတ်များကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်ခဲ့သည်။

အီရန်ရွေးကောက်ပွဲများသည် ကြိုတင်စီစဉ်ထားသည့် ပွဲလမ်းသဘင်များသာ ဖြစ်ခဲ့ပြီး သူ၏ ခွင့်ပြုချက်ရသူများသာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်ရှိခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမားများကို ဟန်ပြအတိုက်အခံအဖြစ်သာ တည်ရှိခွင့်ပြုခဲ့သည်။ ၂၀၀၉၊ ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်များတွင် အီရန်ပြည်သူများက ဖိနှိပ်ချုပ်ချယ်မှုနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲများအပေါ် လမ်းပေါ်ထွက် ဆန္ဒပြသည့်အခါတွင်လည်း အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သည်။ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ကို ပြည်သူ့မေတ္တာထက် ဖိနှိပ်ချုပ်ချယ်မှုဖြင့်သာ ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ခါမေနီသည် သမိုင်း၏ တရားစီရင်မှုအကြောင်းကို မကြာခဏ ပြောဆိုခဲ့သော်လည်း သမိုင်းသည် မိမိကိုယ်ကို မထိခိုက်နိုင်သူဟု ယုံကြည်နေသူများကို မျှော်လင့်မထားသည့် အဆုံးသတ်များဖြင့် ပြန်လည် အံ့အားသင့်စေတတ်သည်။

ခါမေနီအား နိဂုံးချုပ်ပေးလိုက်ခြင်းသည် ချစ်ခြင်းမေတ္တာအစား မုန်းတီးမှုကို ရွေးချယ်ခဲ့သူ၊ ငြိမ်းချမ်းရေးအစား စစ်ပွဲကို ရွေးချယ်ခဲ့သူတဦးအား ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။ လောလောဆယ်တွင် အစ္စလာမ္မစ်သမ္မတနိုင်ငံတော် ဆက်ရှိနေသေးသော်လည်း အစ္စရေးနှင့် အမေရိကန်တို့က အစိုးရ၏ ယန္တရားများကို ဆက်လက်တိုက်ခိုက်နေချိန်တွင် ပြည်သူများက ထကြွ၍ မိမိတို့၏နိုင်ငံကို ပြန်လည်ရယူနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ခါမေနီ၏ ဘဝသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများကြားတွင် နိဂုံးချုပ်သွားခဲ့ရပြီး သူ၏ လက်တဖက်ကိုလည်း နောက်နောင် ဖုံးကွယ်ထားရန် မလိုတော့ပေ။

The Jerusalem Post မှ Khamenei’s hidden hand concealed his flaw, and his long-reach of terror – analysis အား Brownie ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *