အဆိုတော် တနင်္ဂနွီ အဖွဲ့ကို အရေးယူပေးရန် ရခိုင်အမျိုးသမီးများတောင်းဆို
ရခိုင်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသော ရခိုင်အဆိုတော် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ရခိုင်အမျိုးသမီးများနှင့် ရခိုင်ပြည်သူများကြားတွင် ဝေဖန်မှု မြင့်တက်နေကာ ကန့်ကွက်ရှုတ်ချထားကြသည်။
ရခိုင်လူငယ် Ko Thet (ကိုသက်) ဆိုသော အကောင့်ပိုင်ရှင်က လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသည့် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖေ့စ်ဘုတ်စာမျက်နှာတွင် ပို့စ်တင်ထားသည်။

ရုပ်သံဖိုင်တွင် ရခိုင်အဆိုတော် တနင်္ဂနွီနှင့် နောက်ထပ် လူငယ် ၃ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပြီး ၎င်းတို့အားလုံးက အရက်သောက်စား မူးယစ်ကာ ရခိုင်အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားကြသည်။
၎င်းတို့ ပြောဆိုချက်မှာ “ရခိုင်အမျိုးသမီးငယ်တွေဟာ ချစ်ဖို့လည်း ကောင်းသလို စားဖို့လည်း ကောင်းတယ်” ဆိုပြီး ရခိုင်လို ပြောဆိုထားကြသည်။
ဤနေရာတွင် စား ဖို့လည်း ကောင်းသည် ဆိုသော စကားလုံးမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ပြောစကားဖြစ်ပြီး ရခိုင်အမျိုးသမီးများအပေါ်မှာ လေးစားတန်ဖိုးထားမှု မရှိသလို ရခိုင့်ဂုဏ်ကိုလည်း ထိခိုက်စော်ကားရာ ရောက်သည်ဟု ဝေဖန်ကြသည်။

ရုပ်သံဖိုင်တွင် လူငယ် ၃ ဦးစလုံးက ယင်းစကားကို ပြောဆိုထားကြပြီး အဆိုတော် တနင်္ဂနွီက ယင်းစကားကို ပြောဆိုခြင်း မရှိခဲ့သော်လည်း ထောက်ခံအားပေးသည့် ပြောစကားနှင့် အပြုအမူကို လုပ်ဆောင်ခဲ့သည်။
ရခိုင်အမျိုးသမီးမှ မဟုတ် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း အားလုံးမှာ လူသားအားလုံးအတွက် မိခင်ဖြစ်ပြီး အမျိုးသမီးများအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုများကို မပြုလုပ်သင့်ဘဲ ဂုဏ်ယူတန်ဖိုးထားပေးရမည်ဟု ဝေဖန်ထားသူ ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကိုယ့် ရခိုင်အမျိုးသမီးတွေရဲ့ ဂုဏ်ကို ကိုယ့် ရခိုင်သား၊ မိမိတို့ကပဲ ကာကွယ်စောင့်ရှောက် ရမှာဖြစ်တယ်။ ကိုယ့်မှာရှိတဲ့ အမေ၊ အစ်မ၊ ညီမ၊ တူမ စတဲ့ ညီမချင်း ကိုယ်ချင်းစာနာမှု၊ လေးစားတန်ဖိုးထားမှု လိုအပ်တယ်။ လေးစားမှုကို ပေးလည်း ပေးရမှာပါ။ အမျိုးသမီးဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့ မိခင်တွေ ဖြစ်ကြတယ်။ အခု လိင်ပိုင်းဆိုင်ရာ စော်ကားနေတဲ့ သူတွေဟာလည်း အမေတွေ ရှိကြမှာပါ။ အမျိုးသမီးတွေ မွေးထုတ်ပေးလို့ လူဖြစ်လာတာ ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို တန်ဖိုးထားပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ပို့စ်တင်သူ ကိုသက် ဆိုသူက ရုပ်သံဖိုင်ကို ပို့စ်တင်ရာတွင် ရုပ်သံဖိုင်ပါ ပြောစကားများကို ကန့်ကွက်ရှုတ်ချခြင်းမရှိဘဲ အားပေးသည့်ပုံစံဖြင့် ပို့စ်ရေးသားကာ တင်ထားသည်ကို တွေ့ရသည်။

ကိုသက် က ပို့စ်ကွန်မန့်အောက်တွင် ဟာသ အမြင်ဖြင့် ကြည့်ရှုရန်ဟု ပြောဆိုထားပြီး ဟာသ အမြင်ဆိုသည့် စကားမှာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဟာသ ဖြင့် ပျက်ရယ်ပြုထားခြင်းဖြစ်ကြောင်း ဝေဖန်ကြသည်။
“ဟာသ မဟုတ်တဲ့ အောက်လုံးနဲ့ ရခိုင်အမျိုးသမီးတွေကို မစော်ကားသင့်ဘူး။ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားရမယ့် အရာမဟုတ်ဘူး။ အမျိုးသမီးတွေဟာ ဟာသ လုပ်ပြောရမယ့် အရာမဟုတ်ဘူး။ စကားကို စည်းမရှိကမ်းမရှိ လက်လွတ်စပယ် ပြောတာဟာ ယုတ်ညံ့တဲ့ သူတွေ ဖြစ်တယ်။ ရခိုင်ဆိုတာ ကိုယ့်ဂုဏ်ကိုယ် မြှင့်တင်ရမယ်။ စောင့်ထိန်းရမယ်။ တန်ဖိုးထားရမယ်” ဟု ပြောသည်။
သောက်စားမူးယစ်ပြီး ပြောဆိုခြင်းဖြစ်စေ၊ မသောက်မစားဘဲ ဖြစ်စေ၊ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမျိုးသမီးများအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကျူးလွန်မှုနှင့် အကြမ်းဖက်မှုများအတွက် ကျူးလွန်သူများမှာ အရေးယူခံထိုက်သည်ဟု နောက်ထပ် ရခိုင်အမျိုးသမီးတစ်ဦးက တောင်းဆိုသည်။

“လက်ရှိ ရခိုင်မှာ အာရက္ခတပ်တော် အစိုးရက အာဏာပိုင်အဖွဲ့အစည်းဖြစ်တယ်။ ဒီလို အမျိုးသမီးများအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားသူတွေကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ အရေးယူမှုတွေ မရှိဘူးဆိုရင် နောက်ထပ်လည်း အမျိုးသမီးတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ တိုးလာနိုင်ပါတယ်။ အမျိုးသမီးတွေကို ဥပဒေအရ အကာအကွယ်ပေးရပါမယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို ကျမ တောင်းဆိုပါတယ်။ အပြစ်ရှိသူတွေကို အရေးယူတာက လူ့အဖွဲ့အစည်း သာယာဝပြော ငြိမ်းချမ်းစေပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်က အမျိုးသမီးများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေသော တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတစ်ဦးက စနောက်စရာဆိုသော ခေါင်းစဉ်အောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လုံးဝ လက်မခံဟု ပြောသည်။
“ဒီလုပ်ရပ်အပေါ် ကျအမြင်က သူ့လို (တနင်္ဂနွီ) public figure မှာ လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ပိုပြီးတော့ မလုပ်သင့်ဘူး။ နောက်တစ်ခုက ကိုယ့်ရခိုင်အမျိုးသမီးပဲ ဖြစ်ဖြစ်၊ ဘယ်အမျိုးသမီး တစ်ဦးတစ်ယောက် အပေါ်မှာလည်း ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို လုံးဝ မလုပ်ရဘူး။ ဒီလို လုပ်နေတဲ့သူတွေကိုလည်း လုံးဝ လက်မခံနိုင်ဘူး။ ပတ်ဝန်းကျင်မှာလည်း အမျိုးသမီးတွေဆိုရင် စနောက်စရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေအပေါ် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ကြံပြောဆိုနေကြတယ်။ ဒီလို စကားလုံး အသုံးအနှုန်းတွေနဲ့ အပြောအဆို အမှုအကျင့်တွေကို Stop Violence နဲ့ တိုက်ဖျက်ရပါမယ်။ ဒီလို ကျူးလွန်တဲ့သူတွေကိုလည်း အားပေးအားမြှောက် လုပ်ပေးကြတဲ့သူတွေကိုလည်း ရှုတ်ချပါတယ်” ဟု ပြောသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်သော လုပ်ရပ်များအား ကျူးလွန်သူများကို Social Punishment (လူမှုရေးပြစ်ဒဏ်) လိုမျိုး ပေးနိုင်ရန် campaign များ လုပ်ဆောင်ရန် လိုအပ်သည်ဟု ရခိုင့် community ကို ၎င်းက တိုက်တွန်းထားသည်။
ရုပ်သံဖိုင်ပါ လူငယ် ၄ ဦးထဲက နှစ်ဦးကို အတည်ပြုနိုင်ပြီး တစ်ဦးက ရခိုင်အဆိုတော် တနင်္ဂနွီ နှင့် နောက်တစ်ဦးက ကိုကိုကျော် ဖြစ်ကာ ကျန်နှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်သည်။
ကိုကိုကျော် သည် ကိုသက် တင်ထားသော ရုပ်သံဖိုင် ပို့စ် ကွန့်မန့်အောက်တွင် အားပေးအားမြှောက် အပြုအမူဖြင့် မန့်များကို ထပ်မံ ရေးသားထားပြီး ရုပ်သံဖိုင်ပါ ပြောစကားအပေါ် မှားမှန်း ဝန်ခံခြင်းမရှိဘဲ ဂုဏ်ယူဝံ့ကြွားနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် လူငယ်များမှာ ကျောင်းမတက်ရခြင်း၊ ပညာမသင်ရခြင်းနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရပြီး လေလွှင့်ကာ အရက်သောက်စားမူးယစ်မှု ပိုများလာကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်ကို ထိန်းချုပ်ထားသော အာဏာပိုင်အဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် AA အနေဖြင့် ယင်းပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အပြည့်အဝ ကာကွယ်ပေးရမည်ဟု ရခိုင်ပြည်သူများက တောင်းဆိုနေကြသည်။


Leave a Reply