Mm News.xyz 2026 03 03 173351

မြန်မာ့အကျပ်အတည်းတွင် နောက်ကွယ်မှ ပံ့ပိုးနေသော အီရန်ကို အမေရိကန်နှင့် အစ္စရေး၏အရေးယူမှုကြောင့် မြန်မာ့အရေး အပြောင်းအလဲဖြစ်နိုင်ဟု သြစတြေးလျ အထက်လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံ၏ အကျပ်အတည်းများတွင် နောက်ကွယ်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည့် အီရန်အစိုးရအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ပြတ်သားသော အရေးယူဆောင်ရွက်မှုများသည် မြန်မာ့အရေး၏ လမ်းကြောင်းကို အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း အနောက်သြစတြေးလျပြည်နယ် (Western Australia) အထက်လွှတ်တော်အမတ် ဒင်းစမစ် (Dean Smith) က ပြောကြားလိုက်သည်။

ဩစတြေးလျအထက်အမတ် ဒင်းစမစ်က အီရန်အရေးနှင့်ပတ်သက်၍ မတ်လ ၁ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အီရန်နိုင်ငံက ဒေသတွင်းနှင့် ဒေသပြင်ပတို့တွင် အလွန်အမင်း မတည်မငြိမ်ဖြစ်စေသော အင်အားစုတစ်ခုဖြစ်ကြောင်း၊ အီရန်အပေါ် အရေးယူမှုကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာထားသည်။

“အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည် အီရန်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်အရေးယူ ဆောင်ရွက်ခဲ့ကြပြီး၊ ယင်းဆောင်ရွက်မှုများကြောင့် အီရန်တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာကာ ဒေသတွင်း ပိုမိုတည်ငြိမ်လာလိမ့်မည်ဟု ကျွန်ုပ် ဆုတောင်းပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အကျပ်အတည်းများကဲ့သို့ အီရန်က နောက်ကွယ်မှ ပံ့ပိုးကူညီနေသည့် ဆက်စပ်ပဋိပက္ခများ၏ လမ်းကြောင်းကိုလည်း အဆိုပါအရေးယူမှုများက ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်” ဟု ၎င်းက ကြေညာထားသည်။

646404379 1289775386583398 2531762571416084785 N

အီရန်အစိုးရက ၎င်း၏ နိုင်ငံသားများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းများဖြင့် စနစ်တကျ ဖိနှိပ်နေသလို၊ ပြည်ပတွင်လည်း အကြမ်းဖက်မှုကို ထိပ်တန်းမှ ပံ့ပိုးကူညီနေသည့် နိုင်ငံအဖြစ် ဆောင်ရွက်နေကြောင်း အမတ် ဒင်းစမစ်က ပြစ်တင်ရှုတ်ချသည်။

ထို့အပြင် အီရန်အစိုးရက နိုင်ငံရေးအတိုက်အခံများ၊ ဘာသာရေးလူနည်းစုများ၊ အမျိုးသမီးများနှင့် LGBTQ+ အသိုင်းအဝိုင်းဝင်များကို ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် အခြေခံလူကျင့်ဝတ်နှင့် လူသားဆန်မှုတို့ကို ချိုးဖောက်နေကြောင်း ၎င်းက ဆိုသည်။

အထက်လွှတ်တော်အမတ် ဒင်းစမစ်က လွတ်လပ်ပြီး ဒီမိုကရေစီရရှိသော အီရန်နိုင်ငံအတွက် တိုက်ပွဲဝင်နေကြသည့် အနောက်သြစတြေးလျရှိ အီရန်အသိုက်အဝန်းကို အစောပိုင်းကတည်းက တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ အီရန်အစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် မည်သို့သော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း စောင့်ကြည့် သုံးသပ်မှုများရှိနေသည်။

အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ လျှို့ဝှက်ထောက်ပံ့ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများနှင့်လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ဖော်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *