ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှာ လောင်စာဆီပြတ်လပ်မှုမဖြစ်အောင် ဓာတ်ဆီဆိုင်တွေအနေနဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေးပြီး ရောင်းချပေးဖို့ ခရိုင်ဝန်က ညွှန်ကြားလိုက်ပါတယ်။

မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေက မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ ယာဉ်တွေအများအပြား စက်သုံးဆီ လာဖြည့်တာကြောင့် ဓာတ်ဆီဆိုင်တွေမှာ ဆီကုန်သွားတဲ့အတွက် ဒီပြဿနာကို မယ်ဆိုင်မြို့နယ်မှူးက ချင်းရိုင်ခရိုင်ဝန်ထံ တင်ပြခဲ့ပြီးတဲ့နောက် ခရိုင်ဝန်က ဆောင်ရွက်ရမဲ့ အချက်တွေကို ပြန်လည်ညွှန်ကြားခဲ့တာပါ။

မတ် ၃ ရက် ညနေပိုင်းက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာတော့ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးထွက်ဖို့ လိုအပ်သူ၊ ကုန်ပစ္စည်းပို့ဆောင်သူ၊ နေ့စဉ်ဘဝမှာ လုပ်ကိုင်စားသောက်နေရတဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေးပြီး ဓာတ်ဆီရောင်းချပေးဖို့ ပါရှိပါတယ်။

ယာဉ်ထဲရှိ ဆီတိုင်ကီကလွဲလို့ တခြားဂါလန်ပုံး၊ ပလတ်စတစ်ပုံးတို့နဲ့ ဝယ်ယူတာမလုပ်ဖို့၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့မှာ အသုံးပြုဖို့ လိုအပ်တဲ့အခါ အမည်၊ အလုပ်အကိုင်၊ ဆီလိုအပ်ကြောင်း အကြောင်းပြချက်နဲ့ ပမာဏတို့ကို ဖော်ပြပြီး မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေအနေနဲ့ စက်သုံးဆီဖြည့်လိုပါက အမည်အပြည့်အစုံ၊ အလုပ်အကိုင်၊ ဆီအသုံးပြုရတဲ့ အကြောင်းရင်း၊ လိုအပ်တဲ့ပမာဏ စတာတွေကို မှတ်ပုံတင် ဖော်ပြရမယ်၊ အဲဒီအချက်တွေပေါ် မူတည်ပြီး ဓာတ်ဆီဆိုင်မှ ပမာဏလျှော့ရောင်းတာ ဒါမှမဟုတ် မရောင်းပေးတာတွေကို လုပ်ခွင့်ရှိတယ်၊ တရက်တည်းမှာ တကြိမ်ထက်ပိုပြီး အခေါက်ခေါက်အခါခါ ပြန်လာဝယ်ရင် ရောင်းဖို့ ငြင်းပယ်ခွင့်ရှိပြီး မြို့နယ်ထဲမှာ စက်သုံးဆီတွေ လုံလောက်မှုမရှိရင် အနီးအနားမြို့နယ်တွေမှာ သွားရောက် ဆီဖြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

စက်သုံးဆီ သိုလှောင်တာ၊ အကြောင်းပြချက်မခိုင်လုံဘဲ ရောင်းချပေးဖို့ ငြင်းဆိုခံရပါက သက်ဆိုင်ရာကို တိုင်ကြားဖို့၊ တာဝန်ရှိသူတွေက လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူပေးမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲတွေကြောင့် စက်သုံးဆီ မလုံလောက်မှာ စိုးရိမ်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံက ပြည်သူတွေ ဓာတ်ဆီ အလုအယက်ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲ​ဆောက်မြို့ဘက်ကိုလည်း မြန်မာနိုင်ငံ မြဝတီမြို့ဘက်ကနေ စက်သုံးဆီတွေ အများအပြားလာ​ရောက် ဆီဖြည့်​နေတာကို ​တွေ့ရှိရပါတယ်။

ဆီလာ​ဖြည့်တဲ့ မြန်မာကား​မောင်းသမားတယောက်က “မဲ​ဆောက်မြို့ဘက်ကို လာ​ရောက်ပြီး စက်သုံးဆီ​တွေကို ကားဆီပုံးအပြည့် ထည့်ကြတယ်။ ထိုင်းဘက်က စက်သုံးဆီက ပိုသန့်တယ်။ သုံးလို့လည်း ကောင်းတယ်။ ဒါ​ပေမဲ့ မြန်မာဘက်က ထိုင်းဘက်ကို ကူးသွားရတဲ့ အချိန်တခု​တော့​ ပေးရတာ​ပေါ့”လို့ ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကုန်စည်ပို့​ဆောင်သူ လုပ်ငန်းရှင်တွေနဲ့ စီးပွား​ရေးသမား​တွေက ကုန်စည်​ဈေးနှုန်းမြင့်တက်မှာကို စိုးရိမ်မိ​ကြောင်း ​မြဝတီ-မဲ​ဆောက်​ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကတော့ ထိုင်းနိုင်ငံမှာ အရန်စက်သုံးဆီ ရှိတာကြောင့် ပြည်သူတွေ တုန်လှုပ်စရာ မလိုအပ်ကြောင်းနဲ့ ဒီဇယ်ဈေးနှုန်း တလီတာကို ၂၉ ဒသမ ၉၄ ဘတ်မှာ ၁၅ ရက်တာ ထိန်းချုပ်ထားဖို့ စွမ်းအင်ဝန်ကြီးဌာနကို ညွှန်ကြားထားတယ်။

ပြည်သူတွေကို ကူညီဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်၊ ထိုင်းမှာ ရက်ပေါင်း ၆၀ အတွက် ဆီလုံလောက်မှု ရှိတယ်၊ အဲဒီဆီတွေကို အရှေ့အလယ်ပိုင်းဒေသ တခုတည်းက တင်သွင်းတာ မဟုတ်ဘဲ တခြားဒေသကလည်း တင်သွင်းတယ်၊ ဒီလထဲမှာ ထိုင်းစက်သုံးဆီသုံးဖို့ သန်းပေါင်း ၁၇၀ လီတာ ရှိတာမှာ သန်းပေါင်း ၁၃၀ သာ အသုံးပြုရသေးတယ်လို့ ပြောပါတယ်။

လာအိုနိုင်ငံကို နေ့စဉ် လီတာ ၇ သန်း တင်ပို့တယ်၊ လာအိုနိုင်ငံကို တင်ပို့ရောင်းချပေးရတဲ့ အကြောင်းက ထိုင်းဟာ လာအိုဆီကနေ လျှပ်စစ်ဓာတ် ဝယ်ယူရတာရှိတယ်၊ စက်သုံးဆီ အခြေအနေ ဆိုးလာရင် လာအိုနိုင်ငံက လျှပ်စစ်ဓာတ်အားကို အားထားရမှာ ဖြစ်တယ်၊ ဒါကြောင့် အပြန်အလှန် အမှီသဟဲရှိဖို့ တင်ပို့ရတာလို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို စက်သုံးဆီ တင်ပို့ရောင်းချခွင့် ယာယီပိတ်ထားပေမဲ့ ဆီတင်ကားတွေ လာအိုနိုင်ငံဘက် ဦးတည်ပို့ဆောင်နေတာရှိလို့ လူမှုကွန်ရက်မှာ ဝေဖန်နေတာတွေကို ဝန်ကြီးချုပ်က နေ့စဉ် လုပ်ငန်းဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo: ThaiPBS


Leave a Reply

Your email address will not be published. Required fields are marked *