စုံမ ကားနံပါတ်များ ၂ ရက်တခါမှ လမ်းပေါ်တက်ခွင့်ပေးထားသော်လည်း ကျောင်းကားနဲ့ အလုပ် ဖယ်ရီကားများကတော့ နေ့စဥ် လမ်းပေါ် တက်ခွင့် ရမယ်လို့ သိရပါတယ်။
ဒါပေမယ့် ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေမှာ သက်ဆိုင်ရာ ဌာနရဲ့ ထောက်ခံစာအပြင် ကားပေါ် ပါလာတဲ့သူတွေမှာလည်း ထောက်ခံစာပါမှ ခွင့်ပြုမယ်လို့ သိရပါတယ်။
ကားထောက်ခံစာ၊ လူထောက်ခံစာ မပါရင် အရေးယူမယ်လို့လည်း သိရပါတယ်။
မော်တော်ပီကယ်တွေကတော့ ဝမ်းသာပြီးရင်း ဝမ်းသာနေကြတော့မှာပါပဲ။
စစ်ကော်မရှင်၏ စုံ/မ ကားမောင်းနှင်ခွင့် ကန့်သတ်မှုကို စစ်တပ်လော်ဘီများပင် လှောင်ပြောင်နေ
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မှုကို အကြောင်းပြကာ စစ်ကော်မရှင်က ကားနံပါတ် စုံ/မ ရက်အလိုက် ခွဲခြားမောင်းနှင်ရန် ထုတ်ပြန်လိုက်ခြင်းအပေါ် အများပြည်သူသာမက စစ်တပ်ထောက်ခံသူ လော်ဘီများကပါ ထူးခြားဆန်းပြားသည့် စီမံခန့်ခွဲမှုအဖြစ် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။
အဆိုပါ ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစတင်ကာ ပုဂ္ဂလိကယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များသည် နေ့စွဲအလိုက် မိမိတို့ယာဉ်နံပါတ်၏ စုံ/မ ဂဏန်းအတိုင်းသာ လမ်းပေါ်တက်မောင်းရမည်ဖြစ်ပြီး၊ ဖောက်ဖျက်ပါက အရေးယူမည်ဟု စစ်ကော်မရှင်က ဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စစ်တပ်လော်ဘီတစ်ဦးဖြစ်သူ ဘကောင်းက လူမှုကွန်ရက်တွင် ရေးသားရာ၌ “ကားနံပါတ်တောင် Gender (ကျား/မ) ခွဲလာပြီနော် အခုလို စုံ/မ စနစ်နဲ့ စီးပွားရေးကို ထိန်းချုပ်တဲ့ မဟာဗျူဟာမျိုး သာမန်မဟုတ်တဲ့သူတွေသာ စဉ်စားတတ်တာ၊ စီးပွားရေး ပညာရပ်ထဲ လိုက်ရှာရင် မူးသွားလိမ့်မယ် ” ဟု တယ်လီဂရမ်ချန်နယ်၌ လှောင်ပြောင်ရေးသားထားသည်။
၎င်းက ဆက်လက်၍ “နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သူတွေ ကိုယ်ပိုင်တာ ဘာကျန်သေးလဲ ငုံကြည့်ကြပါဦး။ ဖိနပ်တောင် ကျန်သေးလားလို့ပါ” ဟု ရေးသားထားရာ စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအောက်တွင် ပြည်သူများမှာ အခြေခံအခွင့်အရေးများပင် ဆုံးရှုံးနေရပြီဖြစ်ကြောင်း သွယ်ဝိုက်ရေးသားထားသေးသည်။
မြေပြင်ရှိ ပြည်သူများကလည်း ယခုစနစ်အပေါ် စိတ်ညစ်နေကြသည်”ဆီမသွင်းနိုင်တာကို စစ်ပွဲအကြောင်းပြ၊ ပြီးတော့ ပြည်သူ့ကားတွေကို နံပါတ်ခွဲမောင်းခိုင်းတာက တကယ့်ကို ရယ်စရာကောင်းတဲ့ အဖြေပဲ။ ကားနှစ်စီးရှိတဲ့သူကတော့ အဆင်ပြေမှာပေါ့၊ တစ်စီးပဲရှိတဲ့ လက်လုပ်လက်စားတွေကျတော့ ဘယ်လိုလုပ်မလဲ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်၏ သတ်မှတ်ချက်တွင် လျှပ်စစ်သုံးယာဉ် (EV)၊ ဆိုင်ကယ်၊ လူနာတင်ယာဉ်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို ကင်းလွတ်ခွင့်ပေးထားသော်လည်း၊ အခြေခံကုန်စည်စီးဆင်းမှုတွင် အဓိကကျသော လုပ်ငန်းသုံးယာဉ်များမှာမူ စုံ/မ စနစ်အောက်တွင် ပိတ်မိနေသဖြင့် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာရန်သာ ရှိနေသည်။
အခြားပြည်သူတစ်ဦးကလည်း “ဒါက နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ပြောလို့မရတော့ဘူး။ စစ်ကော်မရှင်က စီမံခန့်ခွဲမှု ညံ့ဖျင်းလေလေ ပြည်သူတွေက ထမင်းလုပ်ကို ရိုက်ချခံရလေလေပဲ ” ဟု ဆိုသည်။
စောင့်ကြည့်လေ့လာသူများကမူ စစ်ကော်မရှင်အနေဖြင့် စက်သုံးဆီအကျပ်အတည်းကို ရိုးသားစွာ မဖြေရှင်းဘဲ နိုင်ငံတကာအခြေအနေကို အကြောင်းပြကာ ပြည်သူကိုသာ ထိန်းချုပ်ကန့်သတ်သည့် နည်းလမ်းဟောင်းများကို အသုံးပြုနေခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် မတ်လ ၇ ရက်နေ့ မတိုင်မီ ဆီကြိုတင်ဖြည့်တင်းလိုသူများကြောင့် ဆီဆိုင်များတွင် ကားတန်းကြီးများ ရှည်လျားလျက်ရှိပြီး၊ လော်ဘီများ၏ လှောင်ပြောင်မှုနှင့် ပြည်သူ့ဒေါသတို့ ပေါင်းစုံကာ စစ်ကော်မရှင်အပေါ် ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။


Leave a Reply