646123370 1245583014377382 4910403841895127104 N

ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်

လက်ရှိသုံးစွဲနေသည့်ဖုန်းဟန်းဆက်များသည် စစ်ကော်မရှင်ထိန်းချုပ်ထားသော ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR) စနစ်ထဲအလိုအလျောက်မှတ်ပုံတင်ဝင်သွားမည်ဖြစ်ပြီး အဆိုပါစနစ်ကြောင့် သုံးစွဲသူနောက်ကြောင်းကို အသေးစိတ်သိနိုင်ကာ နောက်ယောင်ခံ စောင့်ကြည်နိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါစနစ် CEIR ထဲသို့ လက်ရှိသုံးစွဲနေသည့်ဟန်းဆက်များက အခွန်ဆောင်စရာမလိုဘဲ မှတ်ပုံတင်ပြီးသားဖြစ်ပြီး ဆမ်းကဒ်များက မှတ်ပုံတင်ထားရသဖြင့် နေရာလိပ်စာများဖြည့်သွင်းထားရသောကြောင့် ဖုန်းသုံးစွဲသူ၏နေရာကို ထောက်လှမ်းနိုင်ကြောင်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုသစ်ဥာဏ်က ပြောကြားသည်။

“နည်းပညာအရတော့ဒီဟာက ဒီစက်ပစ္စည်း ( ဖုန်း) နဲ့ ဆမ်းကဒ်က ဘယ်နားမှာရှိလဲသိနိုင်တယ်။ မှတ်ပုံတင်လုပ်ဖို့ပြောတာက ဒီစက်နဲ့ဒီဆမ်းကဒ်သုံးနေတာ ဘယ်သူလဲ၊ မှတ်ပုံတင်ကဘာ၊ ဘယ်လိပ်စာဆို တာသိသွားပြီ။ အဲဒီမှတ်ပုံတင်စနစ်ကြောင့် ဘယ်နားသုံးနေလဲဆိုတာ သေချာပေါက်သိနိုင်တဲ့အနေအထားဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

စစ်ကော်မရှင်က UID နိုင်ငံသားစမတ်ကတ်ပြုလုပ်ခိုင်းထားသည့်အတွက် အချက်အလက်များပြည့်စုံနေခြင်း၊ ဖုန်းမှတ်ပုံတင်နှင့် ဆမ်းကဒ်မှတ်ပုံတင်ပါရှိပြီးဖြစ်၍ အသုံးပြုသူအားလုံးကို စောင့်ကြည့်ပြုနိုင်သောကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

အဆိုပါ CEIR စနစ်သည် ဆက်သွယ်ရေးကွန်ရက်အားလုံး (MPT, ATOM, U9, Mytel )ဖြင့်ချိတ်ဆက်ထားပြီး ဖုန်းဟန်းဆက်ထဲ ဆမ်းကဒ် (SIM card) ထည့်သွင်းထားမှ အလိုအလျောက်စနစ်ထဲရောက်ရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။

ထို့ပြင်ဖုန်းဟန်းဆက် (မိုဘိုင်းလက်ကိုင်ဖုန်း) နှင့် ဆက်စပ်ပစ္စည်းများကို ပြင်ပနိုင်ငံများမှသွင်းယူရာတွင် အခွန်ပေးဆောင်မှ CEIR စနစ်တွင်ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ပြီးမှ ဖုန်းကိုအသုံးခွင့်ရမည်ဖြစ်သည်။

အဆိုပါစနစ်နှင့်ပတ်သက်ပြီးစစ်ကော်မရှင်ထုတ်ပြန်ချက်တွင် ဖုန်းဟန်းဆက်များမှ အခွန်ရရှိရေးအတွက်ဦးတည်ထားသော်လည်း ပုဂ္ဂလိကဆက်သွယ်ရေးလုံခြုံမှုကို သတိပြုရန် သုံးသပ်မှုများလည်းရှိသည်။

“ဖုန်းတွေအကုန်ဆောင်ဖို့ မှတ်ပုံတင်ဖို့ပါတယ်။ အခွန်မဆောင်ရင် ဒဏ်ကြေးဆောင်ရမယ်ဆိုပြီး ပါတယ်။ အဲဒီတော့တရားဝင်ကုန်သွယ်ရေးစနစ်ကနေလာတဲ့ဟာတွေမှာ အခွန်စနစ်နဲ့ သီးခြားအချက်အလက်ရှိတယ်။ ဒါပေမယ်လည်း ဒီမှာရှိနေတဲ့ နိုင်ငံရေးစီးပွားရေးအခြေအနေအရတော့ အခြားလမ်းကြောင်းကနေဝင်လာတဲ့ ပစ္စည်းတွေရှိ‌တော့ အဲဒီကကင်းလွတ်တာကို အခွန်ကောက်ချင်တာဖြစ်နိုင်တယ်။ အဲဒီဟာက သူတို့ထိန်းချုပ်ရေးမှာ လွတ်ပြီးကျန်တာမျိုးဖြစ်နိုင်တယ်။ အဲဒီတော့အခွန်အတွက်ဦးတည်လို့လည်းထင်ရတယ်” ဟု သတင်းအချက်အလက်သုတေသနပြုသူတစ်ဦးက ပြောကြားသည်။

ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်မှ သုံးသပ်ချက်အရ ယင်းမှတ်ပုံတင်စနစ်သည်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်ထက် များစွာပိုမိုသည့် စောင့်ကြည့်ရေးယန္တယားများကို နောက်ကွယ်တွင် ဖော်ဆောင်နိုင်ကြောင်းတွေ့ရကြောင်း Myanmar Internet Project အဖွဲ့က ယနေ့ထုတ်ပြန်သည်။

မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏မူရင်းအ မှတ်အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို စစ်ကော်မရှင်အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

လာမည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ CEIR စာရင်းတွင်မပါဝင်သည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ဆက်သွယ်ရေးကွန်ရက်များနှင့်ချိတ်ဆက်အသုံးပြုနိုင်ရေး ရက်ပေါင်း ၃၀ ပေးထားပြီး ယင်းကာလအတွင်းကျသင့်ငွေနှင့် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *