အီရန် ဦးသျှောင်ဟောင်း အလီခါမေနီ၏ ဈာပန အစီအစဉ်များကို ယခု သီတင်းပတ်အတွင်း အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရခြင်းက တိုးမြင့်လာသော လုံခြုံရေး စိုးရိမ်မှုများ၊ နိုင်ငံခြား ဧည့်သည်တော်များ တက်ရောက်နိုင်မှု မသေချာခြင်းနှင့် အရိုက်အရာ ဆက်ခံမည့် သူနှင့် ပတ်သက်ပြီး အဖြေမထွက်သေးသော မေးခွန်းများကို ထင်ဟပ်ပြနေသည်။

မတ်လ ၁ ရက်က ခါမေနီ သေဆုံးကြောင်း အတည်ပြုပြီးနောက် မကြာမီ ကြေညာခဲ့သည့် မူလ အစီအစဉ်မှာ ခါမေနီ၏ ဇာတိမြေတွင် မမြှုပ်နှံမီ တီဟီရန်၊ ကွမ်နှင့် မာရှတ်မြို့များတလျှောက် သုံးဆင့်ခွဲ၍ စီတန်းလှည့်လည်ရန် ရည်ရွယ်ခဲ့သည်။

နောက်တရက်အကြာတွင် ခါမေနီ့ ဇနီး မန်ဆူရေး ခိုဂျာတေး ဘာဂါဇာဒေး သေဆုံးကြောင်း ကြေညာပြီးနောက် တာဝန်ရှိသူများက မာရှတ်ရှိ အီမာမ်ရီဇာ ဂူဗိမာန်တွင် တွဲဖက်မြှုပ်နှံမည့် အစီအစဉ်သို့ ပြောင်းလဲခဲ့ကြသည်။

နိုင်ငံတော် ရုပ်မြင်သံကြားက ခါမေနီ၏ ရုပ်အလောင်း ထည့်ထားသော ခေါင်းတလားကို တီဟီရန်ရှိ မိုဆာလာ ဝတ်ပြုကွင်းတွင် ဝမ်းနည်းပူဆွေးသူများအတွက် ထားရှိမည်ဟု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်လာသည်။ နေ့လယ်ပိုင်းတွင် အဆိုပါ အစီအစဉ်ကို ညနေပိုင်းသို့ ရွှေ့ဆိုင်းခဲ့ပြန်သည်။ နာရီအနည်းငယ်အကြာတွင်မူ အချိန်အတိအကျ မသတ်မှတ်ရသေးသည့် နောက်ထပ် အချိန်တချိန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တခု ထွက်ပေါ်လာခဲ့ပြန်သည်။

ထို့နောက် ကျည်ကာမှန်များ နောက်ကွယ်တွင် ခေါင်းတလားကို ပြသထားမည့် စင်မြင့်တခုအား အလုပ်သမားများ ပြင်ဆင်နေသည့် ရုပ်သံမှတ်တမ်းကို နိုင်ငံတော်ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။

လုံခြုံရေးနှင့် ပုံရိပ်

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများက ဈာပန ကြန့်ကြာမှုများ၏ အဓိက အကြောင်းရင်း ဖြစ်ပုံရှိသည်။ အီရန်အနေဖြင့် စစ်ပွဲ ပြင်းထန်နေချိန်၌ နိုင်ငံတော် ဈာပနကို စီစဉ်နေရခြင်းဖြစ်ပြီး၊ အစ္စရေး တာဝန်ရှိသူများကလည်း နောက်ထပ် နိုင်ငံတော် ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသူ မည်သူ့ကိုမဆို ပစ်မှတ်ထားမည်ဟု ပြောထားသည်။

ဟစ်ဇ်ဘိုလာနှင့် ဟူသီတို့နှင့် ဆက်နွှယ်နေသည့် ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံခြား အထူး ဧည့်သည်တော်များသည် သမ္မတဟောင်း အီဗရာဟင် ရာအီစီ၏ ဈာပနအချိန်တုန်းက တီဟီရန်မြို့၌ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံခံခဲ့ရ၍ တက်ရောက်ရန် စိုးရိမ်ကြောင်း ပြောဆိုကြသည်ဟု သတင်းများ ထွက်နေသည်။

အီရန် တာဝန်ရှိသူ အများအပြားလည်း အလားတူ စိုးရိမ်မှုမျိုး ရှိနိုင်ကြသည်။ တရုတ်နှင့် ရုရှားတို့မှ အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့များသာ တက်ရောက်ဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

အရိုက်အရာခံနှင့် ပတ်သက်သော အကျပ်အတည်း

အရိုက်အရာ ဆက်ခံမည့်သူနှင့် ပတ်သက်သည့် မေးခွန်းက မသေချာမှုများကို ပိုမို ဆိုးရွားစေသည်။ ခါမေနီ အရိုက်အရာ ဆက်ခံမည့်သူနှင့် ပတ်သက်ပြီး အကြံပေး ပညာရှင်များအဖွဲ့က နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း အဖွဲ့ဝင် အာမက် ခါတာမီက ဗုဒ္ဓဟူးနေ့၌ နိုင်ငံတော် ရုပ်မြင်သံကြားတွင် ပြောသည်။

“စစ်ဖြစ်နေတဲ့ အချိန်မှာ လူတိုင်းကို သူတို့ရဲ့ အမြင်သဘောထားတွေ ထုတ်ဖော်ခွင့် ပေးဖို့က အရမ်းကို ခက်ခဲပါတယ်” ဟု သူက ထပ်လောင်း ဆိုသည်။

အချို့သော ဘာသာရေးခေါင်းဆောင်များက ခေါင်းဆောင်ဟောင်းကို မမြှုပ်နှံရသေးမီ ဆက်ခံသူ အမည်ကို ထုတ်ပြန်ခြင်းက မသင့်တော်ကြောင်း ငြင်းဆိုကြသည်။ အခြား သူများကမူ ယခုနှစ် အစောပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားထားသော်လည်း၊ ယခု ဈာပန အခမ်းအနားအတွင်း လူထုအများရှေ့မှောက် ခေါင်းဆောင်သစ်ကို ကြေညာခြင်းက ညီညွတ်မှုနှင့် တရားဝင်မှုကို ပိုမို ဖော်ဆောင်နိုင်လိမ့်မည်ဟု တင်ပြကြသည်။

လူအုပ်စုဆိုင်ရာ ပြဿနာ

ဈာပနသို့ တက်ရောက်ကြသူများ ပတ်သက်၍လည်း တာဝန်ရှိသူများက စိုးရိမ်နေပုံရသည်။ “သန်းနှင့်ချီသော အများသူငှာ ပြည်သူများ တက်ရောက်သည့် ဈာပန” ဖြစ်လာစေရန် အာဏာပိုင်များက အခြား မြို့များမှ ထောက်ခံသူများကို ဘတ်စ်ကားများဖြင့် ပို့ဆောင်ပေးရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားက ဖော်ပြထားသည်။

၁၉၈၉ ခုနှစ်က အယာတိုလာ ရူဟိုလာ ခိုမေနီ ဈာပနအတွက် စုရုံးရောက်ရှိကြသော လူအုပ်ကြီးမျိုး အီရန် ခေါင်းဆောင်ပိုင်းက ပြန်လည် ဖန်တီးလိုကြသည်။ ထိုစဉ်က နိုင်ငံတော်၏ တရားဝင် စာရင်းများအရ ခိုမေနီ ဈာပန၌ ဝမ်းနည်းပူဆွေး ရောက်ရှိလာကြသူ ဆယ်သန်းကျော်သည်ဟု ဆိုသော်လည်း၊ နိုင်ငံခြား သတင်းထောက်များကမူ ၂,၀၀၀,၀၀၀ မှ ၄,၀၀၀,၀၀၀ ကြားသာ ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

ယခုကဲ့သို့ စစ်ပွဲနှင့် လူထု မကျေနပ်မှုများ ကြား ထိုအချိန်ကလို လူအုပ်စု ထုထည်မျိုး၏ အစိတ်အပိုင်း အနည်းငယ်မျှကိုပင် ယခု ခါမေနီ ဈာပန၌ ပြန်လည် စုစည်းနိုင်ရန်က မသေချာသကဲ့သို့ ရှိသည်။

မြို့အများအပြားတွင် လှည့်လည်မည့် ဝမ်းနည်းခြင်း အခမ်းအနားအတွက် တီဟီရန်၊ ကွမ်နှင့် မာရှတ် မြို့များအကြား လူအုပ်ကြီးကို သယ်ယူပို့ဆောင်ပေးနိုင်ရေးကလည်း ပို၍ ရှုပ်ထွေးခက်ခဲသည်။

ခါမေနီ၏ သားဖြစ်သူကို ဆက်ခံမည့်သူအဖြစ် ထောက်ခံနေသူများ အပါအဝင် ခါမေနီ၏ နောက်လိုက်များက ခေါင်းဆောင်သစ်ကို ကြေညာမည့်အချိန်တွင် ကြီးကျယ်ခမ်းနားပြီး အထိမ်းအမှတ် ဖြစ်စေမည့် သစ္စာစောင့်သိမှု ပြယုဂ်ကို လိုလားနေကြသည်။

ဂရုတစိုက် စီမံထားသော ပြကွက်တခုကို ဖန်တီးနိုင်ရန် ကြိုးပမ်းနေမှုကပဲ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဈာပန အစီအစဉ်များ အကြိမ်ကြိမ် ကြန့်ကြာနေရခြင်းက အဘယ်ကြောင့် ဖြစ်သည်ဆိုခြင်းကို ရှင်းပြရာ၌ အထောက်အကူ ဖြစ်နိုင်ကြောင်း အချို့သော တာဝန်ရှိသူများနှင့် လေ့လာဆန်းစစ်သူများက ပြောဆိုကြသည်။

Iran Intel မှ Why Khamenei’s funeral keeps changing ကို မိုးသဲ ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *