ချင်းပြည်နယ်အတွင်း အမျိုးသမီးတပ်ဖွဲ့ဝင်များ သီးသန့်စုဖွဲ့လှုပ်ရှားနေသည့် WITCH (ခေါ်) စုန်းမအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ဦး (AIF)တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော ဒရုန်းစစ်ဆင်ရေး မှတ်တမ်း ရုပ်သံများအား ထုတ်ပြန်လိုက်ရာ တော်လှန်ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
အဆိုပါမှတ်တမ်းများအတွင်း အဆင့်မြင့် FPV ဒရုန်းများ အသုံးပြုပြီး အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေးတူးမြောင်း များ၊ ဘန်ကာများထဲအထိ ပစ်မှတ်ကို တိကျစွာတိုက်ခိုက်ချေမှုန်းနိုင်ခဲ့မှုအား တွေ့မြင်ရသည်။
ထူးခြားချက်အနေဖြင့် ယင်းအဖွဲ့နှစ်ခုစလုံးတွင် ပြည်ပမှစစ်ရေးလှုပ်ရှားသူများ ပါဝင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် ကမာ္ဘ့နိုင်ငံ အသီးသီးမှ အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲများ၌ ပါဝင်ခဲ့ဖူးသည့် စစ်ရေးအတွေ့အကြုံရင့်သူများဖြစ်ကာ လက်ရှိ မြန်မာ့နွေဦး တော်လှန်ရေးအင်အားစုများနှင့်အတူ မဟာဗျူဟာမြောက်ပူးပေါင်း၍ အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေကြ ခြင်း ဖြစ်သည်။
AIF နှင့် WITCH အဖွဲ့ကြားက မဟာဗျူဟာမြောက်ဆက်ဆံရေး၊ ဒရုန်းစစ်ဆင်ရေးများ၊ လက်ရှိ မြေပြင်စစ်ရေးအခြေအနေ တို့နှင့် ပတ်သက်၍ ယင်းတပ်ဖွဲ့မှ ဒရုန်းမောင်းသူ ရေချယ် (Racheal)ကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ရေချယ်အနေနဲ့ AIF နဲ့ WITCH အဖွဲ့တို့ရဲ့ မဟာဗျူဟာမြောက် ချိတ်ဆက်မှုအကြောင်းကို အရင်ဆုံး ရှင်းပြပေးပါဦး။ ဒီအဖွဲ့ကို ဘယ်သူတွေက စတင်မျိုးစေ့ချခဲ့တာလဲ၊ ဘယ်သူတွေ ပါဝင်လှုပ်ရှားနေကြလဲ။
ဖြေ ။ ။ ပထမဆုံး AIF အကြောင်းကနေ စပြောရမယ် ထင်တယ်။ ၂၀၂၄ နိုဝင်ဘာလမှာ တည်ထောင်ခဲ့တာဆိုတော့ တနှစ်ခွဲ ကျော်လောက်ရှိပြီ။ ဒီအဖွဲ့က ပိုစောပြီး တည်ထောင်ထားတဲ့အဖွဲ့ပေါ့၊ ငါကတော့ ဒီအဖွဲ့နှစ်ခုလုံးမှာ ပါတယ်၊ AIF ရဲ့ ပထမဆုံး အဖွဲ့ဝင်အုပ်စုထဲက တယောက်ပေါ့။ ၂၀၂၅ ခုနှစ်တလျောက်လုံး ငါတို့ စွမ်းရည်တွေ တိုးတက်လာသလို အမျိုးသမီးတွေလည်း ပိုဝင်လာတယ်။ မြန်မာအရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာမှုတွေကို လည်း ပိုလုပ်နိုင်ခဲ့တယ်။
ဒီလို ဖွံ့ဖြိုးလာတဲ့အချိန် ၂၀၂၅ ခုနှစ်ထဲမှာတော့ စုန်းမဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်း ဆောင်းတွင်းကနေ ၂၀၂၆ အစပိုင်းမှာ စုန်းမဆိုပြီး တိုက်ခိုက်ရေးလုပ်ငန်းတွေ စပြီးလုပ်ခဲ့တာပေါ့။
အဖွဲ့ဝင်တဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးအရ ပြောပြလို့မရပေမယ့် သူတို့မှာ နောက်ခံ အမျိုးမျိုးရှိကြပါတယ်။ ငါဆိုရင် အပြည်ပြည်ဆိုင်ရာ တော်လှန်ရေးလှုပ်ရှားသူ၊ ပူးပေါင်းတိုက်ပွဲဝင်သူတယောက်၊ အမေရိကန်နိုင်ငံက လာတယ်။ ဒရုန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသလို အခြားတော်လှန်ရေး အတွေ့ အကြုံတွေလည်း ရှိပါတယ်။
ငါတို့အဖွဲ့ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နည်းပညာရှင်တွေ ရှိသလို စူးစမ်းလေ့လာရေး တာဝန်ထမ်းတဲ့သူတွေ အခန်းကဏ္ဍအမျိုးမျိုးနဲ့ ပါဝင်နေကြပါတယ်။ အချို့ အဖွဲ့ဝင်တွေက စစ်ရေးအတွေ့အကြုံအများကြီး ရှိကြပြီး အချို့က အသစ်ဝင်လာသူတွေ။
ဒါပေမယ့် စုန်းမထဲဝင်လာသူတိုင်းဟာ အနည်းဆုံး အခြေခံစစ်ရေးသင်တန်းတော့ ရှိထားရပါမယ်။ တချို့က ငါတို့နဲ့အတူ သင်တန်းတက်ကြတာရှိပေမယ့် အများစုက သူတို့လာရာ မူလတော်လှန်ရေးအဖွဲ့အစည်းကနေ အခြေခံစစ်ရေးသင်တန်း တက်ခဲ့ပြီးသားသူတွေ ဖြစ်ကြတယ်။
သူတို့က မူလကတည်းက တော်လှန်ရေးတိုက်ပွဲ ဝင်သူနေတွေ အခု ငါတို့အဖွဲ့နဲ့ ပူးပေါင်းလာကြတာ၊ အဖွဲ့တဖွဲ့ချင်းစီထဲက ဦးရေအတိအကျ၊ အထူးသဖြင့် ပြည်ပအဖွဲ့ဝင်ဦးရေကိုတော့ လုံခြုံရေးအရ ပြောပြလို့မရဘူး။ ဒါပေမယ့် အဖွဲ့နှစ်ခုလုံးမှာ နိုင်ငံတကာက စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေ ရောနှောပါဝင်နေတယ်လို့ ပြောနိုင်တယ်။
AIF ထဲမှာပဲ ပါဝင်သူတွေရှိသလို WITCH ထဲမှာပဲ ပါဝင်သူတွေလည်း ရှိပါတယ်။ WITCH အဖွဲ့ကတော့ အမျိုးသမီး တွေသာ ပါတဲ့အဖွဲ့ ဖြစ်တယ်။ ယေဘုယျအားဖြင့် လိင်အခြေခံပြီး စီမံဖွဲ့စည်းထားတာမျိုး ဖြစ်ပေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းစနစ်မျိုးတော့လည်း မဟုတ်ပါဘူး။ စုန်းမအဖွဲ့ထဲဝင်မယ်ဆိုရင် အမျိုးသမီး ဖြစ်ရပါမယ်။ ဒါပေမယ့် AIF ထဲမှာတော့ ကျား/မ မရွေး ပါဝင်နိုင်ပါတယ်။

မေး ။ ။ မြန်မာ့ နွေဦးတော်လှန်ရေးမှာပါဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။ အထူးသဖြင့် မြေမျက်နှာသွင်ပြင် ခက်ခဲတဲ့ ချင်းပြည်နယ်ကို တိုက်ပွဲဖော်ဆောင်ရာနယ်မြေအဖြစ် ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။
ဖြေ ။ ။ ငါတို့လို နိုင်ငံတကာမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေအနေနဲ့ အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ်ကို ဆန့်ကျင်တဲ့တိုက်ပွဲဟာ ကမာ္ဘတဝှမ်းလုံးမှာ တခုတည်းသော တိုက်ပွဲလို့ပဲ မြင်တယ်။ ဒါကြောင့် နိုင်ငံတကာကနေ မြန်မာ နိုင်ငံကို လာရောက်ပါဝင်တဲ့ ငါတို့အများစုဟာ ဘာအတွေ့အကြုံမှမရှိဘဲ ရုတ်တရက်ရောက်လာတာ မဟုတ်ဘဲ ကိုယ့် နိုင်ငံတွေမှာလည်း အခြားသော တော်လှန်ရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ကြသူတွေပါ။
ငါတို့ကို လှုံ့ဆော်ပေးတဲ့ အဓိကအကြောင်းက မြန်မာမှာ စစ်တပ်ကို ဆန့်ကျင်လှုပ်ရှားတဲ့တိုက်ပွဲဟာ ကိုယ့်မူလနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့တိုက်ပွဲနဲ့ တူညီတဲ့တိုက်ပွဲတခုတည်းပဲလို့ ယုံကြည်တယ်။ ဒီမှာ အာဏာရှင်ကို အောင်နိုင်သွားရင် ကိုယ့်နိုင်ငံ ထဲမှာလည်း အာဏာရှင်ကို အောင်မြင်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာကို တော်လှန်ရေးအသစ်တခုအနေနဲ့ တိုက်ခိုက် ဖို့လာတာ မဟုတ်ဘူး။ ငါတို့အားလုံးကို သက်ရောက်နေတဲ့ တော်လှန်ရေးတခုရဲ့ ရှေ့တန်းတခုလို ဒီမြန်မာရှေ့တန်း စစ်မျက်နှာမှာ လာရောက်ပူးပေါင်းတာ ဖြစ်ပါတယ်။
မေး ။ ။ ချင်းပြည်နယ်မှာ အင်အားတောင့်တဲ့ တော်လှန်ရေးအဖွဲ့အစည်း EAOs/PDFs တွေ ရှိနေပြီးသားနဲ့ သူတို့နဲ့ မပူးပေါင်းဘဲ ဘာကြောင့် WITCH အနေနဲ့ သီးခြားရပ်တည်လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့တာလဲ။ ဒီအဖွဲ့က တော်လှန်ရေးအတွက် ဘယ်လိုထူးခြားတဲ့ အားသာချက်မျိုးပေးနိုင်မယ်လို့ ယုံကြည်ထားလို့လဲ။
ဖြေ ။ ။ ငါတို့ရဲ့ နိုင်ငံရေးသဘောထားနဲ့ လုပ်ဆောင်ပုံကို နားလည်ဖို့ဆိုရင် ပထမဆုံးအရေးကြီးတဲ့ အချက်တခုရှိတယ်။ အဲဒါက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ အယူအဆပါ။ ဒါကို အမျိုးသမီး အမြင်ဘက်ကနေ ပြောရရင် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်တိုင်လမ်းကြောင်းသတ်မှတ်နိုင်ခွင့်ကို ဆိုလိုတာ၊ ဒီအယူအဆက ငါတို့ရဲ့ နိုင်ငံရေးသဘောထား တခုလုံးအပေါ်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေပါတယ်။
ဥပမာ မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးလှုပ်ရှားမှုမှာ ချင်းပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဟာလည်း အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ အဖွဲ့တဖွဲ့ချင်းစီအနေနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်သတ်မှတ်နိုင်ခွင့်၊ ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်ရှိရမယ်လို့ ယုံကြည်တယ်။ ဒါဟာ စုပေါင်းတိုက်ပွဲတွင်းမှာပဲ ဖြစ်ရမယ့် အရာပဲ။
ငါတို့ဟာ အမျိုးသမီးအဖွဲ့တဖွဲ့ အခြားအဖွဲ့တွေနဲ့မတူတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတခု ရှိပါတယ်။ ဒါကြောင့်ပဲ အခြားအဖွဲ့တွေ နဲ့ မပူးပေါင်းဘူးဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ ငါတို့ လုပ်တဲ့ စစ်ဆင်ရေးတိုင်းက တခြားတော်လှန်ရေးအဖွဲ့တွေ အများကြီးနဲ့ ပူးပေါင်းဆောင်ရွက်တယ်။

စစ်ရေး အခြေအနေတချို့မှာ ငါတို့က အခြားတပ်ဖွဲ့တဖွဲ့ရဲ့ စစ်ရေးအမိန့်အောက်မှာ လုပ်ဆောင်ရတာမျိုးရှိသလို တချို့ အခြေအနေတွေမှာတော့ တခြားအဖွဲ့တွေက ငါတို့ရဲ့ စစ်ရေးညွှန်ကြားချက်အောက်မှာ လုပ်ဆောင်ရတာလည်း ရှိပါတယ်။ ဒါဟာ အမြဲတမ်း အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နေတဲ့ပုံစံပဲ။ ဒါကြောင့် ငါတို့ကို ချင်းပြည်နယ်မှာလာပြီး သီးခြားတပ်ဖွဲ့ သီးခြားပရောဂျက် လုပ်နေတယ်လို့ မမြင်စေချင်ဘူး။ ချင်းပြည်နယ်ကိုလာတာက ဒီလိုလုပ်ချင်တယ်၊ အားလုံးပူး ပေါင်း လုပ်ကြရအောင်ပြောပြီး လာပူးပေါင်းတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းဟာ ငါတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်မှု၊ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
မေး ။ ။ မကြာခင်က ထုတ်ပြန်တဲ့ ဒရုန်းမစ်ရှင်ရုပ်သံမှာ ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နိုင်တာတွေ့တယ်။ အမျိုးသမီးတွေချည်း ဖွဲ့ထားတဲ့ ဒီအဖွဲ့က ခေတ်မီဒရုန်းနည်းပညာတွေကို ဘယ်ကနေဘယ်လို လေ့လာသင်ယူခဲ့ကြ တာလဲ။ လက်ရှိအသုံးပြုနေတဲ့ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်အကြောင်းကိုရော ပြောပြလို့ရသလောက် ရှင်းပြပေးပါဦး။
ဖြေ ။ ။ ငါတို့စစ်ဆင်ရေးတွေရဲ့ ခက်ခဲမှု၊ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို အသိအမှတ်ပြုပေးတဲ့အတွက် တကယ်ကို လေး စားတန်ဖိုးထားရပါတယ်၊ ကျေးဇူးတင်ပါတယ်။ ငါဆိုရင် ဒရုန်းအတွေ့အကြုံတွေနဲ့ ဒီကိုလာရောက်ပူးပေါင်းခဲ့တာဖြစ်လို့ တချို့အပိုင်းတွေမှာ အထောက်အကူဖြစ်စေခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အစောပိုင်းမှာဆိုရင် ဒီ FPV drone တွေကို စစ်ရေးအသုံးချဖို့ဆိုတာ ငါတို့အတွက်လည်း အသစ်တခုပဲ။ ဒါကြောင့် ငါတို့က ဒီကို ကျွမ်းကျင်မှုတခုသယ်ပြီး ရောက်လာ တယ်ဆိုတာမျိုးထက် ဒီကိုရောက်ပြီးမှ အားလုံးစုပေါင်း လေ့ကျင့်ခဲ့ကြတယ်၊ ဖြည်းဖြည်းချင်းအလုပ်လုပ်ပြီး အတူတူ သင်ယူခဲ့ကြတာပါ။
ဒီဒရုန်းတွေ၊ လက်နက်ပစ္စည်းတွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း ငါတို့အဖွဲ့အနေနဲ့ ချင်းပြည်နယ် မှာ အလုပ်လုပ်ရင်းနဲ့မှ တဖြည်းဖြည်းချင်း တိုးတက်လာအောင် တီထွင်ဖန်တီးနေကြတာပါ။ ကမာ္ဘတဝှမ်းက တော်လှန်ရေး မိတ်ဆွေတွေဆီက အကြံဉာဏ်တွေလည်း ရယူပါတယ်။ အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ဒီတိုက်ပွဲဟာ ကမာ္ဘလုံးဆိုင်ရာ တိုက်ပွဲတခုပါ။
ဒါပေမယ့် တိုက်ပွဲတိုင်းက မတူသလို မြေပြင်အခြေအနေတိုင်းကလည်း မတူပါဘူး။ ချင်းတောင်တန်းတွေမှာ ငါတို့က ယူကရိန်း၊ ဆီးရီးယား ဒါမှမဟုတ် တခြားနေရာတွေမှာ အသုံးချနေတဲ့ နည်းဗျူဟာတွေအတိုင်းလိုက်ပြီး လုပ်လို့မရဘူး။ မြေမျက်နှာသွင်ပြင်မတူသလို ရန်သူတွေရဲ့ နည်းဗျူဟာတွေကလည်း မတူဘူး။
ဒါကြောင့် တော်တော်များများက ကိုယ်တိုင်ဖန်တီးယူရတာများပါတယ်။ အထူးသဖြင့် ငါတို့စုန်းမအဖွဲ့ဝင်အများစုမှာ စနိုက်ပါသင်တန်းနဲ့ စနိုက်ပါအတွေ့အကြုံ ရှိထားကြသူတွေ များပါတယ်။ ဒီလိုတောင် တန်းဒေသတွေမှာ FPV drone အသုံးချရတာဟာ စနိုက်ပါတလက်လို လုပ်ဆောင်ရတာနဲ့ အလွန်တူတယ်၊ ကွာခြားချက်က အကွာအဝေး ပိုရှည်တာဆို တာကို တွေ့လိုက်ရတာပါပဲ။
ဒါဟာ စူးစမ်းရှာဖွေရေးတွေ၊ ပစ်မှတ်ရှာဖွေတာတွေ၊ အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်ရတာတွေ အပေါ်မှာလည်း မူတည်ပါတယ်။ စနိုက်ပါနဲ့ Spotter တယောက် ပူးပေါင်းလုပ်ဆောင်သလိုပဲ FPV အဖွဲ့အနေနဲ့လည်း ပူးပေါင်း လုပ်ဆောင်ရပါတယ်။ စနိုက်ပါတဖွဲ့လိုပဲဖြစ်ပေမယ့် ၈၀၀ မီတာအကွာမှာ ပစ်ခတ်တာမဟုတ်ဘဲ မီတာ ၈,၀၀၀ အကွာထိ လုပ်ဆောင်နိုင်တာကတော့ ကွာခြားချက်ပဲ။

မေး ။ ။ ရေချယ့်အနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတပ်ဖွဲ့ စွမ်းဆောင်ရည်တွေကို ဘယ်လိုမြင်သလဲ အချင်းချင်း နည်းပညာဖလှယ်တာ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်တာတွေရော ရှိနေလား။
ဖြေ ။ ။ ဒရုန်းမောင်းသူ၊ ဒရုန်းနည်းပညာရှင်တယောက်အနေနဲ့ ဒီတော်လှန်ရေးထဲကို ငါဆွဲဆောင်ခံခဲ့ရတဲ့ အကြောင်း ရင်းတခုက ဒီကတော်လှန်ရေးအဖွဲ့တွေဟာ ဒရုန်းနည်းပညာကို အာဏာရှင်စနစ်ဆန့်ကျင်ရာမှာ ထိထိရောက် ရောက် အသုံးချနေတယ်လို့ မြင်ရလို့ပဲ။ ငါ့ဘဝတလျောက်လုံး အလုပ်လုပ်လာခဲ့တဲ့ နည်းပညာတခုကို လူတွေ လွတ်လပ်ရေးရ ဖို့အတွက် ဒီလောက် ထိထိရောက်ရောက် သုံးနေတာကို မြင်ရတာ စိတ်လှုပ်ရှားစရာပါပဲ။
ဒါပေမယ့် လတ်တလော တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ရေးတွေက ပိုပြီးခက်ခဲလာပါတယ်။ တရုတ်နဲ့ ရုရှား အစိုးရတို့က ပိုကောင်း ပိုတိုးတက်တဲ့ Jammer နည်းပညာတွေ ပံ့ပိုးလာတာကြောင့် ဒရုန်းအဖွဲ့တွေ အတွက် လုပ်ဆောင် ရတာ ပိုခက်ခဲလာတယ်။ ဒီအခြေအနေဟာ အမြဲတမ်း အပြန်အလှန် ပြိုင်ဆိုင်နေတဲ့ လုပ်ငန်းစဉ်တခု ပါပဲ။
ဒရုန်းအဖွဲ့တွေဘက်က နည်းပညာအသစ်တွေ ဖန်တီးတယ်၊ Jammer ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေ သင်ယူတယ်။ ရန်သူဘက်ကလည်း Jammer အသစ်တွေ ထပ်ရလာတယ်။ ဒီလိုနဲ့ပဲ အပြန်အလှန် ပြိုင်ဆိုင်နေရတဲ့ “ကြောင်နဲ့ ကြွက်” ကစားပွဲလို ဖြစ်လာတယ်။
နည်းပညာနဲ့ဆိုင်တဲ့ အခြေအနေအများစုမှာ ငါတို့က အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ အတူလက်တွဲလုပ်ဖို့ အမြဲ လိုလား ပါတယ်။ ငါ့အမြင်အရ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒရုန်းအဖွဲ့တွေရဲ့ စွမ်းရည် ဆက်တိုးတက်နေစေဖို့ အရေးကြီးဆုံး အချက် က အချက်အလက်တွေ၊ နည်းပညာတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကို အဖွဲ့အစည်းအားလုံးကြားထဲမှာ လွတ်လွတ်လပ်လပ် မျှဝေသုံးစွဲဖို့လိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ တွေ့မြင်ရတာတခုက ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေ၊ ဘာသာရပ် ဆိုင်ရာ အရင်းအမြစ်တွေကို မြန်မာဘာသာ ဒါမှမဟုတ် တိုင်းရင်းသားဘာသာတွေနဲ့ ရနိုင်ဖို့ အကန့်အသတ်ရှိနေတာပါ။ တော်လှန်ရေးအင်အားစုတွေအတွင်းမှာ ဒရုန်းကို ဘယ်လိုအသုံးချမလဲဆိုတာ သင်ကြားပေးနိုင်မယ့် လူအရေအတွက် ကလည်း နည်းပါတယ်။
နောက်ပြီး တော်လှန်ရေးအဖွဲ့အများစု သင်ယူနေရတဲ့ အချက်အလက်တွေက ဒရုန်းရောင်းချသူတွေဆီက လာတာလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် အကျိုးစီးပွားနဲ့ဆိုင်တဲ့ ပြဿနာတခုကို ထည့်စဉ်းစားဖို့လိုပါတယ်။ ဒရုန်းရောင်းတဲ့ သူတွေဆီကနေ ဒီဒရုန်းကို ဘယ်လိုသုံးမလဲဆိုတာ သင်နေရတာဖြစ်လို့ တခါတလေမှာ အချက်အလက် ကောင်းတွေ မရနိုင်ဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ အချက်အလက်တွေကို ဖွင့်လှစ်မျှဝေဖို့လိုပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေ ရန်သူဆီမရောက်ဖို့လည်း လိုတယ်။
တော်လှန်ရေးအဖွဲ့တွေကြား ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုနည်းလမ်းတွေက အလုပ်ဖြစ်လဲ၊ ဘာကတော့ အလုပ်မဖြစ်ဘူး လဲ၊ ဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ပူးပေါင်းဆွေးနွေးဖို့က အရေးကြီးတယ်လို့ ယုံကြည်တယ်။
မေး ။ ။ တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ဒရုန်းတပ်ဖွဲ့တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်လာတာ တွေ့ရတယ်။ မြေပြင်တိုက်ပွဲ အတွေ့အကြုံအရ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းအသုံးပြုမှုအပေါ် ဘယ်လို အကဲဖြတ်လဲ။
ဖြေ ။ ။ စစ်တပ်အာဏာရှင်ဘက်ကတော့ တခြားနိုင်ငံက အစိုးရတွေဆီကနေ နည်းပညာ၊ စက်ကိရိယာနဲ့ သင်ကြားရေး အထောက်အပံ့တွေ ရနေတာ ဟုတ်တယ်။ တရုတ်၊ ရုရှား၊ အစ္စရေး စတဲ့ နေရာမျိုးစုံကနေ တိုက်ရိုက်အကူအညီတွေရ နေပြီး သူတို့ရဲ့ ဒရုန်းစွမ်းရည်ကို ပိုကောင်းအောင် လုပ်နေကြတာ။
ဒါပေမယ့် ငါတို့အတွက် ကောင်းတဲ့အချက်တခုက သူတို့က အစိုးရစနစ်တခု ဖြစ်နေသေးတာကြောင့် လှုပ်ရှားမှုတွေက များသောအားဖြင့် နှေးကွေးပါတယ်။
သူတို့လည်း ငါတို့လိုပဲ FPV drone တွေကို သုံးနှစ်ကျော်အတွင်းမှာ သုံးလာတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားဘက်က အကူအညီနဲ့ အသုံးချနေကြတာပါ။ ဒါပေမယ့် သုံးနှစ်ကြာတာတောင် သူတို့က FPV drone နဲ့ တောင်ပေါ်ကိုပဲ မှန်အောင် ပစ်နိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ငါတို့ဘက်မှာ ရန်သူထက် နှစ်ဆသုံးဆပိုဝေးတဲ့အထိ ပျံနိုင်သလို လူတယောက်ချင်း ကိုလည်း ပစ်မှတ်ထားပြီး တိတိကျကျမှန်အောင် ပစ်နိုင်တယ်၊ ဘန်ကာထဲအထိလည်း ဝင်ပြီးတိုက်ခိုက်နိုင်တယ်။
ဒီအရာတွေရဲ့ တစိတ်တပိုင်းက ရန်သူစစ်သားအများစုက မဖြစ်မနေလာပြီး စစ်မှုထမ်းနေကြရသူတွေ၊ သူတို့က ဒီစစ် မျက်နှာပြင်မှာ ရှိချင်လို့ရှိနေကြရတာ မဟုတ်ဘူး။ ငါတို့လို ဒရုန်းမောင်းရတာကို စိတ်အားထက်သန်နေတဲ့သူတွေ မဟုတ်ဘူး။
ငါတို့အတွက်တော့ ဒရုန်းမောင်းရတာက လွတ်လပ်မှုကို ခံစားရတဲ့ အတွေ့အကြုံတခုလိုပဲ။ ကိုယ်တိုင်က မောင်းနေတဲ့ ဒရုန်းရဲ့ အစိတ်အပိုင်းတခုလိုလို ငှက်တကောင်လိုပျံပြီး ကမာ္ဘသစ်ကို မြင်နေရသလိုလိုခံစားရတာ။ နောက်ပြီး ဒါတွေလုပ် နေတယ်ဆိုတာလည်း လွတ်လပ်ရေး အတွက် လုပ်နေကြတာ၊ ဒါကြောင့် စိတ်အားတက်ကြွမှု၊ ပျော်ရွှင်ကြည်နူးမှုတွေ အများကြီးပါတယ်။ ဒီလိုစိတ်တွေ၊ စိတ်အားထက်သန်မှုတွေကပဲ ဒိုတတွေကို တိုးတက်လာအောင် အကူအညီပေးနေတာ။
ရန်သူ့ဘက်ကတော့ ဒရုန်းမောင်းနေတာ၊ ဒရုန်းစွမ်းရည် တိုးတက်အောင်လုပ်နေရတယ်ဆိုတာက သူတို့ အထက်လူကြီး အပြစ် ပေးတာမခံရဖို့လေ ဒါကြောင့် သူတို့ တိုးတက်လာမှုနှုန်းက နှေးတယ်။ တခါတလေ သူတို့ တိုက်ခိုက်လာတဲ့ FPV ဒရုန်းတွေက အလုပ်မဖြစ်တာ၊ မပေါက်ကွဲတာမျိုးတွေ ကြုံဖူးပါတယ်။ ဒီလိုအခြေအနေဆိုရင် ငါတို့ဘက်က နည်းပညာနဲ့ ပြန်လည်မွမ်းမံပြီး ပြန်သုံးနေတာမျိုးတွေရှိတယ်။ ဆိုလိုတာက သူတို့ပို့လာတာကို ပိုထိရောက်တဲ့နည်းနဲ့ ပြန်အသုံးချဖို့ ပြုပြင်နိုင်လိုက်တာမျိုးပါ။
မေး ။ ။ ရေချယ့်အနေနဲ့ နိုင်ငံတကာ စစ်ပွဲအတွေ့အကြုံတွေလည်း ရှိခဲ့ဖူးတော့ မြန်မာနိုင်ငံရဲ့ တော်လှန်စစ်ပွဲဟာ အရင်ကြုံတွေ့ခဲ့ဖူးတဲ့ နိုင်ငံတကာစစ်ပွဲတွေနဲ့ယှဉ်ရင် ဘာတွေကွာခြားနေသလဲ။ စစ်မြေပြင်ရဲ့ ခက်ခဲမှုနဲ့ ထူးခြားချက်တွေ အပေါ် သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် ရန်သူဘက်၊ အာဏာရှင်ဘက်က တကယ်ကို ထူးခြားပြီး မထင်မှတ်ထားတဲ့ ရန်သူတမျိုးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆို တချို့နေရာတွေမှာ တော်တော်ကို ရှေးရိုးဆန်တဲ့ စစ်တပ်တခုလို ဖြစ်နေတယ်။ သူတို့က ဒုတိယကမာ္ဘစစ်ပြီးနောက်ပိုင်း စစ်အေးတိုက်ပွဲခေတ်က စစ်တပ်တခုလိုပဲ။ ၁၉၇၀၊ ၈၀ ပြည့်နှစ် တွေက အမေရိကန်နဲ့ ရုရှားစစ်ရေး ဒေါက်ထရင်းတွေ၊ တချို့ကျပြန်တော့လည်း ဗြိတိသျှ စစ်ရေးနည်းဗျူဟာတွေကို လိုက်နာပြီး သုံးနေကြတာမျိုး ရှိပါတယ်။
တချိန်တည်းမှာပဲ သူတို့မှာ ခေတ်မီပြီးတိုးတက်တဲ့ စစ်ရေးနည်းပညာတွေကလည်း အများကြီးရှိနေပြန်တယ်။ တချို့ အပိုင်းတွေမှာဆိုရင် ကမာ္ဘပေါ်က အဆင့်မြင့်ဆုံး စစ်တပ်တွေနဲ့တောင် တန်းတူအဆင့်လောက် ရှိနေတတ်တယ်။ ဒါကြောင့် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပေါင်းစပ်မှုတခုလို့ ဆိုရမှာပါ။
တဖက်မှာ ရှေးဟောင်းဆန်၊ ခေတ်နောက်ကျနေတဲ့ နည်းဗျူ ဟာတွေသုံးနေသလို တဖက်မှာကျပြန်တော့လည်း ကြောက်ဖို့ အကောင်းဆုံး စစ်ရေးနည်းပညာအချို့ကိုပါ သုံးနေပြန်ပါ တယ်။ ဒီလိုပေါင်းစပ်မှုက ငါတို့အတွက်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီနေရာမှာ အရမ်းချစ်ဖို့ကောင်းတဲ့၊ လှပတဲ့အရာတခုရှိတယ်။ ဒီလို မတူကွဲပြားတဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရ တဲ့ အခြေအနေမှာတောင် မကြာခင်က သမိုင်းတလျောက် မြင်ဖူးခဲ့တဲ့ တော်လှန်ရေးတွေနဲ့ မတူညီတဲ့ စိန်ခေါ် မှုတွေကို ရင်ဆိုင်နေရပေမယ့်လည်း မတူကွဲပြားတဲ့ တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိနေတာကြောင့် သူတို့အကုန်လုံးက နည်းဗျူဟာသစ်တွေကို မြန်မြန်သင်ယူနိုင်ခဲ့ကြတယ်။
သူတို့ဘာသာ တိုက်ပွဲဝင်နည်းအသစ်တွေကို တီထွင်ဖန်တီးနိုင်ကြတယ်။ ဒါတွေကို အဖွဲ့အစည်းအချင်းချင်း မျှဝေသုံးစွဲပြီး မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာကြတာ မြင်ရတယ်။ ငါတို့အတွက်တော့ ဒါက တော်တော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆို ဒီနေရာကနေ သင်ယူစရာတွေ အများ ကြီးရှိနေတယ်လို့ ယုံကြည်တာကြောင့်ပါ။
မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအရှိန်အဟုန်နဲ့ တိုက်ပွဲတွေ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ လက်ရှိ အခြေအနေကိုကြည့်ရင် တော်တော်လေး အလားအလာကောင်းတယ်လို့ထင်တယ်။ မကြာခင်ကပဲ ရန်သူ့ဘက် တပ်မတော်ဘက်က သူတို့လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ တနိုင်ငံလုံး မှာ တိုက်ခိုက်မှုကြီးတွေ၊ တန်ပြန်ထိုးစစ်ကြီးတွေ ဆက်တိုက်လုပ်ခဲ့တာ မြင်ရတယ်။
ရွေးကောက်ပွဲကာလတလျောက်လုံးမှာလည်း ဒီလိုထိုးစစ်တွေကို ဆက်ပြီးထိန်းထားခဲ့တာ တွေ့ရတယ်။ အမှန်တော့ ရန်သူ့ဘက်က သူတို့ရှိသမျှ အရင်းအမြစ်အကုန်လုံးကို အဲဒီထိုးစစ်တွေထဲမှာ ထည့်သုံးသွားတာ ဒီလို အကောင်းဆုံး လုပ်သွားတာတောင် သူတို့ ပြန်ရလိုက်တာက တော်တော်ကိုနည်းတယ်။ နေရာတော်တော်များများမှာ သူတို့က ရှုံးနိမ့်နေတုန်းပါပဲ။
အခုဒီလိုအကြီးစား တန်ပြန်ထိုးစစ်နဲ့ပဲ သူတို့မှာရှိတဲ့ အရင်းအမြစ်အကန့်အသတ်ကို အားလုံးအကုန်ထုတ်သုံးနေရတာ ပန်းနေပြီလို့ ငါတို့မြင်တယ်။ ငါမျှော်လင့်တာတော့ မကြာခင် တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တန်ပြန်ထိုးစစ်ဆင်တဲ့ အခါ ဘာဖြစ်လာမလဲဆိုတာကို သူတို့မြင်ရတော့မယ်ဆိုတာ ပြောနိုင်ပါတယ်။
ရန်သူကတော့ သူတို့ရဲ့ဖဲတွေ အကုန်ထုတ်ပြ သွားခဲ့ပြီးပြီ၊ သူတို့ ဘာတွေလုပ်နိုင်တယ်ဆိုတာကို ထုတ်ပြသွားခဲ့ပြီးပြီ။ တကယ်တမ်းကျတော့ ဘာမှလည်းအထင်ကြီးစရာ မရှိဘူး။ ဒါကြောင့် ငါထင်တာတော့ ရှေ့ဆက်ရမယ့်လမ်းက အလားအလာကောင်းတယ်၊ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်တဲ့ စုန်းမလေးတွေ
Happy International women’s day ပါ
ဒီနေ့ International Women’s Day မှာ အမျိုးသမီးများအားလုံး မိမိတို့ရဲ့ဘဝကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။
အမျိုးသမီးတွေဟာ ထောင်ခြောက်လို ကန့်သတ်မှုတွေထဲမှာ မနေဘဲ မိမိတို့ရဲ့ အိမ်မက်တွေကို လွတ်လွတ်လပ်လပ် လိုက်လံရှာဖွေနိုင်တဲ့ လောကတစ်ခုကို ပိုင်ဆိုင်ကြပါစေ။
အမျိုးသမီးတွေဟာ အားနည်းသူတွေ မဟုတ်ပဲ မိမိတို့ယုံကြည်ရာအတွက် ရပ်တည်နိုင်တဲ့ အင်အားရှိသူတွေဖြစ်ပါတယ်။
ဒီနေ့က အမျိုးသမီးတိုင်းရဲ့ သတ္တိနဲ့ လွတ်လပ်ခွင့်ကို သတိရစေတဲ့ နေ့တစ်နေ့လေး ဖြစ်ပါစေ။
တော်လှန်ရေးထဲက မိန်းကလေးတစ်ယောက်ရဲ့လမ်းဟာ ကျည်ဆန်နဲ့တောင်မကဘူး —
အမြင်တွေ၊ ကြောက်စိတ်တွေ၊ မတရားမှုတွေပါ ဖြတ်ရတယ်။
အိမ်ထဲမှာ ကာကွယ်ခံရသင့်တဲ့အသက်မှာ ကျွန်မတို့ကတိုင်းပြည်ကို ကာကွယ်နေတယ်။
မငိုရဘူး၊ မအားနည်းရဘူးဆိုတဲ့ ဖိအားကြားမှာတောင် နောက်မလှည့်ဘူး။
ရဲရင့်တာက မကြောက်တာမဟုတ်ဘူး — ကြောက်နေတုန်း ဆက်လျှောက်နိုင်တာ။
ဒါကြောင့် ကျွန်မတွေဟာ စစ်သားတွေမကဘဲ မျှော်လင့်ချက်ကို ထမ်းထားတဲ့လူတွေ။
စုန်းမအဖွဲ့


Leave a Reply