ကျူးလွန်သူကို ထိရောက်စွာအရေးယူဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့ ၁၆ဖွဲ့ NUG ယာယီသမ္မထံတောင်းဆို
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာဖြစ်ပွားခဲ့တဲ့ရဲမေတစ်ဦးအား အဓမ္မပြုကျင့်ခံရတဲ့ဖြစ်ရပ်မှာသံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက ပြောပါတယ်။
NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက “ကာကွယ်ရေးဝန်ကြီးဌာန နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။သံသယတရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အမှုဖြစ်ပွားကြောင်းသိသိချင်းစစ်ဆေးမှုတွေ လုပ်နေကြောင်း အသိပေးပါတယ်။
“သံသယ တရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။အသေးစိတ်တွေကိုတော့ စစ်ဆေးမှုတွေပြီးတဲ့အခါ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ စစ်ဆေးပေါ်ပေါက်မှုအပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာ တပ်ရင်းတာဝန်ရှိသူများ ကိုယ်တိုင်အဓမ္မပြုကျင့်မှုကျူးလွန်ခြင်း၊ လူမဆန်စွာနှိပ်စက်ခြင်း၊ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုများ ပြုလုပ်ခြင်း၊ ကျူးလွန်ခံရသူမိသားစုများအား ခြိမ်းခြောက်ခြင်းစတဲ့ ဆိုးရွားစွာလူအခွင့်အရေး ချိုးဖောက်ခြင်း ကိစ္စရပ်တွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့အစည်း ၁၆ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ အားလုံးကို ပြစ်ဒါဏ်မှကင်းလွတ်ခွင့် လုံးဝမရှိစေဖို့၊ တာဝန်ရှိသူများ အဆင့်ဆင့်အား တာဝန်ယူ မှုတာဝန်ခံမှုရှိစေဖို့ ကာကွယ်ရေးဝန်ကြီးဌာမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးဖို့ အလေးအနက်ထား တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်ရမယ့်အစား လုံခြုံရေးအတွက် ပုန်းအောင်းတိမ်းရှောင်နေရတဲ့ နစ်နာသူအမျိုးသမီးနဲ့ ခင်ပွန်းကို ရောက်ရာအရပ်မှ တပ်ရင်းထံ သတင်းပို့ဖို့ တွန်းအားပေးနေမှုဟာလည်းအသက်ရှင်ရေးနဲ့ လုံခြုံရေးကိုအလေးထားထည့်သွင်းစဉ်းစားခြင်းမရှိတဲ့ လုပ်ရပ်လို့ ဖော်ပြထားပြီး အမျိုးသမီးနဲ့ မိသားစုရဲ့ဘေးကင်းလုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်ရေး အတွက် လိုအပ်တဲ့အကူအညီတွေကို NUG ကရပ်တည်ပံ့ပိုးပေးဖို့၊ကာကွယ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
အမျိုးသမီးရေးရာ အဖွဲ့ ၁၆ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲဘော်နဲ့ မိသားစု ဘေးကင်းလုံခြုံရေးအတွက် ယင်းမာပင်ခရိုင် တပ်ရင်း (၂၀)မှ တပ်ရင်းမှူးနဲ့ ကျူးလွန်သူအပေါင်းအပါတွေကို NUGသက်ဆိုင်ရာတာဝန်ရှိသူများမှ ချက်ခြင်းထိန်းချူပ် ပေးထားဖို့ ဖော်ပြထားပြီး တာဝန်အားရပ်နားထားဖို့ တောင်းဆိုထားပါတယ်။
အခု ဖြစ်ရပ်အပါအဝင် အလားတူဖြစ်ရပ်တွေကို ထိရောက်စွာ ကိုင်တွယ်နိုင်မှု အားနည်းနေလို့ စိတ်ပျက်မိကြောင်းလည်း ဖော်ပြထားပါတယ်။ဒါ့အပြင် အမျိုးသမီးနဲ့ ဂျန်ဒါတန်းတူရေးအဖွဲ့များက NUG တာဝန်ရှိသူများ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ မျက်နှာစုံညီအစည်းအဝေးပြုလုပ်လိုကြောင်းလည်း အဖွဲ့ ၁၆ဖွဲ့က တောင်းဆိုခဲ့ပါတယ်။
“အာဏာရှင်တိုက်ဖျက်ရေး ဆိုတဲ့ အမည်အောက်တွင်ပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို လက်ခံခွင့်ပြုမည်ဆိုပါက ထိုတော်လှန်ရေးသည် လွတ်လပ်ရေးနှင့် တရားမျှတရေးအတွက် မဟုတ်တော့ပါ။ တော်လှန်ရေး၏ အဓိကတန်ဖိုးများဖြစ်သည့် လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို ကာကွယ်ရမည့်အစား ထိုတန်ဖိုးများကို ချိုးဖောက်သည့် လုပ်ရပ်များကို ကျူးလွန်ခြင်းသည် တော်လှန်ရေး၏ အခြေခံရည်ရွယ်ချက်ကိုပင် သစ္စာဖောက်ခြင်းဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ဒေသတခု၊ လူတစု၊ တဦးတယောက်ရဲ့ မတရား ကျူးလွန်ခံရမှုနဲ့ အခွင့်အရေးများဟာ “တော်လှန်ရေးအကျိုးစီးပွား” ခေါင်းစဉ်အောက်မှာ မည်သို့မျှ ချန်လှပ်ထားခံရခြင်း မရှိသင့်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအကျိုးစီးပွားဟာလူထုအကျိုးစီးပွားသာ ဖြစ်ကြောင်း ဖော်ပြထားပြီး လူထုအကျိုးစီးပွားမရှိသော တော်လှန်ရေးကို လူထုကလည်းထောက်ခံမည်မဟုတ်ဟု သတိပေးထားပါတယ်။
အမျိုးသမီးတွေနဲ့ အခြားဂျန်ဒါတွေအပေါ် NUG လက်အောက်ခံ တပ်များနဲ့ အဖွဲ့အစည်းများအတွင်း မည့်သည့်အကြမ်းဖက်မှုမှ မကျူးလွန်စေရေးအတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ လိုက်နာရမယ့်အနိမ့်ဆုံးအခြေခံစံနှုန်းများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။ပြစ်ဒဏ်ပေးအရေးယူမှုများအား တားဆီးရေးအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ခြင်းများ၊ ကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရေး အကောင်ထည်ဖော်ခြင်းများလည်း ပြုလုပ်သင့်ဟု ဖော်ပြထားပါတယ်။
အမျိုးသမီးများကို လေးစားမှုရှိကြောင်းအစဉ်တစိုက် ပြသခြင်းများ ဦးဆောင်ပြုလုပ်ဖို့ လိုကြောင်းလည်း တိုက်တွန်းထားပါတယ်။




ဆက်စပ်သတင်း
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ကေ့စ် တိုင်းက တိုက်ရိုက်ကိုင်တွယ်နေ


Leave a Reply