Mm News.xyz 2026 03 09 175951

ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တဦးအပေါ် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က တောင်းဆိုလိုက်သည်။

ယနေ့ (မတ်လ ၉) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ နစ်နာသူ အမျိုးသမီးရဲဘော်အား တပ်ရင်းတာဝန်ရှိသူများက မတရားဖမ်းဆီးကာ ကျေးရွာလူထုရှေ့တွင် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း လက်ပြန်ကြိုးတုတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နစ်နာသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များအား အဓမ္မ ရေးထွင်းခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကိုပါ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလုပ်ရပ်သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ကာ ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗကသများအဖွဲ့ချုပ်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် ဒေသအသီးသီးမှ သပိတ်ကော်မတီများ အပါအဝင် အဖွဲ့အစည်း ၁၄၉ ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံ အချက် သုံးချက်ကို အလေးအနက် တောင်းဆိုထားသည်။

ကျူးလွန်သူ တပ်ရင်းမှူးနှင့် အဖွဲ့ကို တော်လှန်ရေး တရားစီရင်ရေးစနစ်ဖြင့် အမြန်ဆုံး အရေးယူရန်၊ နစ်နာသူနှင့် မိသားစုဝင်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်နှင့် နောင်တွင် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ခိုင်မာသောမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်တို့ ဖြစ်သည်။

ယခု ထုတ်ပြန်ချက်တွင် အဖွဲ့အစည်း ၁၁၉ ဖွဲ့က အမည်ဖော်ပြကာ လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသည့် အဖွဲ့အစည်း ၃၀ တို့ကလည်း ပူးပေါင်း ပါဝင်ထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *