သားဖြစ်သူကို ဖခင်ဖြစ်သူကငွေကျပ်သိန်း ၅၀ နဲ့ စစ်တပ်ထံစစ်သားသစ်လုပ်ဖို့ရောင်းစားခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့ ၊တောင်ဥက္ကလာမြို့နယ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သိန်း ၅၀ နဲ့ရောင်းစားခဲ့တာဖြစ်ပါတယ်။
“သူတို့အဖေက နောက်အိမ်ထောင်ပြုထားတာ။ အရင်အိမ်ထောင်နဲ့က သားသမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့သားလေးကအရွယ်ကောင်းလေး။ အစက မုန့်တိုက်မှာအလုပ်လုပ်တာ။ သူ့အမေကိုရှာကျွေးနေတာ။ အဲဒါကို သူ့အဖေက အပြင်မှာနေရင်ပျက်စီးမယ်၊ ဆေးသမားဖြစ်မယ်ဆိုပြီး ပိုက်ဆံနဲ့သွားရောင်းစားခဲ့တာ” လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးကပြောပါတယ်။
စစ်တပ်မှာ ရောင်းစားခံရတဲ့သားဖြစ်သူဟာ အသက် ၂၃ နှစ်ဝန်းကျင်သာရှိသေးပြီး သူ့ကိုမှီခိုနေရတဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူကို ပြန်ခေါ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်ဘူးလို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် မကြာခဏဆိုသလို အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ပေါင်းပြီး ရပ်ကွက်ထဲမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ မဲဆွယ်စည်းရုံးနေတာတွေရှိပါတယ်။
စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုပြီးတော့စည်းရုံးနေကြတယ်လို့ ရန်ကုန်မြို့ခံအချို့ကပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။
စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီးတော့လူစားထိုးမှုတွေလည်းများလာပါတယ်။
အခုလို ဖခင်ရင်းကတောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ငွေကြေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေက တော့စစ်တပ်က အဓမ္မ ဖိအားပေး စစ်မှုထမ်းခိုင်းတာကိုပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။
စစ်တပ်ကလစဥ်စစ်မှုထမ်းခေါ်တာအပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံနဲ့ ပေါ်တာဆွဲတာတွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာလုပ်နေပါတယ်။
စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ် ။
နိုင်ငံ့ရဲ့ဒေသ အများစုမှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကိုဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ် ။
(စစ်တပ်က စစ်မှုထမ်းဥပဒေနဲ့ ဖိအားပေးပြီးစုဆောင်းထားတဲ့လူငယ်တွေကို ကြိုဆိုပွဲလုပ်နေစဥ်။ ဓါတ်ပုံ-စစ်ကောင်စီ)


Leave a Reply