မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။

စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂နှစ်လောက်က တထောင်တန်ပစ္စည်းတစ်ခုက ဒီနေ့ သုံးထောင် ဖြစ်နေပြီ။တစ်သောင်းတန် တစ်ရွက်က ရှာလို့သာခက်တာ အဲဒါပိုက်ဆံနဲ့ စျေးသွားလို့မရတော့ဘူး”လို့ ရန်ကုန်မြို့နေ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အတော်လေး ဒုက္ခရောက်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကြောင့် လူပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေကို သွားနေကြရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရကာ ထိခိုက်နစ်နာတဲ့ အရပ်သားတွေ အများကြီး ရှိနေတယ်လို့လည်း UNOCHA က ပြောပါတယ်။

ဒါ့အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဟာ လုံခြုံရေး အခက်အခဲ၊ ရန်ပုံငွေ မလုံလောက်မှုနဲ့ သွားလာရေး ကန့်သတ်ချက်တွေရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံနေရတဲ့ ပြည်သူ နှစ်သန်းခွဲကျော်ကို အဓိကထား ကူညီဖို့ ပြင်ဆင်နေတယ်လို့ အသိပေးပါတယ်။

“ကုလအဖွဲ့အစည်းတွေအနေနဲ့ တကယ်အကူအညီရဖို့လိုနေတဲ့ စစ်ကြောင့် ရွှေ့ပြောင်းနေရသူတွေဆီကို ရောက်ဖို့ကြိုးစား ပေးစေချင်ပါတယ်”လို့ ကရင်နီပြည်နယ် စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စုစုပေါင်း လူဦးရေ ငါးသန်းဆီကို အသက်ကယ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ ရောက်ရှိနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၈၉၀ သန်း ရရှိဖို့ အလှူရှင်တွေကို တောင်းဆိုထားတယ်လို့လည်း UNOCHA က ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန် ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ပြည်ပငွေလဲနှုန်းတွေအပြင် ပြည်တွင်းရွှေစျေးက စံချိန်တင် ဖြစ်နေပါတယ်။

နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက် အောက်မှာ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ မြန်မာ့ငွေ ကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လိုအားမြင့်တက်လာပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာပါတယ်။

အိမ်ရှင်မတွေရဲ့ ကုန်စျေးနှုန်း ဝန်ထုတ်ဝန်ပိုး

649859662 1254999986698791 2844375785400392467 N

လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာအိမ်ရှင်မ တယောက်အတွက်”ကုန်ဈေးနှုန်း”ဆိုတဲ့ စကားလုံးဟာ အခုလောက်အထိ ရင်လေးစရာမကောင်းခဲ့ပါဘူး ။အဲ့အချိန်က အိမ်ရှင်မတွေရဲ့ နေ့စဉ်စိုးရိမ်မှုတွေက မိသားစုဝင်တွေ လုပ်ငန်းခွင်အဆင်ပြေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အနာဂတ်အတွက်သာ အဓိကရှိခဲ့ပေမယ့်၊ အခုချိန်မှာတော့ “ဒီနေ့ ဘာချက်ရမလဲ” ဆိုပြီး ခေါင်းခဲစရာဖြစ်လာတာဟာ နေ့စဥ်ရက်ဆက်ပါပဲ။ ဒီဖိစီးမှုကို မီးဖိုချောင်ဝင်ဖူးတဲ့၊ စျေးသွားဖူးတဲ့ အိမ်ရှင်မတိုင်း သိကြပါတယ်။

၂၀၂၀ ခုလောက်က ငွေ(ကျပ်)တစ်သောင်းတန် တစ်ရွက်တည်းနဲ့ ဆန်၊ ဆီ၊ အသားငါး နဲ့ ဟင်းရွက်ကန်စွန်းတွေကို အထိုက်အလျောက် ဝယ်လို့ရပြီး သင့်တင့်တဲ့ဟင်းတစ်ခွက်ကတော့ စားပွဲပေါ်တင်နိုင်ခဲ့တယ်။ အခုအခါမှာတော့ငွေ(ကျပ်)တစ်သောင်းတန်တစ်ရွက်တည်းနဲ့စျေးသွားလို့မရတော့ဘူး။ဆန်နဲ့ဆီဝယ်လိုက်တာနဲ့ ကုန်သွားပါပြီ။

အခုခေတ်ကာလမှာ အနည်းဆုံး ငွေ(ကျပ်)သုံးသောင်းလောက်ပါမှ စျေးသွားလို့ရတဲ့အခြေနေပါ။ ကြက်ဥတစ်လုံးတောင်အရင်က ၁၀၀ကျပ် လောက်ရှိခဲ့ပေမယ့် အခုအခါ တလုံးကို ၅၀၀ကျပ် ရှိနေပါပြီ။ အသားငါးတွေဆိုအစိတ်သား(၂၅ကျပ်သား)ကို (ကျပ်) ၁၀၀၀၀ အထက်မှာ ရှိနေပါတယ်။

ခရမ်းချဉ်သီး၊ ကြက်သွန်၊အာလူးတို့ဆိုရင် အရင်ကတစ်ပိဿာစျေးနှုန်းကျသင့်ငွေဟာအခုဆိုရင် အစိတ်သားစျေးပဲ ရပါတော့မယ်။ပါလာတဲ့ပိုက်ဆံလေးနဲ့ အူစိုဖို့အရေး တွက်ချက်ဝယ်နေရတာဟာ မီးဖို‌ချောင်ကို စီမံရတဲ့ အိမ်ရှင်မတွေရဲ့ အတွက်ရခက်တဲ့ နေ့စဉ်ပုစ္ဆာတစ်ပုဒ် ဖြစ်လာပါတယ်။

Mm News.xyz 2026 03 10 110747

လွန်ခဲ့တဲ့ ၅ နှစ်နဲ့ လက်ရှိအခြေအနေကြား အသိသာဆုံးကွာဟချက်ကတော့မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားတာ ဖြစ်ပြီးပြည်သူတွေကို ပိုပြီးကြပ်တည်းခက်ခဲစေပါတယ်။ ဘာကြောင့်ဆိုရင်တော့မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေး အခြေအနေဟာဒေါ်လာစျေးတက်(ကျပ်ငွေတန်ဖိုးကျ)တာ နဲ့ ကုန်စျေးနှုန်းတက်တာဟာတိုက်ရိုက်အချိုးကျနေလို့ပါ။ ဒေါ်လာစျေးတက်လာတာနဲ့ စားသောက်ကုန် လူသုံးကုန် စက်သုံးဆီစျေးတွေပါ တက်လာတာမို့ ရင်မောကြရတယ်။

နေ့စဥ်ဝင်ငွေနဲ့ လစာဝင်ငွေတွေဟာ သိသိသာသာ တိုးမလာဘဲအသုံးစရိတ်က ၃ ဆကနေ ၅ ဆအထိ မြင့်တက်လာတာက လူလတ်တန်းစားတွေကိုတောင် ဆင်းရဲတွင်းထဲကို တွန်းပို့နေသလို ဖြစ်နေပါပြီ။ မိသားစုများပြီး တရက်လုပ်အားခ ကျပ် ၁၀၀၀၀ လောက်သာရတဲ့ အခြေခံလူတန်းစားတွေအတွက် စဥ်းစားရင်းနဲ့တောင် အသက်ရှုတွေကြပ်မိရပါတယ်။

ကျန်းမာရေးအတွက် အသုံးစရိတ်တွေဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ အိမ်သုံးဆေးဝါးတွေအပြင် ရေရှည်သောက်စွဲသောက်ရတဲ့ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေဟာလည်း အရင်ကထက် ၃ဆ ကနေ ၅ဆ လောက်ထိ စျေးတက်လာပါတယ်။ ကျန်းမာရေးကိစ္စမို့ ဘယ်စျေးနဲ့မဆို ဝယ်သောက်ရမှာဖြစ်ပေမယ့် ပစ္စည်းတွေ ခဏ ခဏပြတ်တာကြောင့် အလွယ်ဝယ်လို့ရရင်ကိုပဲ ကျေးဇူးတင်နေရပါတယ်။

ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုက စက်သုံးဆီစျေးနှုန်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က စက်သုံးဆီတစ်လီတာ ကျပ်တစ်ထောင်အောက်မှာရှိခဲ့ပြီး အခုအခါ တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ရှိနေတဲ့အပြင် ကုန်စည်စီးဆင်းမှုတွေ ခက်ခဲနေတာကလည်း စားသုံးသူ ပြည်သူတွေသာ ခါးစည်းခံနေရတာပါ။ဒါအပြင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပြည်ပရင်းနှီးမြှပ်နှံမှု ၊ကုန်သွယ်မှု ​လျော့ကျလာပြီး ​ငွေ​ကြေး​ဖောင်းပွတာ ၊အ​သေးစား၊အလတ်စားလုပ်ငန်း​တွေ​လျော့နည်းလာတာ ၊အလုပ်လက်မဲ့နှုန်း မြင့်မားလာတာ၊​မှောင်ခိုလုပ်ငန်း​တွေများလာတာ၊လာဘ်​ပေးလာဘ်ယူမှု ပိုများလာတာ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေဖြစ်လာပြီး လမ်းပန်းဆက်သွယ်​ရေးပိုခက်ခဲလာတာ စတဲ့အ​ကြောင်းအရာမျိုးစုံပါဝင်ပါတယ်။

အခုလက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်လည်း စက်သုံးဆီ ပြဿနာ စတင်ရိုက်ခတ်လာပြီး တချို့လူသုံးကုန်ပစ္စည်းတွေဆို စျေးတွေ ထပ်တက်နေကြပြန်ပါပြီ။

မြန်မာနိုင်ငံမှာ ရွှေစျေးသတ်မှတ်ချက်ဟာ ကမ္ဘာ့ရွှေစျေးထက် ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းအပေါ် ပိုပြီးတိုက်ရိုက်အချိုးကျနေပေမယ့် ရွှေစျေးတွေတက်တာက အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဖို့ စိတ်မဝင်စားနိုင်ကြပါဘူး။ ဝယ်စရာလည်း မရှိသလို ရောင်းစရာလည်း မရှိကြပါဘူး။ရှိတဲ့ မူးစုပဲစုလေးတွေကလည်း ရှိတော့တန်ဆာမရှိတော့ဝမ်းစာလေးမို့ကျစ်ကျစ်ပါအောင် ဆုပ်ထားကြရတာပါ။ ရောင်းပြီးရင်လည်း ပြန်မဝယ်နိုင်ကြတော့လို့ပါ။

၂၀၂၀ခုနှစ်ကရွှေတစ်ကျပ်သားကို ကျပ် ၁,၃၀၀,၀၀၀(တစ်ဆယ့်သုံးသိန်း) ဝန်းကျင်ရှိပြီး အခုလက်ရှိချိန်မှာတော့ပြင်ပပေါက်စျေးက ကျပ် ၁၀,၀၀၀,၀၀၀(သိန်း ၁၀၀)ကျော် ရှိတာမို့ ၅ နှစ်တာအတွင်းပျမ်းမျှအားဖြင့် ၇ ဆ/ ၈ဆလောက်တက်လာတယ်လို့ ပြောလို့ရပါတယ်။လူတန်းစားတစ်ရပ်လောက်ကသာ ရွှေကို ခိုင်မာတဲ့ပိုင်ဆိုင်မှုအဖြစ် စုဆောင်းကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း မြန်မာပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အရင်ကလို ပျော်ပွဲရွှင်ပွဲတွေ၊အလှူအတန်းတွေနဲ့အနာဂတ်အတွက် စုဆောင်းတာတွေ မလုပ်နိုင်ကြတော့ဘဲ အခုလက်ရှိအတွက် ရှင်သန်နိုင်ရေးကိုသာ အာရုံစိုက်နေကြရပါတယ်။

ဝင်ငွေနဲ့ထွက်ငွေ မမျှတလို့ စိတ်ဖိစီးမှုများလာတာ၊ ကျန်းမာရေးနဲ့ပညာရေးအတွက် အသုံးစရိတ်တွေကို လျှော့သုံးရတာတွေဟာ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်ကိုပါ ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။လူနေမှုအဆင့်အတန်းမှာလည်း သိသိသာသာ နိမ့်ကျသွားတာကို တွေ့ရပါတယ်။

ကုန်ဈေးနှုန်းတက်တာဟာ ကိန်းဂဏန်းများအရ တက်ရုံတင်မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ထမင်းဝိုင်း၊ အိပ်မက်နဲ့ အနာဂတ်တွေကိုပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။အားလုံးရဲ့တရားခံဟာ အာဏာသိမ်း စစ်တပ်ပဲ ဖြစ်ပါတယ်။ ။


Leave a Reply

Your email address will not be published. Required fields are marked *