မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မနေ့က မတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။
နာရီဝက်ကျော်လောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ ကျောက်ပြားကာနဲ့ ထရံကာနေအိမ် စုစုပေါင်း ၆ လုံး၊ CZI-125 အမျိုးအစား ဆိုင်ကယ် ၂စီးနဲ့ နေအိမ်အတွင်းရှိ လူသုံးကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
“မီးကတအား များတယ်။ ကြောက်စရာကြီး။ အိမ်နဲ့နည်းနည်းဝေးသေးတာကို အပူတွေကလာဟပ်တာ။ ထိန်းနိုင်သွားလို့တော်သေးတယ်”လို့ စျေးတန်းရပ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါမီးဟာ ဖယောင်းတိုင်မီးပူဇော်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ မီးသတ်ကဆိုပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မီးစလောင်တဲ့နေအိမ်က အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမှုဖွင့်ခံရတယ်လို့ သိရပါတယ်။
မန္တလေးမြို့ဟာ နွေမပေါက်ခင်ကတည်းက မီးလောင်ကျွမ်းမှုမကြာခဏ ဖြစ်ပွားနေတာပါ။ ဒါ့အပြင် လက်တလော စက်သုံးဆီရှားပါးမှုကြောင့် နေအိမ်တွေမှာ စက်သုံးဆီတွေ သိုလှောင်နေကြတဲ့အတွက် မီးဘေးအန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။








(စျေးတန်းရပ် မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-MFSD)


Leave a Reply