စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ

ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာ အုပ်စု၊ ထဝါဒမ်းကျေး ရွာရှိ စစ်ကောင်စီအထိုင်တပ်ကို အင်အားဖြည့်တင်းနေကြောင်း သိရသည်။

ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်ရင်းလက်အောက်ခံ ထောက်ပံပို့ဆောင်ရေးတပ်ခွဲ ထပခ ၉၂၇ ကို အင်အား ၁၂၀ ခန့်ဖြင့် ခံစစ်ပြင်ဆင်ထားကာ တပ်ရင်းကို သံဆူးကြိုး နှစ်ထပ်ကာရံ၍ ဆက်သွယ်ရေးတူးမြောင်းများ၊ ကတုတ်ကျင်းများပါတူးပြီး နှစ်ထပ်ဘန်ကာများ ဆောက်လုပ်ထားကြောင်း သိရသည်။

“အင်အားဖြည့်ပြီးဘန်ကာတွေပါဆောက်နေပါတယ်။ ၂ လလောက်ရှိပြီ တပ်အင်အားတွေပါတိုးချနေတာ။ နှစ်ထပ်သံစည်းရိုးတွေပါကာထားပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ လကုန်ပိုင်းလောက်တွင် ထဝါဒမ်းကျေးရွာ အထိုင်စခန်းကို စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ခံစစ်ပြင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ယခင်က အင်အား ၅၀ ခန့်သာရှိသော ထပခ ၉၂၇ ကို အင်အားထက်ဝက်ကျော်ဖြည့်တင်းထားပြီး နှစ်ထပ် ဘန်ကာများဖြင့် လုံခြုံရေးအပြည့်ယူထားကြောင်း သိရသည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ကာ သံချပ် ကာတပ်ရင်း၊ အမြောက်တပ်ရင်းနှင့် လေဆိပ်တို့ကိုပါ သိမ်းယူထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီ၏ စကခ၂၁၊ ခလရ ၄၇ တို့အပြင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၁၀ ခုခန့်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ-အင်တာနက် (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *