Mm News.xyz 2026 03 11 105838

ကျောက်ကြီးမှာ စစ်တပ်ဖမ်းထားတဲ့လူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း PDF/KNLA ၁၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ ပြည်သူအယောက် ၃၀၀ ကျော်ကယ်ထုတ်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်လို့ တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပါတယ်။

ဒေသခံတွေကို ကယ်ထုတ်ခဲ့တာကိုတော့ မနေ့ မတ် ၁၀ ရက်နေ့မှာ တော်လှန်‌ရေးတပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ PDF အမှတ် ၂ စစ်ဆင်ရေးကနေ သတင်းထုတ်ပြန်ပါတယ်။

“ပြည်သူကို ကယ်ထုတ်တဲ့စစ်ဆင်ရေး” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ ကွပ်ကဲမှု အောက်က တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ တို့က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်လည်း ၇ ဦးအထိ ရှိပါတယ်။

စစ်တပ်ဘက်ကလည်း ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၂ စစ်ရေးနယ်မြေရဲ့ မနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျောက်ကြီးက ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ သတ်ဖြတ်တာကြောင့် အသက် ၆ နှစ်ကျော် ကလေးငယ်အပါအဝင် လူအယောက် ၃၀ နီးပါးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီရက်ပိုင်းထဲ ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်လာတဲ့ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို မြေပြင်မှာ ဝမ်းလျား မှောက်ခိုင်းတာ၊ မြေတွင်းတူးခိုင်းတာနဲ့ ရုပ်အလောင်းစုပုံထားတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

KNU ကတော့ မတ်လ ၅ ရက်က စစ်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဝင်ရောက်လာခဲ့ပြီး မတ်လ ၇ ရက် နှစ်ဖက်တိုက်ပွဲပြင်းထန်ချိန်မှာ အဲဒီရွာအုပ်စုကို စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုတွေအတွင်း အသက် ၁၆ နှစ်ကနေ ၅၀ ကျော်ပါဝင်တဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး အသက် ၁၂ နှစ်ကနေ ၅၅ နှစ်အတွင်းရှိတဲ့ အမျိုးသား ၈ ဦး သေဆုံးတယ်လို့လည်း KNU ကနဦး သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေ့ တစ်နေ့တည်းမှာပဲ ထီးပုလုရွာကို ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတွေကို ဖမ်းခဲ့ပြီး အသက် ၃၅ နှစ်ကနေ ၅၃ နှစ်ကြား အမျိုးသားတွေကို သတ်ဖြတ်ခံရတဲ့အကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ကလည်း ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ ‘လူသားများနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု’ လို့ KPSN ကပြောသလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တချို့က ကန့်ကွက်ရှုတ်ချထားကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *