မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်တက်၍ အမျိုးသမီးပရိတ်သတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်းနှင့် ကြိုက်သည့်ပုံစံဖြင့်လာရောက်ရှင်းနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ၎င်း၏လူမှုကွန်ရက်မှတဆင့် ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြောဆိုထားသည်။
“ခုကိစ္စ မောင်မောင်လွင်ဘက်က ကျနော် ရှိတယ်။ သူဒီလိုလုပ်လို့ မှန်တယ်လို့ တဖက်ပိတ် ပြောနေတာ မဟုတ်ဘူး။ Consequences သိအောင် ပြောပြတာ၊ ကြိုက်သလို လာရောက်ရှင်းလို့ ရပါကြောင်း” ဟု ဦးစိုင်းခင်မောင်အေး က ပြောဆိုထားသည်။
သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ ပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကလည်း ၎င်း၏ လူမှုကွန်ရက်တွင် “အဲဒါ ပရိသတ်လား၊ (အခုလို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့) ခေါ်ခွင့်ရှိလား၊ လူမျိုးရေးခွဲခြားလို့ကော ရလား” ဟု ပြန်လည်မေးခွန်းထုတ်ထားသည်။
သို့သော် ပွဲကြည့်ပရိသတ်အချို့ကမူ ပွဲအတွင်း ဆဲဆိုမှုရှိခဲ့လျှင်ပင် ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမျိုး မလုပ်သင့်ကြောင်း ဝေဖန်ကြသည်။
ဘောလုံးဝါသနာရှင်တဦးက “အဖွဲ့ချုပ်နဲ့ နေရှင်နယ်လိဂ်ကို တရားဝင်လက်မှတ်ဝယ်ပြီးလာကြည့်တာ။ ပြီးတော့ ဒါရပ်ကွက်ပွဲမဟုတ်လေ၊ နှစ်ဖက်အသင်းရဲ့ လုံခြုံရေးအရာရှိ ရှိတယ်။ ပွဲကြီးကြပ်ရှိတယ်။ အဲ့လိုဖြစ်စဉ်ဆိုရင် တိုင်လို့ရတယ်လေ။ ပြိုင်ပွဲတိုင်းမှာ အရပ်ဘက်နဲ့ ရဲ လုံခြုံရေးရှိတယ်။ အဲ့ဒါကိုတောင် အခုထိ သူတို့ဘက်က မှန်တယ်ထင်နေတုန်း။ သူတို့မှားတယ်မခံယူသေးဘူး” ဟု ပြောသည်။
ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့သည်။
“တကယ်လို့ ဒိုင်က မမြင်ဘူးဆိုရင်တောင် ပြိုင်ပွဲကြီးကြပ်ကနေ ဒိုင်နဲ့ဆွေးနွေးပြီး ပြစ်ဒဏ်ချရမှာ။ အဲ့လိုဖြစ်စဉ်ဖြစ်ရင် အနီကတ်က ပြကိုပြရမှာပါ” ဟု ဘောလုံးနည်းပြဟောင်းတစ်ဦးကလည်း သုံးသပ်ပြောကြားသည်။
ကိုယ်ထိလက်ရောက်ကျုးလွန်ခံခဲ့ရသည့် ပရိတ်သတ်အမျိုးသမီးကို ခရိုနီ ဦးတေဇပိုင်သည့် Y.U.S.C stadium ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ဦးစိုင်းခင်မောင်အေးက ရေးသားထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။


Leave a Reply